ခြေတစ်ဖက် အတွက် ၆၀၄၀ ကျပ်

Posted by Black Magic | Posted in | Posted on 12:29 PM



ခြေတစ်ဖက် အတွက် ၆၀၄၀ ကျပ်
ခြေတစ်ဖက် အတွက် ၆၀၄၀ ကျပ်မောပန်းနွမ်းနယ် ပုံပေါက်နေသည့် အဖွဲ့သားများက မြေပြင်ပေါ် ခြေပစ်လက်  ပစ်ထိုင်ချ လိုက်ကြသည်။ သူတို့ချထား ခဲ့သည့် ပေါက်တူးကိုကိုင်ကာ ကိုတင်ထွန်းအောင် တစ်ယောက် မြေကျင်းကို ဆက်တူးရန် ပြင်ဆင် လိုက်သည်။ ဆောင်းအကုန်နွေ အကူးဖြစ်သော်လည်း တောတောင် ထူထပ်သောနေရာ ဖြစ်သည့် အတွက် ရာသီဥတုက အေးစိမ့်စိမ့်ပင် ရှိနေသည်။ သို့သော်လည်း သူ့အနားက လူများရင်ထဲမှ ပူလောင်မှုကိုတော့ မျက်နှာများက သက်သေပြနေ ခဲ့သည်။ လပေါင်းများစွာ အတူတကွ သွားလာခဲ့ ရသည့် လူတစ်ဦး မကြာမီတွင် တောတွင်း တစ်နေရာ၌ ထားခဲ့ ရတော့မည်ဖြစ်သည်။

နာမည်ကျော် ကရင်ပြည်နယ် မာနယ်ပလောဒေသသို့ ၂၀၁၁ ခုနှစ် မတ်လအတွင်းက နယ်မြေစိုးမိုးရေး ထွက်ခွာခဲ့သည့် တပ်မတော်စစ်ကြောင်း၏ ရှေ့ဆုံးပွိုင့်သွားရသည့် ရဲဘော်တစ်ဦး မိုင်းနင်း မိသောကြောင့် သူတို့မျက် စိရှေ့တွင်ပင် အသက်ပျောက် ခဲ့ခြင်းဖြစ်သည်။ ထိုတပ်မတော် စစ်ကြောင်း အတွက် ပေါ်တာတစ်ယောက် အဖြစ် ၀န်စည်စလယ်များ သယ်ဆောင်ပေး ရသည့် ကိုတင်ထွန်းအောင်တို့ လူတစ်သိုက် မြေကျင်းတူး အပြီးတွင် မိုးကာဖြင့်ထုပ်ထားသော ကျဆုံးရဲဘော်ကို သူ၏ လုပ်ဖော်ကိုင်ဖက်စစ်သားများက နောက်ဆုံး အကြိမ် အလေးပြုနှုတ်ဆက် လိုက်သည်။ သူတို့လို ပေါ်တာများ အပေါ် အဆင်ပြေပြေဆက်ဆံ တတ်သည့် ရှားတောင့်ရှားခဲ ထိုရဲဘော် အတွက် ကိုတင်ထွန်းအောင် တစ်ယောက်လည်း အခြားပေါ်တာများ နည်းတူ စိတ်မကောင်းဖြစ် ရသည်ဟု ဆိုသည်။

“ရဲဘော်ထဲမှာလည်း ကောင်းတဲ့ကောင်တွေ လည်းရှိသလို၊ ဆိုးတဲ့ကောင်တွေ လည်းရှိတယ်။ ကျွန်တော် သိသလောက် သေသွားတဲ့သူက ၀န်ဆောင်(ပေါ်တာ)တွေနဲ့ အဆင်ပြေတယ်။ သူ့နေရာက ၀င်တွေးကြည့် လိုက်တယ်။ လူမသိသူမသိ၊ မိသားစု ကတောင် ဘယ်မှာသေလို့သေမှန်း မသိဘဲ တောထဲတောင် ထဲမှာ ထားခဲ့ရတာ။ သူ့အတွက်ပဲ စိတ်မကောင်းဖြစ် မိတယ်”ဟု ကိုတင်ထွန်းအောင်က ပြောသည်။

သို့သော် နောက် ၁၀ ရက်ခန့်အကြာမှာတော့ သူခံစားသနားခဲ့ရသည့် ရဲဘော်နေရာတွင် သူရောက်သွားခဲ့ရသည်။ “ဂျိမ်း”ခနဲ ပေါက်ကွဲသံနှင့်အတူ ထွက်လာသည့် မီးခိုးလုံးများကြောင့် အနီးတစ်ဝိုက်ကို ရေးရေးသာမြင်ရတော့သည်။ သူကျောပိုးထားခဲ့သည့် ကြိမ်ခြင်းတောင်းထဲမှ ၆၀ မမ ဗုံးဆန်များလည်း အနီးတစ်ဝိုက်ပြန့်ကြဲသွားခဲ့သည်။ “ကျွန်တော်နဲ့အတူ ဘားအံကပါလာတဲ့ သထုံထောင်က ကောင်လေးက လှမ်းခေါ်တာ။ ပစ္စည်းတွေဘာတွေ နားလည်မှုနဲ့ မျှသယ်ကြတာပေါ့။ သူ့ကိုစောင့်မယ်ဆိုပြီး သွားနေတဲ့ လမ်းကြောင်းက ဘေးထွက် လိုက်တာ။ နောက်ပြန်နင်းတာ။ ကျွန်တော့်စိတ်ထင် စစ်ကြောင်းထွက်လို့ ရန်သူက လှမ်းပစ်တယ်ထင်တာ။ ချက်ချင်းပဲ ခြေထောက်က ပူလာတာ”ဟု သူမိုင်းနင်းမိစဉ်အတွေ့အကြုံကို ပြောပြသည်။ ထိုစဉ်က အသက်(၂၄)နှစ်ခန့် ရှိနေပြီဖြစ်ပြီး အစိုးရ၀န် ထမ်းနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တစ်ယောက်အဖြစ် တစ်ပြိုင်တည်း လုပ်ကိုင်ခဲ့ရာမှ အကျဉ်းသားတစ်ဦးဖြစ်သည့် သူ့အတွက်တော့ တောတွင်း တစ်နေရာတွင် ဒီလိုဘ၀မျိုးကြုံ ရမည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ ဟုဆိုသည်။

သူသည် စစ်အစိုးရ၏ အုပ်ချုပ်ရေးပိုင်းတွင် ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်ပြိုင်တည်းတွင်လည်း ထိုစဉ်က လျှို့ဝှက်နိုင်ငံရေးလှုပ်ရှားနေသည့် Generation Wave အဖွဲ့နှင့်လည်း ဆက်သွယ်မိပြီး နိုင်ငံရေးလှုပ်ရှားမှုအချို့ ဆောင်ရွက်ခဲ့ကြောင်း ကိုတင်ထွန်းအောင်ကပြောသည်။ နိုင်ငံရေးလှုပ်ရှားမှုများပြုနေစဉ် ၂၀၀၈ ခုနှစ်က Generation Wave အဖွဲ့ ဖမ်းဆီးခံခဲ့ရပြီး သူလည်း ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရသည်။

 “အဲဒီတုန်းက သိပ်ငယ်တယ်။ လူငယ်ဆိုတော့ မခံချင်တာသိပ်များတယ်။ အိမ်ကလည်း ပိုက်ဆံရလို့ Generation Wave နဲ့ ပေါင်းလုပ်တယ်ထင်တယ်။ GenerationWave က အချို့ကလည်း နောက်ဆုံးမှ ကျွန်တော်အဖမ်းခံရတော့ သံသယ၀င်တယ်။ နောက်ဆုံး စစ်ကြောရေးရောက်သွားမှ သူတို့ထင်သလိုမဟုတ်ဘူးဆိုတာ အဖွဲ့ထဲ (Generation Wave)က လူတွေ လက်ခံ လာကြတာ”ဟု ထိုစဉ်က သူ၏အတွေ့အကြုံကိုပြောသည်။ ဖမ်းဆီးထိန်းသိမ်းစဉ်က နိုင်ငံရေးအကျဉ်းသားပုဒ်မများ ဖြစ်သော်လည်း စတင်ထိန်းသိမ်း ခံရပြီး ၂ နှစ်ခန့်အကြာတွင် ဘားအံအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရ၍ ထိုမှတစ်ဆင့် ရှေ့တန်းစခန်းများဆီ ပေါ်တာအဖြစ် သွားရောက်စေခဲ့ကြောင်း ကိုတင်ထွန်းအောင်ကပြောသည်။

“ထမ်းရတဲ့ ၆၆ မမ ဗုံးသီးတွေက ဆန်အိတ်သုံးပုံနှစ်ပုံစာလောက်ရှိတယ်။ ကျွန်တော်တို့လိုပေါ်တာချည်းပဲ ၄၀ လောက်ပါတယ်။ တောင်တွေကလည်း တစ်တောင်တက် တစ်တောင်ဆင်းနဲ့။ တပ်မညွှန်ကြားချက်နဲ့ တောထဲမှာသွားနေရတာ။ သွားရင်းလာရင်းနဲ့ နှစ်လကြာတော့ တောထဲမှာ နှစ်လ ၁၆ ရက်မြောက်မှာ မိုင်းစထိတာပဲ”ဟု သူကပြောသည်။ “ဖြစ်ဖြစ်ချင်း မိဘကို ဘယ်လိုပြန်ရင်ဆိုင်မလဲလို့ တွေးမိတယ်။ နောက်ဆုံးအိမ်ပြန်ခါနီးကို ဒီလိုဖြစ်သွားတော့ ဒီမျက်နှာနဲ့ အိမ်မပြန်ရဲဘူး။ တစ်နှစ်ပဲလိုတော့တာလွတ်ဖို့။ မိဘကို ဘယ်လိုပြန်ရင်ဆိုင်မလဲလို့တွေးတယ်။ မိုင်းနင်းတော့ အ၀တ်အစားတွေချွတ်ပြီး လေးယောက်လောက်က ၀ိုင်းဖိထားတယ်။ ကျွန်တော် မခံနိုင်တော့ဘူး။ ရေလောင်းပေး၊ မော်ဖိန်းထိုးပေးတယ်။ ထိုးနေတဲ့အချိန်မှာ ပြတ်သွားတဲ့အသားတွေ၊ အရိုးတွေကို ခုတ်ပေးတယ်။ အဲဒီမှာပဲ မေ့သွားတယ်”ဟု သူကဆက်လက်ပြောသည်။ သူသတိရတော့ စခန်းချထားသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အောက်ထပ်တွင် ရောက်နေခဲ့ကြောင်းကို တင်ထွန်းအောင်ကပြောသည်။ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအန္တရာယ် အကြီးမားဆုံးနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ မိုင်းထိသူစာရင်းထဲတွင် သူလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားခဲ့ရသည်။

“ဆောင်းတွင်းဆိုတော့ ကိုက်လွန်းလို့ တစ်ချိန်လုံးအော်နေရတယ်။ အော်နေရလည်း ဘယ်သူမှလာပြီး သိပ်မကြည့်ဘူး။ ရေတွေဘာတွေလည်း (ပေါ်တာ)အချင်းချင်းတွေပဲ လာတိုက်တယ်”ဟု သူကပြောသည်။ မုတ်သုံသစ်တောများနှင့် သွားလာရခက်ခဲသော မြန်မာပြည်၏ တောတွင်းတစ်နေရာတွင် မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသည့် ကိုတင်ထွန်းအောင်တစ်ယောက် ရက်ကြာကြာမစောင့်ရဘဲ အဖော်တစ်ယောက်ထပ်ရခဲ့သည်။ သူမိုင်းထိပြီး ရက်ပိုင်းအကြာတွင် နောက်ထပ်ရဲဘော်တစ်ဦးလည်း မိုင်းဒဏ်ရာဖြင့် ရောက်လာခဲ့သည်ဟု သူကပြောသည်။ “အားလုံးရိက္ခာလည်း ပြတ်နေကြတာ။ မဖြစ်ခင် နှစ်ရက်လောက်ကတည်းက စခန်းတစ်ခုလုံး ငှက်ပျောအူပဲစားနေရတယ်။ ဒဏ်ရာအတွက် ဆေးလည်းသိပ်မရှိဘူး”ဟု ကိုတင်ထွန်းအောင်ကပြောသည်။ ဆောင်းတွင်း၏ အအေးဒဏ်နှင့် သူ့ဒဏ်ရာနာကျင်ကိုက်ခဲမှုကို ခြောက်ရက်လောက်ခံစားခဲ့ရပြီးမှ ကြယ်ပြောင်ကုန်းဟု သူသိသည့်နေရာတစ်ခုသို့ အဆင့်ဆင့်ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ “ကြယ်ပြောင်ကုန်းရောက်သွားတော့ စစ်တပ်က ဆေးဗိုလ်ကြီးတွေရှိတယ်။ သူတို့ကတော့ စစ်သားတစ်ပိုင်း၊ ဆရာဝန်တစ်ပိုင်းဆိုတော့ ဆက်ဆံတာ နွေးနွေးထွေးထွေးရှိတယ်။ ဆေးကအစ၊ ဆေးထိုးပေးတာကအစ စေတနာပါတယ်”ဟု သူကပြောသည်။

အကျဉ်းကျ ခံနေရသူ သူ့အတွက် သဘောကောင်းပြီး လူသားချင်းစာနာစိတ်ရှိသည့် တပ်မတော်မှ ဆရာဝန်များ၏ အကူအညီပေးမှုကြောင့် သူ့မိသားစုနှင့် အဆက်အသွယ် ရရှိခဲ့သည်။ သူဆေးကုသခံရာ ဆေးရုံဆီသို့ သူ့မိခင်နှင့် ဆွေမျိုးအချို့ ရောက်ရှိလာတော့ သူရင်မဆိုင်ရဲခဲ့ကြောင်းပြောသည်။ “သူတို့အသံကြားလိုက်တော့ ငိုချင်စိတ်ပေါက် လာပြီး ၀မ်းနည်းသွားတယ်။ ဒီလိုဖြစ်တာကို သူတို့မမြင်စေချင်ဘူး။ အားနာသွားတယ်။ အဲဒါနဲ့ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်”ဟု သူကပြောသည်။ တပ်မတော်စစ်ဆေးရုံ များတွင် လနှင့်ချီပြီး ဆေးဝါးကုသမှု ခံယူနေစဉ် သူ့အား ထောင်ဒဏ်မှလွှတ်ပေးကြောင်း အစိုးရအရာရှိများက လာရောက် အကြောင်းကြားခဲ့သည်။ သို့သော်လည်း သူနှင့်ဘ၀တူ မိုင်းဒဏ်ခံ အကျဉ်းသားပေါ်တာ အချို့ကတော့ ထောင်ထဲပြန်ဝင်ခဲ့ရကြောင်း သူကပြောသည်။

ကျောင်းသား၊ အစိုးရ၀န်ထမ်း၊ မြေအောက်နိုင်ငံရေးလှုပ်ရှားသူ၊ နိုင်ငံရေး အကျဉ်းသား၊ ပေါ်တာလုပ်သား၊ မိုင်းနင်းမိသည့် လူတစ်ယောက် စသည့်ဘ၀အစုံစုံကို ဖြတ်သန်းခဲ့သည့် ကိုတင်ထွန်းအောင်တစ်ယောက် လူ့အဖွဲ့အစည်းအတွင်း ပြန်ဝင်လာတော့ လက်ကမ်းပေးသူများရှိသလို ရှောင်ဖယ်သူများလည်းရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နွေးနွေးထွေးထွေး အားပေးစကားပြောမည့်သူများ သူ့ဆီရောက်လာသလို သားသမီးများကို နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေစေလိုသူများအတွက်လည်း သူကနမူနာဖြစ်ခဲ့ရသည်။ ယခုတော့ ကိုတင်ထွန်းအောင်တစ်ယောက် မိုင်းနင်းမိသည့်ခြေတစ်ဖက်ကို အတုဖြင့်အစားထိုးကာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကို ပြန်လည်လုပ်ဆောင်နေခဲ့သည်။ ဆုံးရှုံးသွားသည့် သူ၏ခြေတစ်ဖက်အတွက် အစိုးရက တရားဝင်နစ်နာကြေးလည်း ပေးသေးသည်။ “ကျွန်တော် ခြေတစ်ဖက်ဆုံးသွားလို့ဆိုပြီး အိမ်ကို အရာရှိတစ်ယောက်က ငွေလာပေးတယ်။ ပိုက်ဆံ ၆၀၄၀ လာပေးတယ်”
Credit --
7Day News

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.