ဝတ္တရားမပျက်

Posted by Jelly Kit | Posted in | Posted on 3:37 AM





ဝတ္တရားမပျက်

ဈေးက ပြန်ရောက်လာတာနဲ့ ဒေါ်ငွေကြည်တစ်ယောက် ဈေးခြင်းတောင်းကို င်္မီးဖိုထဲ သွားထားလိုက်ပြီး ဧည့်ခန်းထဲမှာ ခနထိုင်ပြီး အမောဖြေနေလိုက်တယ်...။ အပြင်မှာ နေက မီးထတောက်မတတ်ကို ပူနေတာမလား..။ မျက်နှာကျက်က ပန်ကာလေကလဲ အပူဓာဏ်ကို ခံနိုင်လောက်တယ်ဆိုယုံလောက်သာ စွမ်းနိုင်တာလေ..။ ယပ်ပါခတ်နေရရင် ပိုပူတော့မှာမို့ ဒီအတိုင်း ပန်ကာလေနဲ့ နားရင်း ဒေါ်ငွေကြည်တစ်ယောက် မှေးကနဲ တစ်ချက်ဖြစ်သွားတယ်.. ။ မီးဖိုထဲက အသံပလံ တစ်ချို့ကြားမှပဲ ဒေါ်ငွေကြည်တစ်ယောက် လန့်နိုးလာတယ်.. ။ ကမန်းကတန်း နာရီကို ကြည့်လိုက်တော့ ညနေငါးနာရီ..။
(သေစမ်းဟ...)
တစ်ယောက်ထဲ ရေရွတ်မြည်တမ်းရင်း ဒေါ်ငွေကြည်တစ်ယောက် မီးဖိုကို ကမန်းကတန်းပြေးရတယ်..။ ဟုတ်တယ်လေ.. ။ တစ်အိမ်လုံးစားဖို့ ညစာကို စီစဉ်ရဦးမယ်မလား..။ မီးဖိုထဲရောက်တော့မှ သက်ပြင်းချလိုက်နိုင်တယ်..။ တော်ပါသေးတယ်လေ..။ ထမင်းချက်ကြီး ဒေါ်စာဥ ရောက်နေလို့..။
(ဘုရား.. တော်ပါသေးရဲ့ မစာဥရယ်...။ ကျွန်မက နောက်ကျပြီလို့ ထင်နေတာ..)
(......................... )
တိတ်တတ်ဆိတ်ဆိတ်ပဲ သူ့ကို လှည့်ပြီး ပြုံးပြတယ်..။
(အဲ.. ဒါနဲ့ မစာဥက နေမကောင်းလို့ ခွင့်ယူထားတယ်မလား..။ ရွာခနလဲ ပြန်ဦးမယ်ဆို..။ တစ်ပတ်ပဲရှိသေးတာ ပြီးပလား...)
(... ဟုတ်.... အင်း.... ပြီးပါတယ်..)
ဒေါ်စာဥဟာ သည်လိုပါပဲ..။ စကားပြောရင် လေးလုံးပြည့်အောင် သိပ်မပြောသလို အနေလဲ အေးလွန်းတယ်လေ..။ ဒါပေမယ့် ထမင်းဟင်းချက်တဲ့နေရာမှာတော့ တော်ဝင် စားဖိုမှူးတွေ ထိုင်ငိုလောက်အောင် လက်ရာကောင်းလှသူပါ..။ နောက်ပြီး အလုပ်ကိုလဲ ဇယ်ဆက်သလို ဆက်တိုက်လုပ်သွားနိုင်သူလေ..။ အခုလဲ ဒေါ်ငွေကြည် မှေးကနဲ ဖြစ်သွားတဲ့ အချိန် တစ်နာရီသာသာလောက်အတွင်းမှာကို ဟင်းလေးမျိုးလောက် ပြီးနေပြီ..။
(ကဲကဲ.. မစာဥရယ်.. နားလိုက်ပါ..။ ပြန်ရင်လဲ ပြန်တော့.. ညနေစောင်းနေပြီ... )
(ရပါတယ်....)
(ရပါတယ်လုပ်မနေနဲ့..။ ဒီနေ့ ရောက်လာတာတောင် ကျေးဇူးတင်လှပေါ့..။ သွားလိုက်တော့ နားလိုက်တော့ မစာဥရေ..။ ခွင့်ကိုလဲ အပြည့်ခံစားပါ..။ ကျွန်မက လုပ်အားခ မဖြတ်ပါဘူး.။ တမင် နားစေချင်လို့ပါ... သွားသွား..)
(ဟုတ်.. )
ခပ်တိုတိုလေးပဲ တစ်ချက်ဖြေပြီး ဒေါ်စာဥ မီးဖိုထဲက ထွက်သွားတယ်.။ ဒေါ်စာဥသွားလိုက်တော့မှ မငွေကြည်လဲ ကျန်တာလေးကို လက်စသတ်ရင်း ထမင်းဝိုင်းကို ပြင်ရတယ်..။ သားအဖတွေ ပြန်ရောက်ချိန် နီးလာပြီမလား..။ ခူးခပ်ပြင်ဆင်လို့ ပြီးယုံရှိသေး...
(ငွေကြည်ရေ... တံခါးဖွင့်ဦးဟ... )
အိမ်ရှေ့က လင်တော်မောင် ကိုချစ်ထွန်းရဲ့ အသံကို ကြားလိုက်ရတယ်..။
(လာပြီတော်ရေ..................)
တံခါးကို ဖွင့်ပေးနေရင်း
(တော်တို့ သားအဖတွေ တော်တော်လဲ အနံ့ခံကောင်း..။ ခုပဲ ခူးခပ်ပြင်ဆင်ပြီးတာ...)
(ဖြစ်ရမယ်လေ..။ လာသား.. အဖေတို့ လက်သွားဆေးရအောင်.. ပြီးရင် ပူပူလေး လွေးကြမယ်..)
သားငယ် ပြည့်စုံအောင် လက်ကို ဆွဲပြီး မီးဖို ရေစင်ဘက်ထွက်သွားသော ခင်ပွန်းသည် ကိုချစ်ထွန်းကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးမှ ဒေါ်ငွေကြည်တစ်ယောက် တံခါးကို ပြန်ပိတ်လိုက်တယ်..။ အဲဒိနောက် မိသားစု သုံးယောက် ပျော်ပျော်ပါးပါး လက်ဆုံစားကြပါလေရော..။ ရယ်သံတွေ ဝေစည်လို့ ထမင်းဝိုင်းမှာ..။
စားသောက်ပြီးသွားတော့
(သားရေ.. အပေါ်တက် စာသွားလုပ်တော့.. )
ထူးထူးခြားခြား ထမင်းစားစားပြီးချင်း သားကို အပေါ်တက်ခိုင်းလိုက်တော့ ဒေါ်ငွေကြည်တစ်ယောက် အံ့အားသင့်သွားတယ်..။ ကိုချစ်ထွန်းမျက်နှာကို ကြည့်လိုက်တော့ လေးနက်နေတာကို တွေ့လိုက်ရတော့ အရေးကြီးတာ တစ်ခုခု ပြောတော့မယ်ဆိုတာတော့ ရိပ်မိလိုက်တယ်..။
(ငွေကြည်ရေ.. စိတ်မကောင်းစရာ ပြောရဦးမယ်..)
(ဘာလဲ တော်.. မထိတ်သာ မလန့်သာ...)
(အင်း.. စိတ်ခိုင်ခိုင်ထား.. တရားနဲ့ဖြေ... ဒီနေ့မနက် အလုပ်ကို သာဦးလာသွားတယ်...)
သာဦး... သာဦးဆိုသည်မှာ ဒေါ်စာဥရဲ့ သား...။
(အင်... သာဦးနဲ့ စိတ်မကောင်းစရာနဲ့ ဘယ်လိုလဲ ရှင်ကလဲ..)
(အင်း.. သာဥိးလာပြောတာ သူ့အမေ ဒေါ်စာဥ ဆုံးပြီတဲ့...)
(ဟင်................... ဘယ်လို)
ကြားလိုက်ရသော စကားကို ဒေါ်ငွေကြည်တစ်ယောက် မယုံလိုက်နိုင်..။
(မဖြစ်နိုင်တာ.. ရှင်ဘာတွေ လျှောက်ပြောနေတာလဲ ကိုချစ်ထွန်း...)
(အင်း.. ဒီလို ဖြစ်မယ်ဆိုတာ သိသားပဲ...။ ဒေါ်စာဥ ဆုံးရှာပြီ...။ ဒီနေ့မနက်စောစော လေးနာရီလောက်မှာ ဆုံးတယ်တဲ့..)
(ဟာ.. မပြောကောင်းတာတွေတော်..။ ရှင်ဘယ်လို ဖြစ်နေတာလဲ..)
(ဟ.. ငွေကြည်ရယ်.. လူတစ်ယောက်ဆုံးတယ်ဆိုတာ နောက်စရာမှမဟုတ်တာကွာ..)
(အေးလေ.. အဲဒါမို့ ရှင့်ကို ပြောနေတာပေါ့... ရှင် ဒီညစာ စားတာ အရသာကိုတောင် သေချာ မခံဘူးလား..)
(ဟင်.. ဘာလဲ .. ဘာဆိုင်လို့လဲ ငွေကြည်ရ...)
(ဆိုင်တာပေါ့.. ကျွန်မလက်ရာနဲ့ မစာဥ လက်ရာ တစ်ခြားဆီပဲဟာ...)
ဒေါ်ငွေကြည်ပြောမှ ဦးချစ်ထွန်း တွေကနဲ ဖြစ်သွားတယ်..။ ဟုတ်တယ်..။ ဒီနေ့ညစာလက်ရာက ဘယ်တော့မှ မရိုးနိုင်တဲ့ ဒေါ်စာဥရဲ့ လက်ရာ... ။
(ဟင်... ဒါဒါဆို... ဒီညစာက..)
(ဟုတ်တယ်..။ မစာဥ လာချက်ပေးသွားတာ..။ ကျွန်မ ဈေးက ပြန်လာပြီး မောမောနဲ့ ဧည့်ခမ်းမှာ မှေးကနဲ ဖြစ်သွားတုန်း လာချက်ပေးတာ..)
(ဘယ်လို..။ ဧည့်ခန်းမှာ မှေးကနဲ အိပ်တုန်း..။ ဒါဆို အိမ်ရှေ့တံခါး မပိတ်ပဲ မှိန်းတာပေါ့..)
ဦးချစ်ထွန်း စကားအဆုံးမှာ ဒေါ်ငွေကြည် တွေကနဲဖြစ်သွားတယ်..။
(အယ်.. ဟုတ်သားပဲ..။ ကျွန်မ သေချာ ပိတ်တယ်လေ..။ ဒါကြောင့်ရှင့်ကိုတောင်လာဖွင့်ပေး......)
စကား တစ်ပိုင်းတစ်စနဲ့ ဒေါ်ငွေကြည်ရပ်သွားတယ်.။ သူ တံခါး ပိတ်ထားတယ်ဆိုရင် ဒေါ်စာဥတစ်ယောက် ဘယ်အပေါက်ကနေ ထွက်သွားတာလဲ..။ အိမ်ထဲက ထွက်ဖို့က ဒီတစ်ပေါက်ထဲရှိတာ..။ အဲဒီတံခါးကလဲ အထဲကနေ သော့ခတ်ထားတာ..။ အပြင်ကနေ လက်လျှိုလို့မရအောင် သေချာ လုပ်ထားတာမို့ အပြင်ဘက်ကနေ ပြန်ပိတ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့တံခါး..။
(အို... ကိုချစ်ထွန်း... မစာဥ တစ်ကယ် လာသွားတယ်...)
အခြေအနေကို ဦးချစ်ထွန်းလဲ ရိပ်စားမိလိုက်တယ်.။
(ဖြစ်ရလေ...။ နေ့လည်ကပဲ ဒေါ်စာဥအိမ်ကို သွားလိုက်သေးတယ်.။ သူ့ကို ဧည့်ခန်းထဲမှာ အလောင်းတောင် စံထားပြီးပြီ...)
ဦးချစ်ထွန်း စကားအဆုံးမှာတော့ ဒေါ်ငွေကြည့် မျက်ဝန်းအိမ်မှာ မျက်ရည်တွေ စီးကျလို့ လာတော့တယ်..။
(မစာဥရယ်..................................)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.