Smart Phone ရဲ့ Battery ချွေတာဖို့ နည်းလမ်း (၇) သွယ်

Posted by Black Magic | Posted in , | Posted on 10:51 PM



ကျွန်တော်တို့ဟာ စမတ်ဖုန်းတွေကို တနေ့တခြား ပိုမိုပြီး အားထားလို့ လာနေကြပါတယ်။ ဈေးကွက်အတွင်းမှာလည်း ရွေးချယ်စရာ စမတ်ဖုန်းပေါင်းများစွာ ရှိလို့နေပါတယ်။ စမတ်ဖုန်းတွေအနေနဲ့ စွမ်းရည်မြင့်လာသလို မျက်နှာပြင် အရွယ်အစားဟာလည်း ဖုန်းတစ်လုံးထက်တစ်လုံး ပိုမိုကြီးမားလို့ လာနေပါတယ်။

ဒီအခြေအနေမှာ သုံးစွဲသူတွေ အနေနဲ့ ပေးဆပ်ရတာကတော့ ဘက္ကထရီသက်တမ်းပဲ ဖြစ်ပါတယ်။ ဘက္ကထရီရဲ့ သက်တမ်းဟာ ဖုန်းအမျိုးအစား ၊ စွမ်းဆောင်ရည် ၊ မျက်နှာပြင် အရွယ်အစား ၊ ဘက္ကထရီ အရွယ်အစားတို့ အပေါ်မှာ မူတည်နေသည်မှာ မှန်သော်လည်း သုံးစွဲပုံ၊ သုံးစွဲနည်း အပေါ်တွင်လည်း များစွာမူတည် နေပါတယ်။

သင့်အနေနဲ့ သင့်စမတ်ဖုန်းရဲ့ ဘက္ကထရီကို တစ်နေ့တာ အားသွင်းစရာ မလိုပဲ သုံးစွဲဖို့ ရရှိနိုင်ဖို့ ဆောင်ရွက်နိုင်တဲ့ အရာတွေ အများအပြားရှိပါတယ်။ အဲဒီအထဲကမှ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်း ၇ မျိုးကို ဖော်ပြ ပေးလိုက်ပါတယ်။

၁)Notifications (သို့) အသိပေးချက်များအား ပိတ်ထားခြင်း


နောက်ဆုံးပေါ် စမတ်ဖုန်းအားလုံးမှာ အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ Notifications ခေါ်တဲ့ အသိပေးချက်များပဲ ဖြစ်ပါတယ်။

အီးမေးလ် ၊ text ၊ ဖုန်းအဝင် စသည်ဖြင့် Notifications များဟာ အချိန်နဲ့အမျှ ဝင်ရောက်လာနေပြီး notification bar မှာ ပေါ်လာတတ်ပါတယ်။ Notifications များဟာ သင့်အနေနဲ့ ဖုန်းကိုအသုံးပြုနေခြင်း မရှိတဲ့ အချိန်မှာတောင် ဝင်ရောက်လာနေမှာ ဖြစ်တာကြောင့် ဘက္ကထရီစားစေပါတယ်။ Notifications များ ကို ပိတ်ထားခြင်းဖြင့် ဖုန်းကို standby လုပ်ထားတဲ့ အချိန်မှာ ဘက္ကထရီကုန်ခြင်းကို ကာကွယ်ပေးပြီး standby အချိန်ကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။

Androd ၊ iOS ၊ Blackberry OS ၊ Windows Phone 8 တို့ အားလုံးဟာ မတူကွဲပြားတဲ့ Notification စနစ်များ ပါရှိသလို အသိပေးပုံပေးနည်းလည်း ကွဲပြားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဖုန်းရဲ့ Settings ထဲကို ဝင်ရောက်ပြီး ရှာဖွေကြည့်ရုံနဲ့ ဘယ် Notification တွေကို ပိတ်ထားလို့ ရမယ်သိရှိနိုင်မှာဖြစ်ပြီး အရေးမကြီးဘူးလို့ ယူဆရတဲ့ Notifications များကို ပိတ်ထားသင့်ပါတယ်။ စမတ်ဖုန်းတစ်ခုမှာ app တွေကနေ ရရှိတဲ့ Notifications များဟာ အများဆုံး ဖြတ်နေတတ်တာမို့ ဒါအချက်လေးကို ဂရုစိုက်ပြီး ပြင်ဆင်လိုက်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။


၂)Location Service (သို့) တည်နေရာ ညွှန်ပြမှုစနစ်အား ပိတ်ထားခြင်း(GPS)

သင့်ရဲ့ စမတ်ဖုန်းမှာ တပ်ဆင်ထားတဲ့ GPS ကို ဖွင့်ထားပြီး ဖုန်းရဲ့ တည်နေရာညွှန်ပြမှုအား အသုံးပြုခြင်းဟာ ဖုန်းဘက္ကထရီကို အလျင်အမြန် ကုန်စေတဲ့ အချက်များထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် Location service ကို လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ဥပမာအားဖြင့် မိမိသွားလိုရာကို လမ်းညွှန်အဖြစ် လိုအပ်မှာသာ GPS ကိုဖွင့်ပြီး သက်ဆိုင်ရာလမ်းညွှန်စနစ်မှာ ရှာဖွေသင့်ပါတယ်။


၃)အီးမေးလ် အလိုအလျောက် ဝင်ရောက်မှုအား ပိတ်ထားခြင်း(Auto Sync)

Push email လို့ခေါ်တဲ့ အီးမေးလ်ကို အလိုအလျောက် ဝင်ရောက်စေရန် စီစဉ်ထားခြင်းဟာလည်း ဘက္ကထရီ အလျင်အမြန် ကုန်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် သုံးစွဲသူဟာ တစ်နေ့တာမှာ အီးမေးလ်အများအပြား လက်ခံရရှိသူ ဖြစ်နေမယ်ဆိုရင် မိမိရဲ့ Inbox ထဲကို အီးမေးလ်ရောက်လာတာနဲ့ စမတ်ဖုန်းရဲ့ အီးမေးလ် app ထဲကို အချိန်နဲ့တစ်ပြေးညီ တွန်းပို့ပေးမှာ ဖြစ်တာကြောင့် ဘက္ကထရီ အကုန်မြန်စေတာ ဖြစ်ပါတယ်။

ဘက္ကထရီ ချွေတာဖို့ အကောင်းဆုံး နည်းလမ်းကတော့ အီးမေးလ်ကို အလိုအလျောက် တွန်းပို့စေခြင်း မပြုလုပ်ပဲ အလျဉ်းသင့်သလိုသာ ကြည့်သွားဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အလိုအလျောက် မလုပ်ထားသော်လည်း ၁ မိနစ်တစ်ခါ ကြည့်နေမယ်ဆိုရင်လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။

နောက်တစ်နည်း လုပ်လို့ရနိုင်တာကတော့ မိမိရဲ့ စမတ်ဖုန်းကို အီးမေးလ် ဝင်၊ မဝင် စစ်ဆေးဖို့ အချိန်ကန့်သတ် ပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကတော့ သုံးစွဲတဲ့ အီးမေးလ်ရယ်၊ စမတ်ဖုန်း OS ရယ်ပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။


၎)ဖုန်းလိုင်း ကောင်း၊ မကောင်း သတိထား ကြည့်ရှုခြင်း

သင့်အနေနဲ့ ဖုန်းလိုင်း မကောင်းတဲ့ နေရာမှာ အစဉ်အမြဲ ရောက်ရှိနေမယ်ဆိုရင် သင့်စမတ်ဖုန်းဟာလည်း ဖုန်းလိုင်းကို အစဉ်အမြဲ ရှာနေရမှာဖြစ်လို့ ဘက္ကထရီအားကို ပုံမှန်ထက် ပိုပြီး သုံးစွဲနေမှာ ဖြစ်ပါတယ်။ ဖုန်းလိုင်း ကောင်း၊ မကောင်း ဆိုတာက တည်နေရာပေါ် မူတည်သလို ဖုန်း အထားအသို ပေါ်လည်း မူတည်ပါတယ်။

သင်ရောက်ရှိနေတဲ့ နေရာဟာ နဂိုကတည်းက ဖုန်းလိုင်း သိပ်မမိတဲ့ နေရာဆိုလျှင် ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမယ့် ဖုန်းလိုင်းကောင်းကောင်းမိတဲ့ နေရာမှာ ရောက်ရှိနေသော်လည်း သင့်ဖုန်းဟာ ကွန်ယက်နဲ့ ချိတ်ဆက်ဖို့ အကြောင်း အမျိုးမျိုးကြောင့် (ရုံးခန်း၏ ထောင့်နေရာတစ်ခုသို့ ရောက်နေခြင်း ၊ နံရံကဲ့သို့ အကာအဆီးများ ရှိနေခြင်း) အဆင်မပြေဘူးဆိုရင် ဆန့်တငင်ငင် ဖြစ်နေမှာမို့လို့ ဘက္ကထရီ ပိုစားစေပါတယ်။


၅)ဖုန်းအား update ပုံမှန် ပြုလုပ်ခြင်း

စမတ်ဖုန်း OS တိုင်းဟာ အလျဉ်းသင့်သလို update များ ထုတ်လုပ်ပေးပါတယ်။ အဲဒီ update တွေထဲမှာ အရေးကြီးတဲ့ ပြုပြင်ချက်တွေသာမက ဘက္ကထရီသက်တမ်းကို ပိုမိုကြာရှည် ခံစေနိုင်မယ့် ဆောင်ရွက်ချက်တွေ ပါရှိတတ်ပါတယ်။

Update အလုပ်တာ ကြာမြင့်နေပြီဖြစ်တဲ့ စမတ်ဖုန်းဟာ လုံခြုံရေးလဲ စိတ်မချရသလို အရေးပါတဲ့ အခြားသော လုပ်ဆောင်ချက်များလည်း ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ မိမိရဲ့စမတ်ဖုန်းကို ပုံမှန် update လုပ်ပေးဖို့လည်း မမေ့သင့်ပါဘူး။


၆)အခြားသော သမားရိုးကျ လုပ်ထုံးလုပ်နည်းများ

(Bluetooth,Screen Brightness,Bluetooth,WiFi,Mobile Network,Screen Time Out)

ဖုန်းရဲ့ မျက်နှာပြင် အလင်းရောင်ကို လျော့ထားခြင်း ၊ လိုအပ်သည့် အချိန်မှသာ Wi-Fi နှင့် Bluetooth အား ဖွင့်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့်လည်း ဘက္ကထရီအားကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။


၇)အားသွင်းစက် (သို့) အရန်ဘက္ကထရီ ဆောင်ထားခြင်း  :D


သုံးစွဲသူ အနေနဲ့ အရေးကြီးတဲ့ အီးမေးလ်နဲ့ အသိပေးချက်တွေကို မိနစ်နဲ့အမျှ ရရှိနေရန် လိုအပ်တယ်၊ ဖုန်းရဲ့ လုပ်ဆောင်ချက် အားလုံးကိုလည်း အထိရောက်ဆုံး အသုံးပြုလိုတယ်၊ အချိန်မလပ်လည်း ဖုန်းကို အသုံးပြုနေရတယ် ဆိုရင်တော့ ဘက္ကထရီ အပိုတစ်လုံး ဆောင်ထားခြင်းဟာ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ ရုံးမှာ တစ်နေကုန်ထိုင်နေရတယ် ဆိုရင်တော့ အားသွင်းစက်လေး ဆောင်ထားသင့်သလို ကားထဲမှာလည်း ကားတွင်းအားသွင်းဆက် တစ်ခုလောက် တပ်ဆင်ထားမယ်ဆိုရင် အဆင်ပြေမှာ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ဘက္ကထရီလဲလို့ မရနိုင်တဲ့ iPhone နဲ့ HTC One ပိုင်ရှင်များ အနေနဲ့ကတော့ အတော်လေးကို အဆင်ပြေမှာ မဟုတ်ပါဘူး။

Ref: Myanmar Consumer Guide

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.