လေ့လာကွင်းဆင်း ဆုံတွေ့ခြင်း

Posted by Jelly Kit | Posted in | Posted on 8:37 PM



လေ့လာကွင်းဆင်း ဆုံတွေ့ခြင်း

ဖြစ်ပျက်ခဲ့တဲ့နေရာလေးကတော့ ရှမ်းပြည်နယ် ရွာငံမြို့လေးရဲ့ ချောင်ကျကျ ဘုန်းတော်ကြီးကျောင်းတစ်နေရာပေါ့..။ အားလို့ သွားလည်တာတော့မဟုတ်ပါဘူး... ။ ကျွန်တော်တို့ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသားတွေ လက်တွေ့ကွင်းဆင်းရတာပါ..။ အားလုံးပေါင်း အယောက် တစ်ရာလောက်တော့ရှိမယ်..။ ဘုန်းကြီးကျောင်းတော့ ပြိုတော့မှာပဲ မတွေးလိုက်ပါနဲ့..။ အဲဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျွန်တော်တို့ လူအုပ်ကြီးကို သေချာဧည့်ခံပေးနိုင်မယ့် အဆောင်ကြီးတော့ရှိတယ်...။ ရွာငံဆိုတာက တောင်တွေကြားက မြို့လေးလေ..။ ဘုန်းကြီးကျောင်းကတော့ တောင်ကြားက ကုန်းကမူလေးပေါ်မှာပေါ့..။ အဆောင်က ခြေတံရှည်အဆောင်မျိုး..။ အဆောင်အောက်မှာက ညဘက်ဆိုရင် နွားတွေကို ချည်ထားတယ်.။ ကြမ်းခင်းပေါ့..။ အဆောင်ပေါ်တက်တဲ့ လှေကားနှစ်ခုရှိတယ်.။ တစ်ခုက ရွာဘက်သွားတဲ့ လမ်းမကြီးဘက်က.. တစ်ခုက ကျောင်းထိုင် ဘုန်းဘုန်းတွေ ကျိန်းတဲ့ဘက်..။ အဲဒီမှာ နေခဲ့တဲ့တစ်လျှောက်လုံးတော့ ဆရာတော် နှစ်ပါးပဲ တွေ့ဖူးတယ်.။
ပုံစံကို သေချာ မြင်စေချင်လို့ လေကန်နေရတာပါ..။ ကွင်းဆင်းရတယ်ဆိုတော့ သိတဲ့အတိုင်း မိန်းကလေးတွေလဲပါတယ်..။ အဆောင်က ဟောခန်းလိုကြီးဆိုတော့ အလယ်မှာ တာလပတ်စခြားပြီး မိန်းကလေးတစ်ဘက် ယောကျာ်းလေးတစ်ဘက် ကျောစန့်ရတယ်..။ ခြင်ထောင်အကြီးကြီးတွေထောင်ပြီး တစ်လုံးထဲမှာ သုံးလေးယောက် စုအိပ်ကြတယ်..။ ကြားထဲမှာ လူသွားလမ်းလေးတော့ ချန်ထားတာပေါ့..။ အတန်းလိုက် အိပ်ကြတာ..။ ကျွန်တော်ကတော့ ထိပ်ဆုံးမှာပေါ့..။ ကျွန်တော်တို့ အိပ်တဲ့နေရာနားမှာ ကြမ်းကို ခြောက်လက်မလောက် တစ်ဆင့်မြင့်ထားပြီး ဘုရားဆင်းတုတော်တွေ တန်းစီချထားတာရှိတယ်.။ ဘာအတွက်လဲတော့မသိဘူး..။ ကျွန်တော်တို့က ကွင်းဆင်းချိန်က မချောင်ဘူး..။ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအထိပဲ..။ အဲဒီတော့ မနက်ဆိုရင် ငါးနာရီလောက်ဆိုရင် ထရပြီ..။ ထမင်းကို အလှည့်ကျ တာဝန်ယူချက်ကြတယ်.။ ရွာငံက မနက် အေးချက်ကတော့ လက်လန်တယ်..။ မနက်မနက်ဆိုရင် ရေတိုင်ကီထဲက ရေမျက်နှာပြင်က ခဲနေတာ..။ အဲဒီ ရေခဲလွှာပါးပါးလေးကို ဖယ်ပြီးမှ မျက်နှာသစ်သွားတိုက်လုပ်ရတယ်..။ အေးချက်က ကိုးလောက်ရှိတယ်..။ လေ့လာရေးထွက်တော့ ငါးယောက်တစ်ဖွဲ့ ခြောက်ယောက်တစ်ဖွဲ့ အဲ့လို စုသွားကြတယ်..။ နေရာဒေသကို မှတ်တမ်းတင်၊ ပြန်ပြီး သတင်းပို့..။ ဒီလိုတွေပေါ့ဗျာ..။ ပျော်ဖို့တော့ကောင်းပါတယ်..။ ရောက်စ လေးငါးရက်တော့ ဘာမှ မဖြစ်ပါဘူး..။
အဲ ခြောက်ရက်မြောက်နေ့လောက်ထင်တယ်.. ညက တအားကို အေးတာ...။ ဘယ်လောက်တောင်အေးလဲဆိုရင် လန့်ပြီး နိုးတဲ့အထိပဲ..။ အဲဒီညက လန့်နိုးလာတော့ အဆောင်အောက်က နွားတွေရဲ့ ခလောက်သံကို နားထောင်နေမိတယ်.။ အမှုမဲ့ အမှတ်မဲ့ပေါ့..။ နောက်မှ သေချာနားထောင်ရင်း ခလောက်သံက ဂလောက် ဂလောက် နဲ့ စည်းချက်ကို ညီလို့..။ ဘယ့်နှယ် ခလောက်သံပါဆိုနေ မြည်ချင်တဲ့အချိန်မြည် တိတ်ချင်တဲ့အချိန် တိတ်ဖြစ်နေရမှာလေ..။ အဲလို ခလောက်သံကိုလဲ သတိထားမိသွားရော ကျန်တဲ့ မဟုတ်မဟတ်တွေကိုပါ သတိထားမိသွားတယ်.။ နောက်ထပ် သိလိုက်ရတာက ကြမ်းခင်းကြားကနေ လေအေးတွေ တိုးဝင်နေတာ...။ လေတိုက်လို့ ဝင်တဲ့ပုံအတိုင်း အတိုးအလျှော့တွေ သိပ်မရှိဘူး.။ တစ်ယောက်ယောက်၊ တစ်ခုခုနဲ့ မှုတ်ထဲ့နေသလိုပဲ..။ ခံစားရတာ ပြောပါတယ်..။ ကျောထဲကို စိမ့်နေတာပဲ.. ။ ကြားထဲက ဟိုး ရွာထဲက ခွေးတွေကလဲ တိုင်ပင်ထားသလို ထအူတာ..။ အူပုံကလဲ ကြည့်ဦး ရွာလယ်လောက်ကနေပြီးတော့ တစ်ဖြည်းဖြည်းနဲ့ လက်ဆင့်ကမ်း အူလာလိုက်တာ ကျောင်းနားရောက်လာတဲ့အထိပဲ..။ ကျောင်းနားရောက်တော့ အူသံတွေက ပိုပြီးတော့ ဆွဲဆွဲငင်ငင်ရှိလာတယ်.။
တစ်ယောက်ထဲ ကျွန်တော် ရွာတွေပျက်နေတာ..။ ဘာလုပ်ရမယ်မသိသေးဘူး.။ စိတ်ထဲမှာတော့ အားတင်းရတာပေါ့..။ ဒါတွေက ဖြစ်တတ်ပါတယ်လို့..။ အတွေးက မဆုံးသေးဘူး အဆောင်ရဲ့ ခေါင်မိုးပေါ်မှာ ရှဲရှဲ ရှဲရှဲဆိုတဲ့အသံကို ကြားလိုက်ရတယ်.။ လေကြမ်းလို့ သစ်ပင်က သစ်ကိုင်းတွေ လာပွတ်မိတာ နေမှာပါပေါ့..။ ကြောက်ပြီဆိုရင် သိတဲ့အတိုင်းပဲလေဗျာ နားပိုစိုက်ထောင်မိတယ်.။ အဲဒါ မှားတာပဲ..။ အဲဒီရှဲရှဲ ရှဲရှဲ အသံကြီးကို ကျွန်တော် သရုပ်ခွဲမိသွားတယ်။ တံမျက်စည်းလှဲနေတဲ့အသံမျိုးဗျ..။ ခေါင်းတွေ ကြီးထွက်လာတယ်..။ ကျောင်းဝင်းထဲမှာ လှဲနေတာဆိုရင်တောင် ဖြေတွေးတွေးလို့ရတယ်.။ အခုက ခေါင်မိုးပေါ်ကြီး..။ နောက်ပြီး အိပ်တဲ့အဆောင်ကလဲ ဘာလျှပ်စစ်မီးမှ ရှိတာမဟုတ်..။ အိပ်ပြီဆိုရင် တစ်ဆောင်လုံးမှောင်တယ်.။ ညနေမိုးချုပ်ရင် ဖယောင်းတိုင်လေး ထွန်းပြီးနေရတယ်.။ ညရေးညတာအတွက် လက်နှိပ်ဓာတ်မီးကို ဆောင်ထားရတယ်.။ တွေးတော့ တွေးမိသေးတယ်.။ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်ရရင် ကောင်းမလားပေါ့.။ ဒါပေမယ့် မျက်စိထဲမှာ အဆောင်ခေါင်မိုးပေါ်မှာ ဇောက်ထိုးပြောင်းပြန်ကြီး တံမြက်စည်းလှဲနေပုံကို မြင်ယောင်မိတော့ အဲဒီအတွေးကို ပယ်ချလိုက်တယ်.။ မတော် ဇောက်ထိုးကြီး ပြုံးပြလာမှ ရွာတင်မကဘူး အသည်းပါ ပျက်သွားနိုင်တယ်.။
ကြောက်နေပြီဆိုရင် သိတဲ့အတိုင်းပဲ ..။ ဘယ်လို ထိုးအိပ်ထိုးအိပ် မျက်လုံးတွေ ပိုကျယ်လာတာပဲ အဖတ်တင်တယ်.။ အဲဒီတော့ ခံပေါ့ဗျာ.။ ခေါင်ပေါ် တံမြက်စည်း လှဲနေရာကနေ ပြတင်းတံခါးတွေကို လက်ထိပ်နဲ့ လာခေါက်တယ်.။ တောက်တောက် တောက်တောက်နဲ့..။ လေတိုက်လို့ လေထဲပါလာတဲ့ အသီးတွေမှန်တာပေါ့..။ စိတ်ဖြေရတယ်.။ ဒါပေမယ့် သေချာ သိနေတာက လူလက်နဲ့ ခေါက်တဲ့အသံမျိုးမှန်း..။ တွေးလို့မှမဆုံးသေးဘူး ငုတ်တုတ်ထထိုင်မိမတတ်ကို လန့်သွားအောင် ဝုန်းကနဲ တံခါးမကို လာထုတယ်.။ စဉ်းသာစားကြည့်ပေါ့ဗျာ..။ အိပ်တဲ့နေရာကလဲ တံခါးမကြီးနဲ့ ကပ်ရက်ထိပ်ဆုံးမှာလေ..။ အဲလို တိုင်တွေပတ်နေလိုက်တာ ဘယ်လောက်ကြာသွားမှန်းမသိဘူး ..။ ရုတ်တရက် ငြိမ်ကျသွားမှပဲ သက်ပြင်းချနိုင်တယ်.။
မနက်ထလာတော့ အဲဒီအကြောင်းကို ဘယ်သူနဲ့မှလဲ မပြောဖြစ်ဘူး.။ ဖာသိဖာသာနဲ့ပဲ တစ်နေ့ ကုန်သွားပြန်တယ်..။ အဲ ဒုတိယ မနက်နိုးလာတဲ့အချိန်မှာတော့ အချိန်ကို သတိထားမိသွားတယ်.။ မနက်နှစ်နာရီထိုးတာနဲ့ အဲဒီအသံတွေ လာနေပြီ..။ ဒီတစ်ခါ အပိုဆုပါရတယ်.။ အရင်နေ့ကလို ဖြစ်တဲ့အပြင် ကျွန်တော်တို့ ခြင်ထောင်တွေကြားထဲမှာ ချန်ထားတဲ့ လူသွားလမ်းတစ်လျှောက် လမ်းလျှောက်သံကို ကြားနေရတာ.။ အသံတင်လားဆို မဟုတ်ဘူးဗျ..။ တစ်လမ်း တစ်လမ်း လှမ်းလိုက်တိုင်း ကြမ်းပြင်မှာ တုန်ခါမှုတွေကိုပါ ခံစားနေရတာ..။ ကျွန်တော်တို့ ခေါင်းရင်း ဘုရားဆင်းတုတော်တွေ ထားတဲ့ အဲဒီ စင်မြင့်အထိပဲဗျာ..။ လမ်းသလားနေတာ.။ ဒါပေမယ့် မနက်လေးနာရီဆိုရင် ပြန်ထွက်သွားကြတယ်.။ နှစ်နာရီစာပဲဗျာ...။
နောက်တော့ မအောင့်နိုင်ကြတော့ဘူး..။ ကျွန်တော်တို့ ယောက်ျားလေးတွေ ခေါင်းချင်းရိုက်ပြီး မေးမိပြောမိကြတယ်.။ အဲဒီတော့မှ အားလုံးလဲ ကြုံရ ကြားရတယ်ဆိုတာ အတည်ပြုနိုင်တယ်။ မိန်းကလေးတွေကို မေးကြည့်တော့လဲ တူတူပဲ..။ အဲဒါနဲ့ ကျွန်တော်တို့လဲ စောင့်ပြီး ဖမ်းကြည့်ဖို့ တိုင်ပင်ကြတယ်.။ တောလဲရှိတော့ တိရိစ္ဆာန်တွေများလားပေါ့..။ အဲဒါနဲ့ အစီအစဉ်တွေဆွဲကြတယ်.။ ကျွန်တော်ရယ် ဘော်ဒါ ငါးယောက်ရယ် မီးဖိုဆောင်မှာ သွားအိပ်ဖို့ လုပ်တယ်.။ မီးဖိုဆောင်က ထရံကာ ဓနိမိုးပေါ့..။ မအိပ်တန်းစောင့်မယ်.။ အသံတွေ အဆောင်ဘက်ကကြားရင် ဓာတ်မီးနဲ့ အချက်ပြ၊ ကျွန်တော်တို့ကလဲ ဓာတ်မီးနဲ့ တစ်ပြိုင်ထဲ ထိုးပြီး ကျောင်းဝင်းတစ်လျှောက် ကြည့်မယ်ပေါ့..။ အဲလိုနဲ့ သဘောတူညီချက်တွေ လုပ်ကြတယ်.။
ညကျတော့ စောင့်တယ်.။ အခါးရည်လေး သောက်လိုက်၊ လေလေးဖောလိုက်နဲ့..။ အေးအေးနဲ့ စောင်အောက်မှာ စောင့်ရတာဆိုတော့ မှေးစင်းလာတဲ့ မျက်လုံးတွေကို မတော်လှန်နိုင်ဘူး..။ မှေးကနဲ ဖြစ်သွားတယ်.။ ဘော်ဒါတွေ လှုပ်နိုးတော့မှ ရုတ်တရက် နိုးလာတယ်.။ အဆောင်ဘက်ကို ကြည့်လိုက်တော့ ဓာတ်မီးအချက်ပြနေပြီ..။ အဲဒါနဲ့ အဆောင်တဝိုက်ကို ဓာတ်မီးနဲ့ ဝိုင်းထိုးကြည့်တယ်.။ ဘာမှမရှိဘူး.။ ကွင်းပြင်ကြီးပဲ.။ နောက် အောက်ကချည်ထားတဲ့ နွားတွေပဲ..။ အဆောင်ပေါ်ကတော့ အသံတွေ ကြားနေရတဲ့အကြောင်း အချက်ပြကောင်းတုန်း..။ ထူးဆန်းတာက ကျွန်တော်တို့ မီးဖိုဆောင်ဘက်မှာ ဘာမှ မဖြစ်တာပဲ..။ ပွဲသာပြီးသွားတယ် ကျွန်တော်တို့ ဘာမှ မတွေ့ရဘူး.။ နောက်နေ့တွေကစပြီး ကျွန်တော်တို့လဲ မနက်မနိုးအောင်ပဲ ဆုတောင်းဖြစ်တယ်.။ သူတို့ လာတတ်တဲံ နှစ်နာရီအချိန်လောက် နိုးသွားရင်လဲ အသံပလံတွေကို ကြိတ်မှိတ်နားထောင်ပြီး အိပ်ရတာပေါ့..။ အောင်မယ်လေးဗျာ.။. ကွင်းဆင်းတဲ့ရက် နောက်ဆုံးရက်များ ဘယ်လိုပျော်မှန်းမသိ..။ လွတ်ပြီကျွတ်ပြီဟေ့ဆိုပြီးတော့လေ.။ အခုထက်ထိ ကျွန်တော်တို့ အတူတူ ကွင်းဆင်းခဲ့တဲ့ သူငယ်ချင်းတွေကြုံရင် အဲဒိအကြောင်းပြောမိတုန်း..။ အသံတွေချည်းချည်းမဟုတ်ပဲ အိမ်သာဘက်မှာ အကောင်လိုက် ကြုံလိုက်ရတဲ့ ဘော်ဒါတစ်ယောက်လဲရှိတယ်.။ ဒီနေ့အထိ မေးလို့ကို မရဘူး.။ ဘာမှန်း ပြန်မပြောပြဘူး.။ အသဲအသန်ဖြစ်လိုက်တာပဲ သိရတယ်.။ ဒါကတော့ ကိုယ်တွေ့လေးပါဗျာ.။ ဒီနေ့အထိ ဘာမှန်းလဲ မသိဘူး.။


စိုင်းမွန်း

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.