လွမ်းငွေ့ဝေဝေ

Posted by Jelly Kit | Posted in | Posted on 6:30 PM





လွမ်းငွေ့ဝေဝေ

ကြည်ပြာတစ်ယောက် လေးလေးကန်ကန်လျှောက်နေမိသည်...။ ဟုတ်သည်..။ သူ အိမ်မပြန်ချင်...။ သူအခုပြန်ရမည့်အိမ်သည် သူတို့ မကြာခင်ကမှ ပြောင်းလာခဲ့သော တိုက်ကြီး၏ ဆယ့်သုံးလွှာမှာဖြစ်သည်..။ ဆယ့်သုံးဆိုသော ဂဏန်းကို ကြည်ပြာ မနှစ်မြို့နိုင်...။ အခန်းနံပါတ်ကလဲ ၁၃-၁၃၁၃ တဲ့... တိုက်တိုက်ဆိုင်ဆိုင်..။ တော်သေးသည်..။ တိုက်နံပါတ်က ဆယ့်သုံးမဟုတ်နေတာ..။ ဒါပေမယ့် ကြည်ပြာ အလုပ်လုပ်နေသော နေရာနှင့်တော့ ဆယ့်သုံးဂိတ်တိတိ ကားစီးရသည်..။ သူမုန်းသော ဆယ့်သုံး ဂဏန်းတွေ ကြီးစိုးနေသော ဒီနေရာကို ပြောင်းလာသော အဖေတို့ကိုလဲ သိပ်မကျေနပ်ချင်..။ တစ်ကယ်တော့ ဒီအိမ်ခန်းလေးသည် သူတို့ လို သုံးယောက်သာရှိသော မိသားစုလေးအတွက်တော့ အသင့်တော်ဆုံးပါ..။ အိပ်ခန်းနှစ်ခန်း၊ မီးဖိုနှင့် ဧည့်ခန်း..။ ကြည်ပြာ့မိဘတွေကတော့ အိပ်ခန်းမကြီးမှာ အိပ်ပြီး သူကတော့ သာမာန်အိပ်ခန်းလေးထဲမှာ အိပ်စက်ရသည်လေ..။
ဒီလောက် ဖြေးဖြေးဆေးဆေး လျှောက်နေတာတောင်မှ တိုက်အောက်သို့ ဘယ်လိုရောက်လာသည်မသိ..။ ကြည်ပြာတစ်ယောက် သက်ပြင်းမောကို ရှိုက်လိုက်ရင်း ဓာတ်လှေကားခလုပ်ကို နှိပ်လိုက်သည်..။ ည ခုနစ်နာရီကျော်ကျော်ပဲရှိသေးပေမယ့် အေးဆေးသော ရပ်ကွက်မို့ထင်သည် လူသွားလူလာ တိုက်နားတစ်ဝိုက်မှာ ကြိုကြားကြိုကြားသာတွေ့ရသည်..။ ကားလမ်းမနှင့် ဝေးရာ အတွင်းပိုင်းကျနေတာတစ်ခုကတော့ ကြည်ပြာ့ကို စိတ်ဖြေဖျောက်ပေးနိုင်ရာ တစ်ခုတည်းသောအချက်ဖြစ်လို့နေသည်လေ..။ ဓာတ်လှေကားမှ နံပါတ်တို့ လျော့ကျလာသည်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်..။ စိတ်ထဲမှာတော့ ဓာတ်လှေကား ဆင်းလာတာ တအားမြန်တာပဲဟု စိတ်ချဉ်ပေါက်စွာ တွေးနေမိသေးသည်..။ အတွေးမှ မဆုံးသေး.. တစ်တီးတီး မြည်သံနှင့် တံခါးနှစ်ချပ်က ပွင့်လာသည်..။ သက်ပြင်းတစ်ချက်ကို ချရင်း မဝင်ချင်ဝင်ချင်နှင့် ဝင်လိုက်သည်..။ ဓာတ်လှေခါး တံခါးတို့ပြန်ပိတ်စ ပြုချိန်မှာ ပြေးလာသော လူရိပ်ကို တွေ့လိုက်ရ၍ တံခါးပြန်ဖွင့်ပေးလိုက်သည်။ သူနှင့်မတိမ်းမယိမ်းလောက်ရှိမည့် ကောင်လေးတစ်ယောက်ဝင်လာသည်။ ကျန်းမာရေးတော့ သိပ်ကောင်းပုံမရ..။ အသားရေက သွေးမရှိသလို ဖြူစွတ်နေသည်။ စကားပြောချင်စိတ်မရှိတာမို့ ကိုယ့်အလွှာနံပါတ်ကိုနှိပ်ပြီး နောက်ဆုတ်ပေးလိုက်သည်။ ထိုကောင်လေးက နံပါတ်ကို တစ်ချက်လှမ်းကြည့်ပြီး ရှေ့တူရှုကိုသာ ပြန်ကြည့်နေသည်။
ဘာရည်ရွယ်ချက်မှမရှိပဲ ကြည်ပြာ ထိုကောင်လေးကို ခြေဆုံးခေါင်းဆုံး ခိုးကြည့်မိသည်။ အရပ်က ခြောက်ပေနီးနီးရှိပြီး သာမာန် ကိုယ်လုံးကိုယ်ထည်မျိုးဖြစ်သည်။ အထူးခြားဆုံးမှာ ထိုကောင်လေး၏ မျက်ဝန်းတွေဖြစ်သည်။ မှိုင်းညို့ရီဝေနေပြီး ဘာကြောင့်မှန်းမသိ တစ်ခနလေး မြင်လိုက်ရတာတောင် ကြည်ပြာ့စိတ်တွေ ဝမ်းနည်းချင်သလိုဖြစ်သွားရသည်။ သုံးသပ်လို့မှ မဆုံးသေး ဓာတ်လှေကားက ဆယ့်သုံးလွှာမှ ရပ်သွားသည်။ တံခါးဖွင့်တော့ ကြည်ပြာ ခပ်သွက်သွက် ဦးအောင်ထွက်မိသည်။ ဘာကြောင့်မှန်းတော့မသိ... ခိုးကြည့်ချင်သလိုဖြစ်လာ၍ အသာလေး နောက်သို့ ငဲ့စောင်းကြည့်လိုက်တော့ ဓာတ်လှေခါးရှေ့မှာရပ်ပြီး သူ့ကိုရပ်ကြည့်နေတာကို တွေ့လိုက်ရသည်။ မျက်လုံးချင်းအဆုံ ထိုကောင်လေးက နှုတ်ခမ်းလေးတွန့်ယုံ ပြုံးပြပြီး သူနှင့်ဆန့်ကျင်ဘက်ကို လျှောက်သွားသည်။ ကြည်ပြာတစ်ယောက် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး အခန်းဆီသို့ ခပ်သုတ်သုတ်လျှောက်မိသည်။ အိမ်ထဲဝင်ပြီး တံခါးပြန်မပိတ်ခင် ကြည့်ဖြစ်အောင် ကြည့်မိသေးသည်။ ထိုကောင်လေးသည် သူတို့အခန်းနှင့် မျက်နှာချင်းဆိုင် ဟိုဘက်အဆုံးက အခန်းထဲကို ဝင်သွားတာကို တွေ့လိုက်ရသည်။ ကြည်ပြာတစ်ယောက် ပြောင်းလာကတည်းက ခေါင်းကြီးငုံ့ပြီး ပတ်ဝန်းကျင်ကို မျက်စိမကစားပဲ သွားနေတတ်သူမို့ ဘယ်သူ ဘယ်အခန်းမှာရှိနေသည်ကိုပင်မသိ..။ အခုတော့ သူ့မှာ စောင့်ကြည့်စရာ ကောင်လေးတစ်ယောက် ရသွားခဲ့ပြီ..။ ဘာကြောင့်မှန်းမသိ.. ကျေနပ်သလိုဖြစ်သွား၍ ပြုံးမိသည်။ ဘယ်အချိန်ကတည်းက နောက်မှာရောက်နေမှန်းမသိသော အမေ့ထံမှ..
“အမယ်မယ်.. သမီးလေး ဒီရောက်ကတည်းက ပြုံးတာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်...၊ ဘာတွေ သဘောကျလာတာလဲ..”
လူမိသွား၍ ကြည်ပြာ ရှက်အားပိုသွားမိသည်။
“အာ.. အမေကလဲ ပြုံးလို့မရဘူးလားဗျာ....”
“အေးပါ အေးပါ.. ပြုံးပါအေ.. အမေ့သမီးလေးက ပြုံးနေတော့ အရမ်းချစ်ဖို့ကောင်းလွန်းလို့ပါ...”
“သမီးအဝတ်လဲလိုက်ဦးမယ်.... အမေ...”
“အေးအေး...”
အမေ့ကို စကားစမြန်မြန်ဖြတ်ပြီး အခန်းထဲ ဝင်လာရသည်..။ မဟုတ်ကမလွယ်.။ အမေ့ သွယ်ဝိုက်မေးခွန်းတွေအောက်မှာ သူ ဘယ်လို နေရမည်မသိ..။ ကိုယ့်ကိုယ်ကို တစ်ခြားနေ့ကနဲ့မတူ သွက်လက်နေတာကိုတော့ ကြည်ပြာ သတိထားမိသည်။ မှန်တင်ခုံမှာ ကိုယ့်ကိုယ်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး သီချင်းလေးတစ်အေးအေးဖြင့် ရေမိုးချိုးဖို့ လုပ်နေမိသည်။ ရေမိုးချိုး၊ ညစာစား၊ တောင်တောင်အီအီလုပ်ရင်း အချိန်တွေက ဘယ်လို ကုန်သွားသည်မသိ..။ ညအိပ်ချိန်ရောက်တော့ ဓာတ်လှေကားထဲမှာ မြင်ခဲ့ရသော ဆန့်ကျင်ဘက်ကမ္ဘာစွန်းမှ ကောင်းလေးမျက်နှာကို ပုံဖော်နေရင်း ကြည်ပြာအိပ်မောကျသွားခဲ့သည်။

xxxx xxxx xxxx xxxx

ဒီနေ့တော့ ထူးထူးဆန်းဆန်း နိုးစက်မမြည်ခင် ကြည်ပြာတစ်ယောက် အိပ်ယာက နိုးထလာသည်။ မနက်တိုင်းလုပ်နေကျ ထပြေးဖို့ ပြင်ရပြန်သည်။ မနက်တိုင်း ပြေးနေကျ။ ဒီအိမ်ကိုပြောင်းလာတော့ အိမ်နှင့်မလှမ်းမကမ်းမှာရှိသော ရေလှောင်ကန်ကြီးနှင့် ပန်းခြံထဲတွင် ပြေးဖြစ်သည်။ ကန်ကို ဖြတ်၍ တိုက်လာသော လေနုအေးကို ရှူရှိုက်ရင်းပြေးရတာ အရသာတစ်မျိုး...။ ဓာတ်လှေကားနှင့်မဆင်းခင် ကောင်လေး၏အခန်းဘက်သို့ မသိမသာ မျက်စိစွေကြည့်မိသေးသည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေနှင့် အိပ်မောကျနေသူတွေထဲမှာ နှစ်သက်စွာ ပျော်ဝင်နေစဲဖြစ်မည်ထင်သည်။ နားကြပ်ကို နားပေါက်ထဲထိုးထည့်လိုက်ပြီး ကြည်ပြာတစ်ယောက် ကန်ဆီကို ဦးတည်ပြေးလာမိသည်။ လမ်းပေါ်ရောက်တော့ သူ့လို ကျန်းမာရေးကို လိုက်စားသူတွေနှင့် လမ်းမကြီးမှာ ဟိုနားတစ်ယောက် ဒီနားတစ်ယောက်ဖြင့် အသက်ဝင်နေသည်။ ကြည်ပြာကတော့ သူပြေးနေကျ လမ်းကြောင်းလေးအတိုင်း သီချင်းသံလေး တစ်ငြိမ့်ငြိမ့်ကိုနားဆင်ကာ ပြေးနေမိသည်။ ကန်ဘောင်ပြေးလမ်းအတိုင်း ပြေးနေရင်း ဘေးနားမှာ ခြေသံတွေလိုလို ကြားလာရသဖြင့် အသာလေး ငဲ့စောင်းကြည့်လိုက်တော့ မနေ့ကကောင်လေး..။ အရင်နေ့တွေက ပတ်ဝန်းကျင်ကို သတိမထားပဲ ကိုယ့်ဈာန်နှင့်ကိုယ်ပြေးနေ၍ မမြင်မိတာလားတော့မသိ..။ ဒီပတ်ဝန်းကျင်မှာ မမြင်ဖူးဘူးလို့တော့ထင်သည်။ အသစ်ပြောင်းလာတာလဲ ဖြစ်နိုင်သည်ပဲ..။ မနေ့က မျက်နှာချင်းဆိုင် တွေ့ဖူးတာကတစ်ကြောင်း၊ တစ်လွှာထဲနေသည့် အိမ်နီးချင်းဆိုသောအသိကတစ်ကြောင်း၊ ကိုယ်တိုင်လဲ ဘာမှန်းမသိ စိတ်ဝင်စားမိတာကြောင့်တစ်ကြောင်း ကြည်ပြာ အသာလေး ပြုံးပြ နှုတ်ဆက်မိသည်။ ကောင်လေးဆီမှ ထုံးစံအတိုင်း နှုတ်ခမ်းလေး တွန့်ယုံ အပြုံးနှင့် သူ့ကို ပြန်လည်အသိအမှတ်ပြုတာ တွေ့ရသည်။
တစ်ယောက်နှင့်တစ်ယောက် စကားမဆိုမိပဲ ဆက်ပြေးနေရင်း ကြည်ပြာ ကောင်လေး၏ သက်လုံကိုတော့ လေးစားသွားရသည်။ လူပုံကြည့်တော့ ဖြူဖျော့ဖျော့လေး။ အခု ကြည်ပြာတောင်မှ အသက်ရှူမြန်စပြုလာသည့်အချိန်မှာတောင် သူက အနေအထားမပြတ်.. ။ တိတ်ဆိတ်မှုကို ကြည်ပြာမှ မနေနိုင်စွာ စဖြိုခွဲလိုက်သည်။
"Hi"
ကောင်လေး လှည့်ကြည့်လာတော့..
"Are you new in our Block? I cannot recall seeing you in our flat."
သူ့ရင်ကို တစ်မျိုးဖြစ်စေတတ်လွန်းသည့် ထိုအပြုံးလွှလွှဖြင့် ကောင်လေး စကားပြန်လာသည်။
“ကျွန်တော် ... လူသစ်မဟုတ်ပါဘူး..။ ကျွန်တော့နာမည် ထက်ကောင်းပါ..။ နေထက်ကောင်းပေါ့ အပြည့်အစုံကတော့..”
ကြည်ပြာတစ်ယောက် ရုတ်တရက် ဆွံ့အသွားရသည်။ ကြည့်လိုက်ရင် မြန်မာတစ်ယောက်လို့ မထင်ရ..။
“ဟို... ဟုတ်... ကြည်ပြာ့ကို မြန်မာမှန်း ဘယ်လိုသိတာလဲ... ”
“မကြည်ပြာတို့ ပြောင်းလာတဲ့နေ့ကတည်းက ကျွန်တော် တွေ့နေတာပဲ...”
“ဟုတ်... အဲ... ဘယ်လိုလုပ် ကြည်ပြာ့နာမည်ကို သိနေတာလဲ..”
“ဗျာ... ခုနကပဲ မကြည်ပြာက ကြည်ပြာ့ကို မြန်မာမှန်း ဘယ်လိုသိတာလဲ လို့မေးတယ်လေ...”
“ဟယ်... ဟုတ်လား.. အဲ့လိုမေးမိတာလား... ”
ကြည်ပြာတစ်ယောက် နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းငုံ့သွားမိသည်။ သေစမ်း. မိကြည်ပြာ...။
“ကျွန်တော့ကို ထက်ကောင်းလို့ပဲ ရင်းရင်းနှီးနှီးခေါ်နိုင်ပါတယ်..။ ကျွန်တော်လဲ မကြည်ပြာကို ကြည်ပြာလို့ပဲခေါ်မယ်လေ.. အိမ်နီးချင်းတွေပဲ .. ရတယ်မလား..”
“အဲ... ရပါတယ်.. ကိုထက်ကောင်း..”
ထို့နောက်တွင်တော့ ဘာစကားမှ ဆက်မပြောဖြစ်ပဲ အိမ်သို့သာ ပြန်လာဖြစ်သည်။ ထိုနေ့အလုပ်သွားတော့ ကြည်ပြာတစ်ယောက် သာမာန်ရက်တွေထက် တက်ကြွပြီးလုပ်နေသဖြင့် လုပ်ဖော်ကိုင်ဖက်တွေကတောင် မေးယူရသည်။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တော့လဲ မရိုးမသားစိတ်ထက် ရင်းနှီးခင်မင် သံယောဇဉ်တွယ်တာစိတ်တွေက ပိုများနေတာကိုလဲ သတိထားမိသည်။ သွေးသားရင်းတစ်ယောက်လို တွယ်တာမိနေသည်။ ကြည်ပြာ သက်ပြင်းမောလေးရှိုက်မိသည်။ အခုမှ တွေ့တာ နှစ်ရက်ပဲ ရှိသေးသူအပေါ် ဘာလို့ တွယ်တာမိနေမှန်းလဲ နားမလည်နိုင်တော့..။ နေထက်ကောင်းဆိုသူထံမှ အန္တရာယ်အငွေ့အသက်ကို ရမနေတာတော့ သေချာနေလွန်းသည်။ သေချာတာတစ်ခုကတော့ ခါတိုင်းနေ့လို အိမ်ပြန်ဖို့ အချိန် သိပ်ဆွဲမိတော့မှာမဟုတ်တော့တာကိုပင်ဖြစ်သည်။

xxxxxxxxxx xxxxxxxxxxxx xxxxxxxxxxxxxxx

“အင်း... ဘာလိုလိုနဲ့ ကျွန်တော်တို့ ခင်တာ တစ်လတာင်ပြည့်ပြီနော်...”
“ဟုတ် ကိုထက်... ကြည်ပြာလေ.. အစက အဲဒီတိုက်မှာ အထီးကျန်တော့မယ် မှတ်နေတာ..”
“ဒီလိုပါပဲ ကြည်ပြာရယ်.. လူဆိုတာ တစ်ယောက်ထဲ နေတတ်အောင် ကြိုးစားထားရင် ပိုကောင်းတယ်..”
“ဘာလို့လဲ ကိုထက်ရဲ့..”
“တစ်ခါတစ်လေမှာ မထင်မှတ်ပဲ ကိုယ့်ဘဝထဲကနေ ကိုယ်အလေးထားတဲ့သူတွေ ပျောက်ကွယ်သွားရတာပဲမလား..”
“အာ.. အဲဒါကြီးတွေ မပြောနဲ့ကိုထက်ရာ.. ကြည်ပြာတော့လေ.. ကြုံခါမှကြုံပဲ... အပျော်တွေကို အဲလို စိတ်ဆင်းရဲစရာအတွေးတွေနဲ့ မရောထွေးပစ်ချင်ဘူး..”
“အေးပါ...အေးပါ...။ ဒါပေမယ့် ကြည်ပြာလဲ စိတ်ထဲမှာတော့ ပြင်ဆင်ထားပေါ့..”
“ဘာကိုလဲ ကိုထက်ရ...”
“သြော်... ဒီလိုပါပဲ .. တစ်ခါတစ်လေ ခွဲခွာခြင်းက မလိုချင်လဲ သတ်မှတ်ပြီးသားလိုဖြစ်နေတာမျိုးကိုး...”
“အာ.. ဘာတွေလဲ ကိုထက်ရာ..”
“ကြည်ပြာ့ကိုမေးမလို့.... မေးကြည့်တာနော်... တစ်ကယ်လို့ ကိုထက်မရှိတော့ဘူးဆိုရင် ကြည်ပြာဒီမှာ ဘယ်လိုဆက်နေမှာလဲ..”
ရုတ်တရက် မဖြေနိုင်သေးပဲ ကြည်ပြာ နေထက်ကောင်းကို ငေးကြည့်နေမိသည်။ စတာလား အတည်လား ဘာမှ အရိပ်ကိုဖမ်းမရနိုင်..။ ဒီလိုပဲ စကားပြောတိုင်း နေထက်ကောင်း၏ ခံစားချက်တို့ကို ဖမ်းလို့ကိုမရ..။ အမျိုးအမည်မသိ လွမ်းမောမှုတွေနှင့်သာ အဆုံးသတ်ရသည်ချည်း..။
“ဘယ်လိုလဲလို့ ကြည်ပြာ..”
“ကြည်ပြာ့ဘဝ အရင်ကထက် ပိုပြီး ခြောက်သွေ့သွားမှာတော့ သေချာတယ်...”
“အဲလို ဖြစ်လို့မရဘူးလေ ကြည်ပြာရ...”
“အာ... ဘယ်လို ထိန်းလို့ရမှာလဲ.. ကြည်ပြာ့မှာ ကိုထက်ပဲ ရှိတာ. ကြည်ပြာ ဘယ်သူ့ကိုမှ ရင်းရင်းနှီးနှီးမပေါင်းတော့တာ ကြာခဲ့ပြီလေကိုထက်..။ ကြည်ပြာ့ ယုံကြည်မှုတွေကို ဝိုင်းပြီး တစ်ပတ်ရိုက်သွားကတည်းက ကြည်ပြာ လူတွေကို မပေါင်းချင်တော့တာ..”
“အင်း... ကိုထက်သိတယ်လေ..။ ဒါပေမယ့် ကိုထက်ပြောဖူးသားပဲ..။ ကိုယ်ခံဖူးတာက ကိုယ့်အတွက် သင်ခန်းစာအနေနဲ့ သုံးပြီး လူတွေကို လေ့လာပေါင်းသင်းတဲ့အခါ ပိုပြီး ကြည့်တတ်မြင်တတ်အောင် နေလို့...။ အဲလိုမှပဲ ကြည်ပြာ့ဘဝ စိုပြည်မှာပေါ့..”
“အာ.. ကိုထက်ကိုတောင် မြင်မြင်ချင်းခင်သွားလို့တာ.. သွေးသားရင်းလို ခံစားမိလို့သာ စကားပြောတာ... မဟုတ်ရင် လှည့်တောင်မကြည့်ဘူး..”
“အင်းပါ.. သိပါတယ်.. ဓာတ်လှေကားထဲ တူတူစီးဖူးမှပဲ ကြည့်ဖော်ရတာ မြင်ဖော်ရတာ..။ မဟုတ်ရင် ဘေးကဖြတ်သွားတာတောင် ကြည်ပြာက သိတာမဟုတ်ဘူး..”
“အင်း.. ကြည်ပြာကအဲလိုပဲ..။ ဒါနဲ့ ကိုထက်ကို ပြောဦးမယ်..။ ဘာပဲဖြစ်ဖြစ် ကြည်ပြာ့ကို အဲလိုထပ်မမေးနဲ့..။ ကိုထက် ကြည်ပြာ့ကို ထားချင်ရင် ထားသွားလိုက်..။ အဲဒီတစ်နေ့မှပဲ ကြည်ပြာ ခံစားလိုက်မယ်..။ အခုကတည်းက ဝေးနိုင်တယ်ဆိုတဲ့အသိတွေနဲ့ ကြည်ပြာ့ကို မရက်စက်ပါနဲ့..။ ကြည်ပြာ ဒီအတိုင်းလေး ပျော်ပျော်နေချင်တယ် ကိုထက်ရာ..”
“အေးပါ... ဒါပေမယ့် ကြည်ပြာ့ကို ကြိုးစားစေချင်တယ်... ကိုထက်ပြောခဲ့တာတွေကလဲ ကြည်ပြာ့ဘဝအတွက်ပါ..”
“အေးပါဆိုနေကွာ.. တော်တော့ကွာ.. ကိုထက်... ကြည်ပြာ အပေါ်တက်တော့မယ်...”
“အင်းအင်း...”
စိတ်တော့ နည်းနည်းညစ်သွားရသည်။ နေထက်ကောင်းတစ်ယောက် ဘာတွေ လာပြောနေမှန်း ကြည်ပြာမသိ..။ သေချာတာတော့ နေထက်ကောင်းကို အကိုရင်းတစ်ယောက်လို တွယ်တာမိနေပြီဖြစ်သည်။ အဆုံးရှုံးမခံနိုင်..။ အခန်းထဲသို့ ဝင်ဖို့အလုပ်...
“သမီး.. ဘယ့်နှယ်.. တစ်ရက်တစ်ရက် အောက်က ပန်းခြံမှာ ဘာသွားထိုင်ထိုင်လုပ်တာလဲ...”
“ဒီလိုပါပဲ လေညှင်းခံတာ.. ”
“အင်.. ထူးထူးဆန်းဆန်းအေ..အမေတို့အထပ်က ဆယ့်သုံးလွှာပါ.. လေတိုက်တာမှ ဆင်တောင် ကြိုးနဲ့ချည်ထားမှ အိမ်မှာ မြဲမယ့်အပေါက်...။ ဒါတောင် အောက်မှာ လေညှင်းဆင်းခံတယ်.. အံ့ပါ့အေ..”
“အမေကလဲ ပြောလိုက်ရင်လေ... ”
“အေးအေး ..သွားသွား .. ခနနေရင် ညစာစားတော့မယ်.. ညည်းအဖေက ပြန်မလာနိုင်သေးဘူး..။ ဟိုဘက်အခန်းက အသည်းအသန်ဖြစ်နေတဲ့ လူနာကို သွားကြည့်နေတာတဲ့..”
“ဟုတ်လားအမေ.. ဒါနဲ့ ဘာဟင်းလဲ..”
“သမီးကြိုက်တဲ့.. ကြက်သည်းကြက်မြစ်ပြုတ်ကြော်... နောက်ပြီး ခရမ်းချဉ်သီးထောင်း.. နောက်ပြီးတော့ ငါးရံ့အူချက်..”
“အားပါးပါး.. အဲဒါကြောင့် မေကြီးကို ချစ်တာဗျ...”
အမေနားကပ်ချွဲလိုက်ရင်း ခုနက ညစ်နေသောစိတ်တွေကို ဆေးကြောလိုက်သည်။ အဖေကလဲ ချက်ချင်းပြန်မလာ၍ ညစာကို သားအမိနှစ်ယောက်ထဲ စားလိုက်သည်။ ထိုည ညတော်တော်နက်မှ အဖေပြန်လာတာကို သိသည်။ အိပ်နေပြီမို့ ထပြီး မေးမနေတော့..။ ညတော်တော်နက်သည်အထိ အဖေနှင့်အမေ မအိပ်သေးတာကိုတော့ သိသည်။ တီးတိုး စကားသံတွေကို နားထောင်ရင်း ကြည်ပြာတစ်ယောက် အိပ်ပျော်သွားသည်။

xxxxxxxxx xxxxxxxxx xxxxxxxxxxxxxx

“သမီးလေး.. သမီးလေး... နေမကောင်းဘူးလား.. အခုချိန်ထိအိပ်နေတယ်...”
အခန်းအပြင်ဘက်မှ ဆူညံသံများကြောင့် ကြည်ပြာ လန့်နိုးလာသည်။ မီးမထွန်းရသေးပဲ လင်းနေသောကြောင့် မနက်လင်းနေပြီဆိုတာ သိလိုက်သည်။ အလန့်တကြား နာရီကောက်ကိုင်ကြည့်လိုက်တော့ မနက် ခုနစ်နာရီ ခွဲတော့မည်..။ အိပ်ယာမှ လူးလဲထရင်း နိုးစက်ကို ကိုင်ကြည့်လိုက်သည်။ နိုးစက်က ဘယ်လိုလုပ် ဓာတ်ခဲအားကုန်သွားသည်မသိ..။ ဒီနေ့မနက်တော့ ထမပြေးရတော့..။ နေထက်ကောင်းတစ်ယောက်ထဲ ဖြစ်နေတော့မည်။ ကိုယ်လက်သန့်စင်တာကို ခပ်သွက်သွက်လေးလုပ်ပြီး အဝတ်အစားလဲကာ မနက်စာစားဖို့ပြင်ရသည်။
“သမီး နေမကောင်းဘူးလား..”
“ကောင်းပါတယ်အမေ... နိုးစက်က ဓာတ်ခဲကုန်သွားတာ..”
“သြော်... အဲ.. အရင်က နိုးစက်မမြည်ခင် သမီးနိုးနေကြပဲဟာကို...”
“ဟုတ်တယ်အမေရ.. ဒီတစ်ခါ နာရီဓာတ်ခဲနဲ့ လူဓာတ်ခဲ ရောကုန်သွားတယ်ထင်တယ်...”
“ဟားဟား ဖြစ်ရမယ်သမီးကတော့..”
“ဒါနဲ့ ဖေဖေရော...။ မနက်အစောကြီး မနက်စာမစားပဲ ဘယ်သွားလိုက်တာလဲ...”
“ဟိုဘက်အခန်းမှာသမီးရေ..။ စိတ်မကောင်းစရာပဲ..။ အဲဒီလင်မယားမှာ သားတစ်ယောက်ပဲရှိတာ...”
“ဟင်...”
“အေး... သူတို့သားလေး ဒီနေ့မနက်လေးနာရီမှာပဲ ဆုံးသွားတယ်တဲ့...”
“အယ်.. သနားပါတယ်....”
“အေးလေ.. သူတို့ကတော့ ပြင်ဆင်ထားပြီးသားပါ...။ သူတို့သား ကိုးမားနဲ့ လဲနေတာ တစ်လကျော်နေပြီလေ...”
“ဟုတ်လား... ဘယ်လိုဖြစ်တာလဲ...”
“ကား အက်ဆီးဒင့်ဆိုလားပဲ... ကောင်လေးက အစတုန်းကတော့ သာမာန်လိုပဲတဲ့..။ အက်ဆီးဒင့်ပြီး နှစ်ပတ်လောက်ကြာမှ ခေါင်းတွေ တအားပြန်မူးလာတယ်ပြောလို့ သွားစစ်တော့မှ ခေါင်းထဲမှာ သွေးစတွေ့တယ်ဆိုလား သွေးခဲတွေ့တယ်ဆိုလားမသိဘူး..။ အဲဒါ ခွဲတော့ မမှီတော့ဘူးပြောတာပဲ..။ ခွဲစိတ်ခန်းထဲက ထွက်လာပြီး သတိပြန်လည်လာသေးတယ်တဲ့..။ နောက်တော့ ကိုးမားဝင်သွားတယ်ပြောတာပဲ..။”
“အယ်... ဖြစ်ရလေ..”
“အင်း.. အမေတို့ ပြောင်းမလာခင်လေးတင် ဖြစ်တာလေ..။ သူမိဘတွေက ယူအန်မှာ တာဝန်ထမ်းဆောင်နေတော့ ကောင်လေးကို ဆေးရုံမှာပဲ ထားခဲ့ရတယ်လေ..။ အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတက်ရတုန်းက ခွင့်တစ်လလောက်ယူပြီး ပြန်လာတာကိုး..။ ခွင့်ကုန်တော့ အလုပ်ထဲကို ပြန်သွားရရှာတယ်..။ သနားပါတယ်.. သူတို့ အလုပ်နဲ့ စာချုပ်က မနေ့ကကုန်တာမို့ မနေ့က အားချင်း ပြန်လာတာလေ..။ သူတို့သားကို အသက်မှီယုံလေးပေါ့...”
“အယ်... စိတ်မကောင်းစရာကြီးအမေရာ..။ အဖေက သွားကူနေတာလား..”
“အေး.. ဖြစ်ချင်တော့ ကောင်လေးအမေက သမီးအဖေရဲ့ ငယ်သူငယ်ချင်းလေ...”
“ဟုတ်လား... အင်းအင်း ညကျရင် အဖေနဲ့ သမီးလိုက်သွားလိုက်မယ်လေ... အခုတော့ အလုပ်ပြေးဦးမယ်..”
အခန်းမှအထွက် နေထက်ကောင်းတို့ အခန်းဘက်လှမ်းကြည့်လိုက်တော့ ထူးထူးဆန်းဆန်း အိမ်တံခါးမကို ဖွင့်ထားတာကိုတွေ့ရသည်။ နေထက်ကောင်း၏ အရိပ်အယောင်ကိုတော့ မတွေ့ရ...။ တစ်နေ့လုံး အလုပ်မှာလဲ စိတ်ကမကပ်..။ အခုမှ တစ်ခု သတိရမိသည်။ နေထက်ကောင်း၏ ဖုန်းနံပါတ်ကို အခုထိ တောင်းမထားမိ..။ ဖုန်းအကြောင်းကို စကားမစပ်မိကြ..။ တစ်လလုံးလုံး ကိုယ်နှင့် ဒီလောက်ရင်းနှီးနေသူ၏ ဖုန်းနံပါတ်ကို တောင်းဖို့ မေ့နေမိသော ကိုယ့်ကိုယ်ကိုလဲ အံ့သြမိသည်။ ညရုံးဆင်းတော့ ထုံးစံအတိုင်း နေထက်ကောင်းနှင့် ထိုင်စကားပြောနေကျ တိုက်အောက်က ကစားကွင်းလေးဆီဦးတည်မိသည်။ ထိုင်နေကျနေရာမှာ နေထက်ကောင်းကို တွေ့လိုက်ရသည်။ မျက်နှာက သိပ်မကောင်း..။
“ပြန်လာပြီလား ကြည်ပြာ..”
“ဟုတ်... ဒါနဲ့ ကိုထက် ကြားမိလား.. ကြည်ပြာတို့ အလွှာကပဲ ကောင်လေးတစ်ယောက် ဆုံးသွားတယ်တဲ့ ဒီနေ့မနက်..”
“အင်း... ကြည်ပြာ့ကို ပြော...”
“သနားပါတယ်နော်.... ဆုံးသွားတာလဲ တစ်မျိုးကောင်းပါတယ်.. ကိုးမားနဲ့ နေနေရတာ တစ်လကျော်နေပြီဆိုတော့.. တစ်ဒုက္ခငြိမ်းသွားတာပေါ့..”
“....................”
“တစ်ဦးတည်းသော သားဆိုလားပဲ.. သေချာတောင်မသိသေးပါဘူး... ညမှ ဖေဖေနဲ့ လိုက်သွားဦးမယ်..”
“ကြည်ပြာက မမြင်ဖူးဘူးလား...”
“အယ်.. ဒီတိုက်တစ်ခုလုံးမှာ ကိုထက်နဲ့ပဲ သိတာလေ...”
“ဟုတ်သားနော်....”
“ကိုထက်ကလဲ...”
“အင်း.. ကြည်ပြာ့ကိုပြောမလို့... ကိုထက် ခရီးခနထွက်ရမယ်...”
“ဟယ်... တစ်ကယ်လား... နောက်နဲ့နော်..”
“အင်း.. မနောက်ဘူး .. တစ်ကယ်သွားရမှာ...”
“အာ.. ဘယ်လောက်ကြာမှာလဲ...”
“သိပ်တော့ မကြာဘူးထင်တာပါပဲ..”
“လေသံကလဲကွာ.. အားရစရာပဲ.... ”
“အင်.. ဘာလို့လဲ...”
“ထားလိုက်ပါ.. ကိုထက်ကို တစ်ခုတောင်းရဦးမယ်...”
“ဘာလဲ...”
“ဖုန်းနံပါတ်... ဒီနေ့မှ ကြည်ပြာ သတိရတာ.. ကိုထက်ဖုန်းနံပါတ် မတောင်းရသေးဘူး..”
“ဟာ.. ဖုန်းက ယူသွားမှာမှမဟုတ်တာ ကြည်ပြာကလဲ..”
“အယ်.. ဘာပဲဖြစ်ဖြစ်ပေါ့.. ဘာလဲ ကိုထက်က မပေးချင်လို့လား..”
“မဟုတ်ပါဘူး.. သုံးလို့ရမှာမဟုတ်လို့ပါ..”
“အာ.. ပေးဆိုပေးကွာ...”
“အေးပါ အေးပါ... ဝအောင် ဂျီတိုက်ထား... တစ်ခါတည်း မှတ်... xxxxxxxxx”
“လွယ်လွယ်လေး.. ဒီမှာ အလွတ် ပြောပြမယ်... xxxxxxxx”
“တော်တယ်.. တော်တယ်.. စကားပြန်ကောက်မယ.်. ကိုထက် ခရီးထွက်မှာဆိုတော့ ကြည်ပြာ နေကောင်းအောင်နေနော်.. တအားတွေးမနေနဲ့.. ”
“အာ... ပြန်မလာတော့မှာ ကျနေတာပဲ..”
“ပြန်မလာဖြစ်တော့မှာ စိုးလို့မှာနေတာ...”
“အာ.. ကိုထက်... ပါးစပ်ပုတ်ကြီးနဲ့.... ”
“အေးပါ အေးပါ.. တက်တော့ .. ”
“အာ.. အခုမှ လာထိုင်တာ မောင်းထုတ်နေပြန်ပြီ...”
“ကိုထက်ပစ္စည်းတွေက သူငယ်ချင်းတွေ ယူသွားပေးပြီးပြီ.. အခုက ကြည်ပြာ့ကိုစောင့်နေတာ.. နာရီဝက်တောင်နောက်ကျနေပြီ.. အဲဒါမို့ပါ ကြည်ပြာရ..”
“သြော်.. ကွာ.. စောစောလဲမပြောဘူး ကိုထက်က... အခုတော့ ကောင်းကောင်းတောင် နှုတ်မဆက်ရ လိုက်မပို့ရဘူး..”
“ရပါတယ်.. လိုက်ပို့ရမှာပါ...”
“ဘာကြီး...”
“ဘာမှမဟုတ်ဘူး.. တက်တော့ လိမ္မာတယ်..”
“အင်း.. ကိုထက်က တက္ကဆီနဲ့ သွားမှာလား..”
“ဟုတ်တယ်.. ဟိုဘက်မှာစောင့်နေတယ်.. သွားတော့မယ်နော်...”
ပြောပြောဆိုဆို လှည့်ထွက်သွားသော နေထက်ကောင်းကို နားမလည်နိုင်စွာကြည့်မိသည်။ တစ်ခါတစ်လေ ထူးဆန်းလွန်းသော ဒီလူကိုမှ သူကလဲ အသေအလဲ သံယောဇဉ်တွယ်မိသည်ကိုး..။ အိမ်ထဲရောက်တော့ အမေက..
“သမီးရေ.. ထားစရာရှိတာထားပြီး အမေနဲ့လိုက်ခဲ့.. ဟိုဘက်အခန်းသွားမယ်..”
“ဟုတ်...”
စာရွက်စာတမ်းတွေကို ချလိုက်ပြီး ကြည်ပြာ အမေနောက် လိုက်ဖို့ပြင်သည်။
“အယ်.. အမေ ဘယ်သွားတာလဲ အမေပြောတော့ ဟိုဘက်အခန်းဆို..”
“အေးလေ.. ဟိုဘက်လေ.. ကပ်ရက်အခန်းလို့ ပြောလို့လား...”
“အင်.. ဟိုဘက်နဲ့ ကပ်ရက်နဲ့ မတူဘူးလား..”
“မတူဘူး.. ဟိုဘက်ဆိုတာ ဟိုမှာ ဟိုဘက်ထောင့်ဆုံးအခန်းကိုပြောတာ...”
“ရှင်..................”
ကြည်ပြာ့တစ်ကိုယ်လုံး အားတွေ မရှိတော့သလိုဖြစ်သွားရသည်။ တစ်ဦးတည်းသောသား၊ ကိုထက်များလား.. ဟင့်အင်း မဖြစ်နိုင်.. အခုလေးတင် စကားပြောခဲ့တာ...။ အမေကတော့ ပျက်ယွင်းသွားသော ကြည်ပြာ့ အနေအထားကို မသိပဲ ဆက်လျှောက်သွားသည်။ ခြေလှမ်းကို အနိုင်နိုင်ထိန်းရင်း ကြည်ပြာလိုက်ဝင်သွားသည်။
အခန်းထဲရောက်တော့ ဧည့်ခန်းထဲမှာ အဖေနှင့်အတူ အဖေ့အရွယ် မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ မိဘနေမည်ထင်သည်။ အခန်းထဲ မျက်စိဝေ့ကြည့်လိုက်တော့ နံရံထက်မှာ ချိတ်ထားသော ဓာတ်ပုံတွေကို တွေ့လိုက်ရသည်။ ဓာတ်ပုံတစ်ခုအရောက်တွင် ကြည်ပြာ့ မျက်လုံးတို့ ရပ်တန့်သွားရသည်။ ဓာတ်ပုံထဲမှ သူ့ကို စူးရဲသောမျက်လုံးတွေနှင့် စိုက်ကြည့်နေသော... နေထက်ကောင်း...။
“ကိုထက်.... ”
ကြည့်ပြာ့နှုတ်မှ ထွက်ကျသွားခဲ့သည်။ ကောင်လေး၏မိခင်မှ အလန့်တကြားမော့ကြည့်လာပြီး
“သမီးနဲ့ ကိုထက်နဲ့က သူငယ်ချင်းတွေလား...”
“ရှင်.............”
“သမီးနဲ့လေ.. ကိုထက်နဲ့က.... ဟို.. .အသိတွေလားလို့...”
“ဒီပုံထဲက တစ်ယောက်ကိုမေးတာလား အန်တီ...”
“အေးလေ...”
“သူက နေထက်ကောင်းမလား...”
“ဟုတ်တယ်လေ.. သမီးနဲ့သိလားလို့...”
“သမီးနဲ့ မောင်နှမလိုပဲလေ......”
“ဟင်.. သားမှာ မိန်းကလေး သူငယ်ချင်းရှိတယ်လို့ တစ်ခါမှလဲ မကြားဖူးပါဘူး...”
“ရှင်................. သူက အန်တီ့သားလား...ဒါဆို.. ဒါဆို...”
ကြည့်ပြာ့အမေးကို ချက်ချင်းမဖြေနိုင်ရှာ..။ အန်တီကြီးမျက်ဝန်းတွင် မျက်ရည်တို့ ဝေ့သီလာသည်။
“ဟုတ်တယ်သမီး.. ဒီနေ့မနက်ပဲ သားလေး ဆုံးသွားရှာပြီ....”
“ရှင်........................... မဖြစ်နိုင်ဘူး...”
“အေးပေါ့.. အန်တီတို့လဲ မဖြစ်စေချင်ပါဘူး...”
“မဟုတ်ဘူး... မဖြစ်နိုင်ဘူး...”
“စိတ်ထိန်းပါသမီးရယ်...”
ကြည်ပြာ့မိဘတွေကတော့ ပါးစပ်အဟောင်းသား...။
“မဟုတ်ဘူးအန်တီ.. ကိုထက် မသေပါဘူး ခရီးထွက်သွားတာပါ...”
“သမီးရယ်....”
“ဟုတ်တယ်.. ခုနလေးတင်ကမှ သမီးကိုနှုတ်ဆက်ပြီးသွားလိုက်တာ..”
“ဘယ်လို...”
“ဟုတ်တယ်... ကိုထက်နဲ့ သမီးခင်တာ တစ်လပဲရှိသေးတယ်...”
“ဟင်.... မဖြစ်နိုင်တာ...”
“ဟုတ်တယ်.. သမီးမနက်ပြေးတိုင်း ကိုထက် နဲ့ တူတူပြေးနေကြ.. ညနေပြန်လာရင်လဲ အောက်က ကစားကွင်းမှာ စကားပြောပြီးမှ သမီးတက်လာတာ..။ ဒီနေ့တောင် ကိုထက် ခရီးထွက်ရမှာမို့ သမီးစောစောတက်လာတာ...”
ကြည်ပြာပြောနေတုန်း အမေက ကြည်ပြာ့ကို ပုခုံးလာဖက်သည်။
“သမီးလေး ဘာတွေပြောနေတာလဲ.. သမီးလေး အောက်က ကစားကွင်းထဲမှာထိုင်တာ အမေသိတယ်.. ဒါပေမယ့် သမီးတစ်ယောက်ထဲ... ဘယ်သူမှ မရှိဘူး.. အဲဒါမို့ သမီးကိုတောင် အမေမေးသေးတယ်.. ဘာလုပ်တာလဲလို့.. သမီးမှတ်မိလား..”
“အမေရာ.. အမေမြင်တဲ့အချိန် အမေမျက်စိမှားတာနေမှာ..”
“မဟုတ်ဘူးသမီး.. သမီးအဲဒီအောက်မှာထိုင်ကတည်းက အမေစောင့်စောင့်ကြည့်နေတာ နေ့တိုင်းပဲ.. သမီး။ သမီးတစ်ယောက်ထဲ...”
ကြည်ပြာ .. တစ်ခုခုကိုနားလည်စပြုလာသည်။ ဟင့်အင်း.. မဖြစ်နိုင်.. ။ စိတ်ထဲက သိစပြုလာသော အသိတစ်ခုကို အသည်းအသန် ငြင်းဆန်မိသည်။
“အန်တီ.. ဒီနံပါတ်ကိုသိလား... xxxxxxxx”
“ဟင်... အဲဒါ သားလေးရဲ့ ဖုန်းနံပါတ်လေ.. သား ကိုးမားဝင်သွားကတည်းက အန်တီတို့ ပိတ်လိုက်ပြီးပြီ...”
“ရှင်.. အဲဒါ ကိုထက် အခုလေးတင်မှ သမီးကိုပြောသွားတာ... ”
“ဟင်......”
“ဒါဆို.. ကိုထက်...က... အမေ.. ကိုထက်က... ဟင့်.. ဟင့်..”
ကြည်ပြာပြောရင်း စိတ်မထိန်းနိုင်တော့..။ သေချာသွားခဲ့ပြီလေ...။ သူ ကိုထက်ကို တစ်ယောက်ထဲ မြင်နေခဲ့ရသည်ဆိုတာကို...။ ပုံကနည်း ခွေကျသွားခဲ့သော ကြည်ပြာ့ကို ဝိုင်းဝန်းနှာနှပ်ပေးရင်းမှ ချော့မေးကြရသည်။ ထိုအခါမှ ကြည်ပြာနှင့် နေထက်ကောင်းတို့၏ ထူးဆန်းသော တွေ့ဆုံပွဲကို သိလိုက်ရပြီး အခန်းလေးသည် လွမ်းမောခြင်းများဖြင့် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

Ref...>>စိုင်းမွန်း

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.