Posted by Black Magic | Posted in သတင်းများ | Posted on 4:36 AM

ရန်ကုန် ၊ မဇ္ဈိမ ။ ။ တက္ကစီ စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လေးဒေါင့်ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။
စောင့်ဆိုင်းနေစဉ် ပရိုဘောက် အဖြူရောင်အငှားယာဉ်အား ငှားစီးလာသူ ရဟန်းဝတ် ဦးခေမိန္ဒ(ခ)စိုးဖြူအောင် (၄၅)နှစ်နှင့် ကိုကိုဝင်း (၃၉)နှစ်ဆိုသူတို့ကို ထိန်းသိမ်းပြီး ငမိုးရိပ်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆောင် စစ်ဆေးခဲ့ကြသည်။
ထို့ကြောင့် ဦးခေမိန္ဒ လွယ်ထားသော ထိုင်းစာတန်းပါ အဝါရောင်လွယ်အိတ်အတွင်းမှ အစိမ်းရောင် ကြွပ်ကြွပ်အိတ်အတွင်း အဖြူရောင်ပလပ်စတစ်များနှင့် ထုပ်ထားသော ICE (၅၀၀) ဂရမ်ကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ ICE မူးယစ်ဆေးဝါးများမှာ တစ်ဂရမ်သည် ကာလတန်ဖိုး (၂၀၀၀၀)ကျပ် ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၀၀) တန်ကြေး ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ယင်းအပြင် အဆိုပါ သံဃာထံမှ လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဦးကိုကိုဝင်းထံမှလည်း လက်ကိုင်ဖုန်း (၁) လုံး တို့ကို သိမ်းဆည်းခဲ့သည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ရဟန်းကို မြို့နယ်သံဃာ့နာယကအတွင်းရေးမှူး ဆရာတော် က လူဝတ်လဲပေးခဲ့ပြီး ဥပဒေအရ အရေးယူမှု ပြုနိုင်ရန် အပ်နှံပေးခဲ့သည်။
ထို့ကြောင့် ဦးခေမိန္ဒ(ခ) စိုးဖြူအောင်နှင့် ဦးကိုကိုဝင်းတို့အပေါ် အရေးယူပေးရန် ရဲအုပ် ဝင်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။
ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ) ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ တို့ဖြင့် တရားစွဲတင်နိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်။
ဇော်ဇော်ထွေး










Myanmar Kyat Converter
Comments (0)
Post a Comment