“သုံးဘွာ”

Posted by Black Magic | Posted in | Posted on 5:09 PM


1.
ထိုက်ကြီးတဲ့… …
နာမည်ရင်းကတော့ သန်းထိုက်...
ခင်တဲ့လူတွေက ထိုက်ကြီးလို့ ခေါ်ကြတယ်။
နောက်တော့ တအိမ်ထဲ အတူငှားနေတဲ့ ရခိုင်သားနိုင်နိုင်ကျော်နဲ့တွေ့မှ ‘သုံးဘွာ’ ဖြစ်သွားရရှာတာ။


ဘာရယ်တော့ မဟုတ်ပါဘူး၊ သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ခေါ်တာရယ်ပါ...။
ရခိုင်လို ‘သုံးဘွာ’ ဆိုတာ… မြန်မာလို အနီးစပ်ဆုံးပြောရရင် ‘ပြားကိုးဆယ်’ ပေါ့...။
ရခိုင်ပြည်နယ်ဘက်မှာ အလေးချိန်ခွင်သုံးတဲ့ ယူနစ်က ပြည်မမှာလို ပိသာ၊ကျပ်သား မဟုတ်ဘူးတဲ့    သစ် (သိုက်) နဲ့ ဘွာ ကို သုံးတယ်။

၁ သစ်မှာ ၄ဘွာ ရှိတယ်၊ 
ဒီတော့ သူပြောချင်တဲ့ သုံးဘွာ ဆိုတာ ၁သစ်မပြည့်ဘူး၊ (ကျပ်မပြည့်ဘူးလို့) ဆိုလိုတာပါ...။
ထိုက်ကြီးကလည်း နိုင်နိုင်ကျော်ကို နာမည်ပြန်ပေးထားပါတယ်… ‘နင်နင်’ တဲ့။
ထားပါလေ… အဓိကက ထိုက်ကြီး အကြောင်းပြောချင်တာပါ။
ထိုက်ကြီးအကြောင်းပြောရင် သူငယ်ငယ်က အကြောင်းပါပြောရမယ်…

2.
ဒီကောင်က ငယ်ငယ်ကတည်းက ‘ဇ’ နဲ့
ကျောင်းစ, နေပြီဆိုကတည်းက ကျောင်းပြေးပြီး ဖားရိုက်၊ ငါးနှိုက်၊ ရေကူး အကုန်လုပ်တယ်..။
အိမ်နောက်ဖေး အုန်းပင်ပေါ်က ကျီးသိုက်တက်နှိုက်တယ် ကျီးကန်းကခေါင်းလိုက်ဆိတ်လို့ အုန်းပင်ပေါ်က ကမန်းကတန်းလျောချတာ ဗိုက်တွေကို စုတ်ပြတ်လို့….
အောက်ရောက်တော့လည်း မသက်သာဘူး၊ ကျောင်းဒကာသူအဖိုး ရွာသူကြီးက ဆော်ပလော်တီးတာ နှစ်ရက်လောက် မထနိုင်ဘူးလေ....။
အဲဒါ ကျီးကန်းကလည်း အညိုးမပြေဘူး၊ သူအိမ်ထဲကထွက်ပြီဆို ခေါင်းကို လိုက်ဆိတ်တော့တာ။
ကြာတော့ အိမ်ထဲက အိမ်ပြင်ထွက်ရမှာကို ကြောက်လာတယ်… ဟိုကောင်က အိမ်ဘေး ကုက္ကိုပင်ပေါ်က ထိုင်စောင့်နေတာကိုး… …
အမယ်.. သူကလည်း ညဏ်ကြီးရှင်ရယ်...
ကျီးမျက်စေ့လည်အောင် သူ့အဖေအင်္ကျီ ဖားဖားကြီးတွေ ဝတ်ထွက်တယ်...။
ဘယ်ရမလဲ၊ ကျီးက သူ့ထက်လည်တော့ မှတ်မိတယ်၊ ရုပ်ဖျက်ပြီး တခြားတစ်ယောက်နဲ့ တွဲထွက်ရင်တောင် သူ့ဘဲရွေးဆိတ်တယ်....။
နောက်ဆုံးတော့ အိမ်ပြင်ထွက်ရင် သံဇလုံကြီးခေါင်းဆောင်း ထွက်ရတယ်
ဒါကျတော့ ကျီးက အ, ပြန်ရော၊ ကျန်တဲ့ ကိုယ်လုံးမဆိတ်ဘဲ ခေါင်းဘဲ ဆိတ်တော့ ကိုရွှေကျီးခမြာ တခါက နှစ်ခါ မဆိတ်နိုင်ဘူး နှုတ်သီးတွေ နာကုန်တာပေါ့
အဲဒီမှာ ကျီးလည်း စိတ်လျော့သွားပုံရတယ်၊ မဆိတ်တော့ဘူး၊ 
ထိုက်ကြီးလည်း ကျီးသိုက်ကို တက်မနှိုက်ရဲတော့ဘူး… …
ရန်ကုန်နဲ့လိုင်ဇာ လမ်းလျှောက်တဲ့လူမရှိဘဲ နှစ်ဘက် ငြိမ်းချမ်းရေး ရသွားတယ်....။

3.
သူတို့ရွာက သူဌေးသားတစ်ယောက် မြို့မှာ ကျောင်းသွားတက်တာ… 
မြို့ကပြန်လာရင် ဝတ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲလျှောက်လျှောက်လည်တယ်...။
ရုပ်ကစုပ်ချွန်းချွန်းနဲ့ အဝတ်သစ်အစားသစ်နဲ့ ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေဘူးရယ်… …
တွေ့သမျှလူခေါ်ပြီး မြိုမှာ ကျောင်းတက်ရတာ ဘယ်လိုအဆင့်မြင့်ကြောင်း၊ သူက စာဘယ်လိုတော်ကြောင်း၊ ဆရာဆရာမတွေက သူ့ကို ဘယ်လိုချစ်ကြောင်း ကြွားတော့တာ…
သူ့မှာ စားစရာမို့ ရှိပြီဆို ကလေးချင်းရှေ့လာပြပြီး ကြွားစားတာ… နှမြောတာလည်းအလွန်၊ ဘယ်သူ့ကိုမှလည်း ကျွေးတာမဟုတ်ဘူးရယ်....။
တရက်တော့ ဘယ်ကရလာတယ်မသိပါဘူး
တောင်ငူရွှေနီငှက်ပျောသီးကြီး တကိုင်ကိုင်နဲ့ ကလေးတွေကြားထဲ လမ်းသလားနေတယ်… စားမှာဖြင့်စားလိုက်တာ မဟုတ်ဘူး...။
လူစုံမြင်အောင် စောင့်နေတာ…
ကံဆိုးချင်တော့ ထိုက်ကြီးနဲ့ တွေ့ပါလေရော...။
“ဟာ… မင်းလက်ထဲက ဘာကြီးတုံး”
“ရွှေနီငှက်ပျောသီးကွ”
“တခါမှ မမြင်ဖူးဘူးကွာ”
“ဟုတ်တယ်၊ ဒို့ရွာမှာ မရှိဘူး”
“လှလိုက်တာကွာ…”
“ဟဲ… ဟဲ…”
“အလုံးကြီးကလည်း ကြီးလိုက်တာ…”
“ဟီး… ဟီး…”
“ဒီလောက်ကြီးတဲ့ ငှက်ပျောသီး၊ တော်တော်ငတ်ကြီးကျတဲ့ကောင်မှ တစ်လုံးလုံးကုန်အောင်စားနိုင်မှာကွ”
“ဟင်… အေး… ဟဲ ဟဲ ဟေ့ရောင်ထိုက်ကြီး၊ ရော့ ရော့ မင်း တစ်ဝက်ယူလိုက်ကွ၊ ဟုတ်တယ် ငါတစ်ယောက်ထဲ တစ်လုံးလုံး ကုန်အောင်မစားနိုင်ဘူး… ဟင်း…ဟင်း”
ထိုက်ကြီးက အဲဒီလိုမျိုး….

4.
အကြောက်အလန့်ကလည်းမရှိ၊ ရွာထဲမှာ လုပ်ချင်ရာလုပ်တာ
အဖိုးက ရှေးဆယ်ရွာသူကြီးဆိုတော့ အဖိုးအရှိန်နဲ့ ရွာကလည်း သူ့ကိုဘာမှ မပြောရှာပါဘူး
နည်းနည်းလေးအရွယ်ရလာတော့ ရွာထဲမှာ သူကြောက်ရမယ့်သူတစ်ယောက် ရှိလာတယ်…
အပျိုကြီး မဇင်ပေါ့
အပျိုကြီးကလည်း သူ့ကို ချစ်စနိုးနဲ့ စနောက်နေတာပါ
တစ်ရက် ရွာပြင်က ရေတွင်းကို ရေချိုးမလို့ထွက်အလာ မဇင်တို့အိမ်နားကအဖြတ်၊ ကံဆိုးချင်တော့ အထဲမှာ စကားကောင်းနေတဲ့ အပျိုကြီးတစ်သိုက်က သူ့ကို မြင်သွားပါလေရော… …
“ဟဲ့… မောင်ထိုက်၊ ဘယ်တုံး”
“ဟို… ရွာထိပ်ရေတွင်းကိုဗျ”
“ဒါဆိုအတော်ဘဲ၊ ကြုံတုံး ငါ့ဟာလေး ဝင်ဆွဲသွားစမ်းပါ…ဟီး ဟီး”
“ဗျာ… ဟာ.. ဘာလဲဗျ၊”
“ရေပုံးပြောတာပါ ဟဲ့၊ နင်က ဘာပြောတယ် ထင်နေလို့လဲ… ဟီး… ဟီး”
“ခင်ဗျားနော်”
အပျိုကြီးသူငယ်ချင်းတွေကလည်း ဝင်မ, တယ်… ..
“မဇင်၊ ညီးကလည်းအေ၊ သူက ဘာဆွဲချင်နေမှန်းမှမသိတာ…”
“အေး ဟဲ့ ဟီး ဟီး”
“ဟီး… ဟီး ဟီး၊ ဟား ဟား”
အဲဒီနားက မနည်းပြေးခဲ့ရတယ်
တစ်ရက်ကလည်း မဇင်တို့အိမ်က ခွေးမကြီး သားပေါက်တယ်…
ခွေးပေါက်လေးတွေ ဝဝကစ်ကစ်နဲ့ ချစ်စရာလေးတွေ
ထိုက်ကြီးကလည်း ခွေးချစ်တတ်တဲ့သူဆိုတော့ မဇင်အရိပ်အရောင်မရှိတုံး ခွေးလာကြည့်တယ်… …
မဇင်ရဲ့မောင်လေး ငတိုးက ခွေးဝပ်ကျင်းမှာ လိုက်ပြတယ်လေ… …
“အားလုံး ငါးကောင်ပေါက်တာ ကိုထိုက်ကြီးရ၊ တစ်ကောင်ကတော့ သေသွားတယ်”
“အေးကွာ၊ ချစ်စရာလေးတွေနော်”
ငတိုးနဲ့ ရောက်တတ်ရာရာ ပြောနေရင်း…. ..
“ငတိုး၊ င့ါကို တစ်ကောင်ပေးကွာ”
“ကိုထိုက်ကြီးလိုချင် အမ ယူဗျာ”
“ဟာ… မင်းအမ မဇင်ကြီးတော့ မလိုချင်ပါဘူး၊ ငါက ခွေးဘဲ လိုချင်တာ”
“ဘာဗျ၊ ကျုပ်ကလည်း ခွေးကိုပြောနေတာဗျ၊ ခွေးအထီးတော့မရဘူး၊ တစ်ကောင်ထဲပါလို့၊ လိုချင်ရင် ခွေးအမယူလို့ ပြောတာ”
“ဟင်…. ဆောတီး၊ ဆောတီးနော်”
“ခင်ဗျားကို မဇင်နဲ့ တိုင်ပြောမယ်၊ သူ့တော့မယူဘူး ခွေးဘဲ ယူမယ်တဲ့လို့”
“ဟာ… မလုပ်ပါနဲ့ ညီရေးရာ၊ ဒီတစ်ခါ ယုန်ရရင် မင်းကို တစ်ကောင်ပေးပါမယ်နော်”
“ပြီးရော”
ယုန်နဲ့လာဘ်ထိုးလိုက်လို့ မဇင်ရန်က သက်သာသွားတာ

5.
ထိုက်ကြီး တောထဲကပြန်အလာ မောမောနဲ့ ရွာထိပ်ကဇရပ်မှာ ခဏဝင်နားတယ်
ဖြစ်ချင်တော့ … ..
ရွာစဉ်လှည့်ပြီး တောင်းရမ်းစားသောက်နေတဲ့ လင်မယားနှစ်ယောက်ကလည်း အဲဒီဇရပ်မှာ ထမင်းစားနေကြတယ်.. …
ကိုယ်မကောင်းတဲ့လူတွေ ထမင်းကို ဘယ်လိုများစားကြသလဲဆိုတာ ကိုယ့်လူက ကြုံတုံးစပ်စုပါလေရော… 
ဟိုက ကိုယ်လုံးနဲ့ကွယ်နေရင် သူက စောင်းကြည့်တယ်
ဟိုက ခြေထောက်နဲ့ကွယ်နေရင် သူက ကျော်ကြည့်တယ်
ကြာတော့ မျက်စိနောက်လာတယ်နဲ့ တူပါတယ်၊ ယောက်ျားလုပ်တဲ့လူက လှမ်းမေးတယ်… …
“ဟဲ့… တောင်နေး၊ ဒီနောက်တောင် ကြည့်မနေနဲ့၊ ကျားကျင်ဝင်ကျားတွား”
“မကျားကျင်ပါပူး၊ ညွန်ကျရာကြီး”
ဟိုကပြောတာက… “ဟဲ့ ကောင်လေး၊ ဒီလောက်တောင် ကြည့်မနေနဲ့၊ စားချင်ဝင်စားသွား” လို့ပြောတာကို ကိုယ့်လူက ရိုးရိုးတန်းတန်း “မစားချင်ပါဘူး၊ ရွံစရာကြီး” လို့ မပြောဘဲ သူတို့ဘာသာစကားနဲ့ သွားပြန်ဖြေလိုက်တော့… ဟိုလူက ဒေါသထွက်ပြီး ထ နဘမ်းလုံးပါလေရာ.. ….
အို… ဒီဘက်ကကောင်ကလည်း ထိုက်ကြီးဘဲ၊ ဘာရမလဲ၊ သူတောင်းစားရော၊ ခွက်ခုတ်ရော၊ ကိုယ်မကောင်းတာရော၊ အနူရော နားမလည်ဘူး၊ ပြန်လုံးတာပေါ့…
ရွာထိပ်ဇရပ်ဘေးမှာ ခွေးတစ်စီစီ၊ ဖုန်တထောင်းထောင်းနဲ့ သူတပြန်ကိုယ်တပြန် ချနေလိုက်ကြတာ…. ………..
တဘက်ကလည်း သူကြီးမြေး၊ တဘက်ကလည်း ကိုယ်မကောင်းတဲ့ လူဆိုတော့ ဘယ်ရွာသားမှ ဝင် မဆွဲရဲဘူး
နောက်တော့မှ သူအဖိုးကိုယ်တိုင်လိုက်လာပြီး ရေနဲ့လောင်း ကြိမ်နဲ့ရိုက်တော့မှ လူခြင်းကွဲသွားတယ်… …
ပွဲပြီးလို့ ကြည့်လိုက်တော့ ကိုယ့်လူမျက်ခွက်မှာ ဖူးယောင်နေတာ
သူ့အမေက ပွစိပွစိနဲ့၊ အိမ်သားတွေကို ရောဂါကူးလိမ့်မယ်ဆိုပြီး သူ့ကို တစ်လလောက် အိမ်ထဲ အဝင်မခံဘူး…..
သူ့ခမြာလည်း အနူလက်သီးချက် မိပြီးကတည်းက ကြောင်တောင်တောင် ဖြစ်နေတော့တာရယ်… …

6.
နောက်တော့ ရွာမှာနေရင် ပြသနာပေါင်းစုံရှာနေအုံးမယ် ဆိုပြီး၊ မြို့ကအမျိုးတွေဆီပို့၊ ကျောင်းနေခိုင်းလိုက်တာ လိမ်ဖယ်လိမ်ဖယ်နဲ့ ဘွဲ့လေးတစ်ခု ရလာရှာတယ်… …
ရတဲ့ဘွဲ့ကလည်း လူနဲ့လိုက်ပါတယ်… Psychology(စိတ်ပညာ) တဲ့ 
ဘွဲ့ရပြီး ရွာကိုပြန်လာတယ်....။
ဘာအလုပ်မှလည်း မရှိတော့ ယောင်တောင်ပေါင်တောင်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားနေတာ
လျှောက်သွားတာက ကိစ္စမရှိဘူး၊ ကျောင်းက ဝယ်လာတဲ့ အင်္ကျီကြီး ဝတ်ဝတ်နေတာကခက်တာ …သူတို့မေဂျာက တီရှပ်မှာ တံဆိပ်ရိုက်ရောင်းတယ်… မေဂျာရံပုံငွေအတွက်ပေါ့..
တီရှပ်နောက်ကျောမှာက ရိုက်ထားတာက ‘စိတ်ပညာမိသားစု’ တဲ့… ဒါကပြသနာမရှိဘူး
အဲ တီရှပ်ရှေ့မှာကျတော့ လူပုံ၊ လူပုံမှာ မျက်လုံးက တဖက်ကျဉ်းတဖက်ကျယ်၊ ခေါင်းမှာက ယပ်တောင်တစ်ချောင်း ထောင်ပြီးထိုးထားတယ်၊ လည်ပင်းမှာက ဆေးလိပ်တိုတွေ နိုဆီခွက်တွေ ဆွဲထားတယ်ကဲ အဲဒီအင်္ကျီကြီးနဲ့ ရွာထဲလျှောက်လျှောက်သွားနေတော့ သူ့အဖေက စိတ်ရှုပ်လာတယ်နဲ့တူပါတယ်၊ ရွာကကောင်လေးတွေ စင်္ကာပူကိုသွားပြီး အလုပ်လုပ်ဖို့ အေးဂျင့်က လူလာစုတော့ ထည့်လွတ်လိုက်တယ်....။
ဒါနဲ့ ဒီကိုရောက်လာပြီး ‘သုံးဘွာ’ ဇာတ်လမ်းက စ, တော့တာ

7.
အလုပ်ထဲမှာဖြစ်ဖြစ်၊ အိမ်မှာဘဲ ဖြစ်ဖြစ် ထိုက်ကြီးက တစ်ယောက်ထဲ ငြိမ်ပြီး စဉ်းစားနေတာများတယ်....။
ဘာတွေ စဉ်းစားနေတာတုံးလို့ သွားမေးရင်.. …
“မင်းတို့ နားမလည်ပါဘူး၊ စိတ်ပညာဆိုင်ရာ အတွေးအမြင်တွေ စဉ်းစားသုံးသပ်နေတာပါ”…လို့ ပြန်ဖြေတတ်တယ်…
သူ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံတွေက ကျန်တဲ့လူတွေနဲ့ မတူဘူး....။
ဒီတော့… ဟိုကောင် လူရှုပ်နိုင်နိုင်ကျော်က နာမည်ပြောင် ပေးတော့တာပေါ့… …
“သုံးဘွာ” လို့…
အစ, ကတော့ ဘာကိုဆိုလိုမှန်းမသိပါဘူး၊ နောက် သိသွားတော့လည်း ပြုံးစိပြုံးစိနဲ့ စိတ်မဆိုးဘူး…. ဒီရောက်ပြီးမှ ခင်တယ်ဆိုပေမယ့် ငယ်ပေါင်းကြီးဖော်တွေလိုပါဘဲ
အဲ… နာမည်ပြောင်ပေးတာ စိတ်မဆိုးပေမယ့် နောက်တခါကျတော့ ပုံပြင်အပြောကောင်းလို့ သတ်မလို ဖြတ်မလိုတောင် ဖြစ်လိုက်သေးတယ်…
ဇာတ်လမ်းက ဒီလိုပါ… …
ထိုက်ကြီးက နားထဲမှာ ဒဏ်ရှိတယ်ပြောတယ်၊ ငယ်ငယ်တုံးက ဆော့ရင်းပြုရင်းနဲ့ နားထဲကို သံချွန်နဲ့ထိုးတာ ဘာဖြစ်ခဲ့တယ်မသိဘူး အခန့်မသင့်လို့ရှိရင် ပြန်ပြန်နာတယ်
ဒီရောက်တော့လည်း ခဏခဏ ပြန်ဖြစ်တယ်၊ နောက်ဆုံးတော့ ဆေးရုံသွားပြတာ… …
အဖြေက နားကို ခွဲစိပ်ကုသ ရမယ်တဲ့
ဆေးရုံကပြန်လာတော့ နိုင်နိုင်ကျော်ကမေးတယ်… …
“ဟေ့ရောင် သုံးဘွာ၊ မင်း နားက ဘာဖြစ်တာတဲ့တုံး”
“သိပါဘူးကွာ၊ ခွဲရမယ်ပြောတာဘဲ”
“ခု မခွဲခဲ့ဘူးလား”
“နောက် သုံးပတ်ခွာပြီး ရက်ချိန်းပေးလိုက်တယ်”
“အင်း… နားအလှု့ရှင် စောင့်တာနဲ့ တူပါတယ်”
“ဟေ့ရောင် နင်နင်၊ မင်း ဘာပြောတာလဲ၊ ငါ နားမလည်ဘူး”
“ပုံပြင်ရှိတယ်ကွ”
“ပြောပြစမ်း၊ မဟုတ်တာပြောလို့ကတော့ သေပြီသာမှတ်”
ကြိမ်းမောင်းထားတဲ့ ကြားထဲက နိုင်နိုင်ကျော်ပြောတဲ့ ပုံပြင်က… ဒီလို

8.
တခါက ……
အမျိုးသမီးတစ်ဦးရှိတယ်တဲ့
(မရိုသေ့စကားဗျာ၊ ကန်တော့ပါ၏) သူမရဲ့ အမျိုးသမီးတန်ဆာဟာ အဆမတန်ကြီးနေသတဲ့
အဲဒါကို ခွဲစိပ်ပြီး သေးအောင်ပြုပြင်ပေးဖို့ ဆရာဝန်ကို လာတိုင်ပင်တယ်…
ရှက်ကလည်းရှက်ဆိုတော့…. ဒီကိစ္စကို ဘယ်သူ့မှ မပြောဖို့ ဆရာဝန်ဆီမှာ ကတိတောင်းရှာတယ်… …
ဆရာဝန်ကလည်း ကတိပေးပြီး၊ ခွဲစိပ်ပေးဖို့ သဘောတူလိုက်တယ်… ..
ဒီလိုနဲ့ မေ့ဆေးပေးပြီး ခွဲစိပ်ဖြတ်တောက် ပြင်ဆင်လိုက်တယ်…
လူနာအမျိုးသမီး မေ့ဆေးပြယ်ပြီး ပြန်သတိရလာတော့၊ သူ့ကုတင်ဘေးက စားပွဲမှာ နှင်းဆီပန်းသုံးပွင့် ထိုးထားတဲ့ ပန်းအိုးလေးရောက်နေသတဲ့… …
ဒါနဲ့ ဆရာဝန်ကို မေးတာပေါ့… …
“ဆရာ၊ ဒီနှင်းဆီပန်းသုံးပွင့်က ဆရာပို့ထားတာလား”
“အဲဒီအထဲက တစ်ပွင့်ကတော့ ကျနော့်နှင်းဆီပါ”
“ရှင်… ဒါဆို ကျန်တဲ့ နှစ်ပွင့်ကရော ဆရာ၊ သူများတွေကို အသိမပေးဖို့ ဆရာကတိပေးထားတယ်လေ”
“မလွဲမရှောင်သာလို့ပါ”
“ဘယ်သူတွေမိုလို့ မလွဲမရှောင်သာရတာလဲ ဆရာရယ်”
“တစ်ယောက်က ကျနော့် နပ်စ်မပါ၊ ခွဲစိပ်မှုမှာ သူလည်းပါဝင်တော့ အောင်မြင်မှု အထိမ်းအမှတ်နေနဲ့ သူပို့ထားတာပါ”
“ထားပါတော့၊ ကျန်တဲ့ တစ်ပွင့်ကရောဆရာ”
“ဘေးခန်းက လူနာဆီကပါ”
“သူကရော ဘာအတွက်တဲ့လဲ”
“သူ့ နားရွက် အသစ်နှစ်ဘက်အတွက် ကျေးဇူးတင်လို့တဲ့”…. …
ကဲ… နားခွဲမယ့် သုံးဘွာ၊ ‘နင်နင်’ဆိုတဲ့ကောင်ကို သတ်မယ်ဖြတ်မယ်လုပ်တာ လွန်သလားဗျာ….

9.
သုံးဘွာ ဇာတ်လမ်းက ယင်-ယမ်နဲ့တွေ့မှ ပြတ်တော့တာ… …
ဘယ်ကရလာတယ် မသိပါဘူး
တရုတ် Taoism တွေရဲ့ အယူအဆထင်ပါရဲ့၊ Yin နဲ့ Yang ဆိုတဲ့ စာအုပ်ကို ဆရာသုံးဘွာတစ်ယောက် သည်းကြီးမည်းကြီး ဖတ်နေတာ တွေ့တွေ့နေရတယ်…
ပါးစပ်ကလည်း တွတ်တွတ်နဲ့ ပြောလိုက်၊ စာအုပ်ကုန်းဖတ်လိုက်နဲ့

10. 
အဲ တစ်ညမှာတော့ ကျနော်တို့ကို ပြောတယ်… …
“ဟေ့ရောင်တွေ၊ လောကမှာ အဖြူရှိရင် အမဲရှိရတယ်၊ အချစ်ရှိရင် အမုန်းရှိရတယ်၊ လူကောင်းရှိရင် လူဆိုးရှိရတယ်၊ အဲလို ဆန့်ကျင်ဘက်တွေရှိမှ လောကကြီးက Balance condition ဆိုတဲ့ မျှခြေ ပေါ်မှာတည်မှာကွ၊ နိုမို့ ကမ္ဘာကြီး ပျက်သွားမယ်”
အဲဒီ အယူအဆကို လက်တွေ့စမ်းသပ်အုံးမယ် ဆိုပြီး… …
ရေချိုးတယ်….
ရေပူနဲ့ အရင်ချိုးတယ်၊ ပြီးတော့ ရေအေးနဲ့ ချိုးတယ်….
အအေးဗူး ကိုကာကိုလာသောက်တယ်၊ ပြီးတာနဲ့ ကော်ဖီပူပူဖျော်သောက်တယ်
ညအိပ်တော့ သီးချင်းကို အကျယ်ကြီး ဖွင့်အိပ်တယ်
(သူ့အခန်းဖော်က အလည်ခဏပြန်သွားနေတာဆိုတော့ အခန်းထဲမှာ သူတစ်ယောက်ထဲ ထင်တိုင်းကြဲနေတာ)
သီချင်းကလည်း ခင်ညွန့်ရည် တစ်ပုဒ်၊ လေးဖြူတစ်ပုဒ်ကို ကွန်ပြူတာမှာ Play list သီးခြားလုပ်ပြီးတော့ကို ဖွင့်တာ……အပြင်းနဲ့ အပျော့ပေါ့လေ… …
ခင်ညွန့်ရည် အလှည့်မှာ လူက ပျင်းလို့အရေထွက်ပြီး အိပ်ပျော်သွားတယ်
လေးဖြူအလှည့်မှာ ငယ်သံပါအောင် အော်တော့ လန့်ဖြန့်ပြီး နိုးလာတယ်
အဲလိုနဲ့ တစ်ညလုံး အိပ်ပျော်လိုက်၊ ပြန်နိုးလိုက်၊ ပြန်နိုးလိုက်၊ အိပ်ပျော်လိုက်နဲ့ မနက်လည်း မိုးလင်းရော လူက ဘတ်လဘိုင်လိုက်ပြီး ကြောင်တောင်တောင် ဖြစ်နေရော… …
လုပ်ငန်းခွင်ထဲရောက်တော့ လူမြင်သမျှ ရယ်ရယ်ပြနေတာ… တဟီး ဟီးနဲ့
ကြာတော့ Safety officer တွေက မသင်္ကာတာနဲ့ ဖမ်းပြီး site ထဲက ဆေးခန်းပို့တယ်…
ဆေးမှုးက စစ်ဆေးကြည့်တယ်…ပြီးတော့ ဆေးတစ်လုံးတိုက်ပြီး ဆေးခန်းထဲမှာ အိပ်ခိုင်းထားလိုက်တာ နေ့တဝက်ကျိုးမှ နိုးလာလေရဲ့… …
အိပ်ရာကနိုးတော့ ဆေးမှုးက အခြေအနေကောင်းမကောင်း သူ့မျက်နှာကို လှမ်းအကဲခတ်တာ… သူက ပြန်ပြုံးပြမိပါတယ်…. ‘ရောဂါအကင်းမသေဘူး’ ဆိုပြီး စိတ်ရောဂါကု ဆေးရုံအပို့ခံရတော့တာပါဘဲဗျာ…
အဲဒီကလည်းဆင်းရော…. ဗမာပြည်ပြန်ရတော့တာပေါ့

11.
ခုတော့ ရွာပြန်ရောက်နေပြီလေ
ဖားရိုက်၊ ငါးနှိုက်၊ ရေကူးတယ်
ကျီးသိုက်တက်နှိုက်ပြီး ကျီးကန်းတွေနဲ့ ရန်ဖြစ်တယ်
ဟောင်းနွမ်းနေတဲ့ သူ့မေဂျာအင်္ကျီကြီး ပြန်ဝတ်ပြီး ရွာထဲပတ်တယ်
အပျိုကြီး မဇင်ကိုတော့ တွေ့တာနဲ့ လိုက်လိုက်ဆွဲနေလို့ ခုဆို ထိုက်ကြီးကိုမြင်ရင် နီးစပ်ရာအိမ် တက်ပုန်းနေရတယ်
တခါတလေ ရွာထိပ်ဇရပ်သွားထိုင်ပြီး သူ့ရန်ဘက်ဟောင်း ရွှေလက်သီးများ ပြန်ပေါ်လာအုံးမလားလို့ မျှော်မျှော်နေတတ်သတဲ့… ….

အားလုံး ခဏလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ
သန်၎ကို


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Powered By:

Black Magic © 2013 - All Rights Reserved.