
မိုးညှင်း၊ ဇန်န၀ါရီ ၆။
ကချင်ပြည်နယ်မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူများအား ပြည်သူ့ရဲတပ်ဖွဲ့သို့ သတင်းပေးပို့သူ တစ်ဦး၏နေအိမ်သို့ မူးယစ်သားကောင်များက ဇန်န၀ါရီ၅ရက်ည(၈)နာရီခွဲခန့်တွင် လက်ပစ်ဗုံးနှင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
ပြည်သူ့ရဲတပ်ဖွဲ့ အားအစဉ်ကူညီဆောင်ရွက်နေသော တောင်သူဦးထွေး၏ နေအိမ်ကို အလျား၈လက်မ၊ရှေ့ခေါင်း အပိတ်အချင်း၂လက်မခန့်ရှိသော စိမ်းနုရောင် တရုတ်လက်လုပ် လက်ပစ်ဗုံးအဟောင်းဖြင့် ပစ်ခတ်ပြီး လူငယ်၎ဦးခန့် ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည်။
တောင်သူဦးထွေးသည်ဇနီးနှင့်အတူနေအိမ်၌ တီဗီကြည့်နေစဉ် အိမ်ဝင်းတံခါးထရံသို့ ပစ်ပေါက်သံကြား၍ ထကြည့်ရာ နေအိမ်လှေခါးအတက်တွင် ယမ်းငွေ့ထွက်နေသော တရုတ်လက်ပစ်ဗုံးအား တွေ့ရသဖြင့် သက်ဆိုင်ရာသို့ ချက်ချင်းအကြောင်းကြားခဲ့သည်ဟု ဦးထွေးက ပြောသည်၊၊
မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူး၊ မြို့မရဲစခန်းမှ ဒုရဲစခန်းမှူး ၊ နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့၊ အရှေ့စုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သွားရောက် စစ်ဆေးခဲ့ရာ ရဲစခန်းနှင့် ၁မိုင်ခန့်ကွာဝေးသော ဦးထွေး၏ ခြေတံရှည်အိမ် သွပ်မိုးပျဉ်ကာ တစ်ထပ် အိမ်ရှေ့သို့ လူငယ်(၄)ဦးခန့် ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ကာ ၀ါယာကြိုးမပါဘဲ ယမ်းအနည်းငယ်သာ ပါရှိသော လက်ကိုင်လက်ပစ်ဗုံးအား အိမ်ပေါ်သို့ ပစ်တင်ခဲ့သည်ဟု ဆိုသည်။
၎င်းလက်ပစ်ဗုံးသည် ယမ်းငွေများထွက်ပြီး မပေါက်ကွဲဘဲ ရှိနေကြောင်း၊ ဗုံးမကွဲသဖြင့် တပတ်လည် ပြန်လာကြည့်သူ ရဲဝင်းထွန်း(ခ) ဘရမ်ဆိုင်းကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု နယ်ထိန်းအဖွဲ့မှ ပြောခဲ့သည်။
အရှေ့စု(၄)လမ်းနေ ရဲဝင်းထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ဂျာနော်၊ စိုးသီဟ၊ ရန်ပိုင်စိုးတို့အား ဖားကန့်မြို့နယ် ဂျာလျှံရွာနေ ဂျာဆိုင်းဆိုသူမှ ငွေ(၁၀)သိန်းပေး၍ ခိုင်းစေခဲ့ကြောင်း သိရသည်။ အသက်၁၈နှစ်ရှိအဘဦးထွန်းတင့်အောင်၏သား တရားခံရဲဝင်းထွန်းအား(ပ)၅/၁၃ဖြင့် အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေသူများအား ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း နယ်ထိန်းခေါင်းဆောင်မှ ပြောသည်။
သီဟအောင်(ကချင်)
The Myanmar CNN










Myanmar Kyat Converter
Comments (0)
Post a Comment