ရိုမန်းဘော့ထ်ဂယက်

Posted by Black Magic | Posted in , , | Posted on 10:21 PM

 
ယခုရက်ပိုင်း စာပေလောက အတွင်းသာမက လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ပင် ကျယ်ပြန့်စွာ ရိုက် ခတ်သွားခဲ့ပြီး လူအများစု ဆွေးနွေးဝေဖန်မှု များနေသည့် အမည်တစ်ခုက ရိုမန်းဘော့ထ်ဖြစ်သည်။


ရိုမန်းဘော့ထ်ဆိုသည့်အသံ က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တစ်ခွင် ကျယ်ကျယ်လောင်လောင်ဖြစ်လာရပြီး စာပေလောက အတွင်းမှာပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေခဲ့သည်။ ရိုမန်းဘော့ထ်ဟူသည် အဘယ်နည်းဟု မသိသူတို့က မေးမြန်းလာကြသည်။ မဖတ်ရသေး သူတို့က အသည်းအသန်လိုက် လံရှာဖွေဝယ်ယူနေကြ သည်။ ထုတ်ဝေပြီး ရက်ပိုင်းမှာပင် ရိုမန်းဘော့ထ်က ကျပ် ၂၅၀၀မှ ကျပ် ၄၀၀၀ အထိ ဈေးခုန်တက်သွားခဲ့ သည်။ ဇွန်လ ၂၃ ရက်တွင် ထိုစာ အုပ်၏ ပေါက်ဈေးက ကျပ် ၈၀၀၀ နှုန်းအထိ မြင့်တက်လာသည်။

ရိုမန်းဘော့ထ်သည် စာအုပ်တစ်အုပ်ဖြစ်သည်။ ဇာတ်လမ်းတစ်ခုပါဝင်သည်။ သို့သော်စာအုပ်ပါ အကြောင်းအရာတို့မှာ လိင်အသားပေးလွန်းသည့် အပြာ စာပေဖြစ်ကြောင်း ဝေဖန်နေကြ ခြင်းဖြစ်သည်။ ရတနာဝင်းထိန်၊ မန္တလာမောင်မောင်တုတ်၊ ဇမ္ဗူတလူအစရှိသည့် အမည်များဖြင့် ထွက်ရှိဖူးသည့် လိင်ပိုင်း ဆိုင်ရာ စာအုပ်များတစ်ခေတ်ပြီးနောက် ယခုကဲ့သို့ ၁၈+ဟုခေါ်သည့် လိင် အပြာစာပေဆန်ဆန် စာအုပ် တစ်အုပ်ကို တရားဝင်ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

ယခင်က လိင်ဆိုင်ရာစာအုပ်များကို ခွင်ပြုချက်မဲ့ တရားမ၀င် ထုတ်ဝေဖြန့်ချိခဲ့ကြပြီး ပန်းဆိုးတန်းရှိ စာအုပ် အဟောင်းဆိုင် တန်းများတွင် ခိုးကြောင်ခိုးဝှက် ၀ယ်ယူဖတ်ရှုခဲ့ကြသည့် ခေတ်အလွန် စာပေလွတ် လပ်ခွင့် အထိုက် အလျောက်ရရှိလာသော အချိန်တွင် ယခုစာအုပ်က စာအုပ်ဆိုင်များပေါ်သို့ ရောက်ရှိလာ ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက် ကစတင်၍ စာပေထုတ်ဝေမှုများ အားလုံး အထိုက်အလျောက် ဖြေ လျှော့ပေးခဲ့သည်။ ထိုနောက်ပိုင်း တွင် စာရေးဆရာ မိုးသက်ဟန်က လိင်ပိုင်း ဆိုင်ရာအရေးအသားအ နည်းငယ်ပါဝင်သော်လည်း ယခု စာအုပ်လောက်မကြမ်းသည့် ပြင်သစ်ဝတ္ထု စာ အုပ်တစ်အုပ်ကို ဘာသာပြန်ရေးသား ထုတ်ဝေခဲ့ဖူးသည်။

အောင်ရင်ငြိမ်း၏ ယခုစာအုပ်မှာ လူငယ်များကို လမ်းမှား ရောက်အောင် တွန်းပို့နေသည့် စာအုပ်ဖြစ် ကြောင်း၊ မုဒိမ်းမှုများ ပြားနေသည့် ကာလတွင် အမှုများထပ်တိုးအောင် လှုံ့ဆော်ပေးနေသကဲ့သို့ဖြစ် နေကြောင်း၊ စာပေလွတ် လပ်ခွင့်သည် ယခုစာအုပ်မျိုး ထွက်လာစေရန် ပေးထားခြင်းမဟုတ် ကြောင်း၊ ယခုစာအုပ်ကို ခွင့်မပြု သင့်ဘဲ ကန့်ကွက်ကြောင်း စသ ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူတို့က အင်တိုက်အား တိုက် ဝေဖန်ခဲ့ကြသည်။

လိင်ပိုင်းဆိုင်ရာအပြာစာ အုပ်လုံးဝမဟုတ်ကြောင်း စာရေး သူ အောင်ရင်ငြိမ်းက ငြင်းချက် ထုတ်ထား သည်။ သို့ရာတွင် ဖတ် ရှုပြီးသူများနှင့် မဖတ်ရှုရသေးဘဲ ဝေဖန်နေကြသူများကတော့ အပြာစာအုပ် သာဖြစ်ပြီး မထုတ်ဝေသင့်ကြောင်း ရှုတ်ချလျက်ရှိသည်။

‘‘ပြစ်မှုပုဒ်မ ၄၁၇ ကာမလိမ် လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဓိကဇာတ်ကောင် မစ္စတာ ရိုမန်းဘော့ထ်၊ တရားရင်ဆိုင်မှုနဲ့ အပြိုင်လိင်ကိစ္စ အရှုပ်အထွေးများ၊ ရဲရင့်ပွင့်လင်းလွတ်လပ်သော လိင်ပိုင်းဆိုင်ရာ အရေးအသားများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် အပြစ်ဆိုသော စကားရပ်များအပေါ် အမြင်သစ်များ၊ ကိုယ့်ကျင့်တရားနှင့် လူမှုကျင့်ဝတ် အသစ်များ’’ဟု စာအုပ်ကို ကြော်ငြာထားသည်။

ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်ကို ကဗျာဆရာတစ် ယောက်ရဲ့ ဆိုက်ကိုနောက်ခံ ၀တ္ထုဟု နောက် ကျောဖုံးတွင် ရေးသားထားပြီး ဝေဖန်ရေးစာရေး ဆရာမင်းခက်ရဲနှင့် စာရေးဆရာမလေးတို့က အမှာစာ ရေးသားခဲ့ကြသည်။ အဆိုပါစာအုပ်ကို ဈေးကွက်ထဲသို့ ဖြန့်ချိပြီး ရက်ပိုင်းမှာပင် သတင်းစာဆရာ စည်သူ အောင်မြင့်က စာအုပ်အပေါ် ဝေဖန်ချက် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ကာ IRRAWADDY ၀က်ဘ် ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

‘‘ပြောရရင် နိုင်ငံမှာ မုဒိမ်းမှု ဖြစ်ပွားမှုနှုန်းမြင့်တက်နေချိန်၊ အဲ ဒီအထဲကမှ လူမဆန်တဲ့ သက်ငယ်မုဒိမ်း အမှုတွေက ရာခိုင်နှုန်း အချိုးအစားအများကြီး ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောရောက်နေချိန် ဒီဝတ္ထု ထုတ်ဝေလာတာပါ’’ဟု ဆောင်းပါးရှင် စည်သူအောင်မြင့် က မှတ်ချက်ပေးထားသည်။

‘‘ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ်လို့ခေါ်တဲ့ လူတစ်ပိုင်း၊ စက်တစ်ပိုင်းလူ၊ သူ့ပတ်ဝန်း ကျင်ကတော့ သူ့ကို လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့ သူ။ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံအိပ်စက် လိင်ဆက်ဆံနေ တဲ့သူ။ အဲဒီအထဲမှာ ရိုးရိုးအမျိုး သမီးတွေပါသလို (၁၇) နှစ်အ ရွယ်၊ အရွယ်မရောက်သေးသူ လည်းပါ၊ အသက်ကြီးကြီး ယော က်ျားနဲ့ ကလေးတွေရထားတဲ့ အိမ် ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။ အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိ တဲ့ မိန်းမနဲ့ တိတ်တဆိတ်လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း အသေ အချာတရား ဟောထားလေရဲ့’’ဟု စည်သူ အောင်မြင့်က စာအုပ်တွင်ပါဝင် သည့် ဇာတ်လမ်းအသွားကို ရှင်းပြထားသည်။

ထိုသို့ဖော်ပြခြင်းမှ စတင်ကာ အဆိုပါရိုမန်းဘော့ထ်စာအုပ်က လူသိပိုများသွားခဲ့သည်။

နိုင်ငံခြားသတင်းဌာနတစ်ခု မှ ဓာတ်ပုံဆရာကိုလင်းဘိုဘိုက ‘‘အပြာစာအုပ်ကို ရေးတာ၊ ထုတ်တာ မအံ့သြပါဘူး။ အပြာစာအုပ်ကို သေသေချာချာဖတ်ပြီးမှ အတည်ကြီး မီဒီယာတွေမှာ အားပါး တရဝေဖန် တဲ့သူတွေကိုပဲ အံ့သြတာ။ တစ်တစ်ခွခွ စာကောက်လေးတွေနဲ့ ဆိုတော့ အပြာစာအုပ်ကို ကြော်ငြာအမှာ စာရေးပေးသလိုခံစားရတယ်’’ဟု ရိုမန်းဘော့ထ် စာအုပ်ကို စတင်ဝေဖန်ခဲ့ရာတွင် ကြော်ငြာဆန်သည်ဟု ဝေဖန်ခံရသည့် ကိုစည်သူအောင်မြင့်အပေါ် သုံးသပ်ထားသည်။

မျက်နှာဖုံးသရုပ်ဖော်ပုံမှာ ရိုဘော့ထ်စက်ရုပ်တစ်ရုပ်ကို အပေါ်ပိုင်းဗလာဖြင့် အမျိုးသမီးတစ်ဦးက ဖက်အိပ် နေပုံဖြစ်သည်။ ထိုစာအုပ်ကိစ္စက လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်ပေါ်တွင် ယခုနောက်ပိုင်း စာအုပ်တစ်အုပ်နှင့် ပတ်သက်၍ စိတ်ဝင်စားမှုအများဆုံး၊ ဝေဖန် ပြောဆိုမှုအခံရဆုံးတစ်ခုဖြစ်လာခဲ့သည်။

စာပေလွတ်လပ်ခွင့်ပေး လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့လိင်အရေးအသားများ ပါဝင်သည့် စာအုပ်ထွက်ရှိ လာခြင်းအပေါ် စာဖတ်ပရိသတ်က မဖြစ်သင့်ကြောင်း ဝေဖန်လိုက်ကြပြီး စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

‘‘လူနဲ့ တိရစ္ဆာန်ကွာတာ အ ရှက်တရားပါ။ ပွင့်လင်းတာနဲ့ အရှက်နည်းတာ မတူပါ။ ကိုအောင်ရင်ငြိမ်းဟာ ဒီမိုကရေစီရဲ့ သဘောအရ လွတ်လပ်မှုကို လိုချင်ရင် ဒီ မိုကရေစီရဲ့ အများမကြိုက်ရင် လုပ်ဖို့မသင့်ဆိုတာ လက်ခံရမှာ ပါ။ ခုဟာက ဗိုလ်ချုပ်ပြောသလို လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ် တက် ဆေးရိုးလှမ်းတာပါ။ သူက ဆေးရိုးလှမ်းရုံမက ဖင်လှန်ပြီး ချီး ယိုတာပါ။ ပညာရေးနိမ့်နေတော့ နဂိုကမှ စဉ်းစားတွေခေါ်မှုအား နည်းပြီး ဆင်ခြင်တုံတရားနည်း နေတာပြောပြဖို့ ခက်မယ်။ မမျှော် လင့်နိုင်တဲ့ ပြဿနာတွေ ပေါ်လာပါလိမ့် မယ်။ ခုတောင် ကျောင်းသား/သူတွေ စာသင်ခန်းမရောက်ဘဲ တည်းခိုခန်းတွေရောက်နေတာ၊ တည်းခို ခန်းတွေ ဧည့်သည်အမှန်နဲ့ ရပ်တည်နေတာလား။ ကျုပ်တို့ကလေးတွေမှာ လမ်းလွဲနေပါတယ်ဆိုမှ သူက တွန်းချနေတာ။ သူခွဲတဲ့ ဗုံးက အနုပညာကွဲ၊ မကွဲမသိဘူး။ ယဉ်ကျေးမှုနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်တော့ အသေခံခွဲသူနဲ့အတူ သေသွားပါတယ်’’ဟု ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂမှ အတွင်းရေးမှူး ဦးဇော်မျိုးလှိုင် ကပြောသည်။

ကဗျာဆရာအောင်ရင်ငြိမ်း သည် ယခင်ကလည်း ‘‘တစ်ကိုယ် ရေအာသာဖြေခြင်း’’ဟု အမည် ပေးထား သည့် စာအုပ်တစ်အုပ် လည်း ထုတ်ဝေခဲ့ဖူးသည်။ ယခုစာအုပ်ကိစ္စပျံ့နှံ့ဆူညံနေချိန်တွင်ဇွန်လ ၂၁ ရက်က ‘‘ရိုမန်း ဘော့ထ်စာအုပ်ကို ဆိုင်တွေက ပြန်သိမ်းဖို့ဖြန့်ချိရေးကို ပြောထားပါတယ်’’ဟု အောင်ရင်ငြိမ်းက ဖေ့စ်ဘွတ်ခ်တွင် သတင်းပါးခဲ့သည်။

ထိုသို့ပြန်သိမ်းထားသင့် ကြောင်းကို စာပေမူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးက အောင်ရင်ငြိမ်း ထံ ဖုန်းဆက်၍ အကြံပေးခဲ့ခြင်းဖြစ်သည်။

စာအုပ်တစ်အုပ်လုံးတွင် ဇာတ်လမ်းနှင့် ဇာတ်ကောင်စရိုက် အစား လိင်ဆက်ဆံသည့်အခန်း များကိုသာ ရွေးချယ်၍ ဝေဖန်မှု များပြားနေခြင်းဖြစ်သည်။ အောင် ရင်ငြိမ်း ရေးသားရာတွင် ကာမပိုင်မိန်းမတစ်ဦးနှင့် လိင်ဆက်ဆံခြင်းက အပြစ်မရှိသည့် သဘောသက်ရောက်မှုအချို့ကြောင့်လည်း ဝေဖန်မှုပြင်းထန် ခဲ့ကြခြင်းပင်။

‘‘မိန်းမတွေနဲ့လိင်ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေကိုပဲ ဝေဖန်နေကြတာ ခင်ဗျားတို့ မသိစိတ်မှာ အပြာရောင် တွေ လွှမ်းမိုးနေလို့လား။ ကျွန်တော့်ရဲ့ တရားဥပဒေ နဲ့ ဆိုင်တဲ့အမြင်တွေ လိင်လွတ် လပ်ခွင့်အမြင်တွေ ကို ဆွေးနွေးဖို့ ပျက်ကွက်နေကြတာ ခင်ဗျားတို့ ဉာဏ်မမီလို့လား၊ ရှေးရိုးစွဲ အသိ အမြင်ချိုးဖောက်မှုတွေ ကို မမြင် ချင်ဟန်ဆောင်နေကြတာ မျက် ကန်းရှေးရိုးစွဲတွေ မို့လို့လား’’ လို့ အောင်ရင်ငြိမ်းက ဆိုသည်။

စာရေးဆရာဝေမှူးသွင်က လည်း ‘‘ပြည်ပမှာအနေကြာတဲ့ မြန်မာမိတ်ဆွေတချို့ကလည်း အောင်ရင်ငြိမ်း အကြောင်း သေချာမသိတော့ အောင်ရင်ငြိမ်းဆိုတာ ခေါင်းလားလို့ ကျွန်တော့်ကို စိတ်တိုတိုနဲ့ လှမ်းမေး ကြတာရှိတယ်’’ ဟု ဆိုခဲ့သည်။

‘‘အထဲမှာ တစ်တစ်ခွခွရေး ထားပေမယ့် ဖတ်သင့်၊ မဖတ်သင့်ဆုံးဖြတ်လို့ရအောင် စာရေးသူက စာအုပ်အ ဖုံးမှာ ရေးပေးထားပါတယ်။ ဒါကြောင့် မဖတ်ချင်ရင် အစကတည်းက မဖတ်ဘဲ နေလို့ရပါတယ်။ မလိမ့် တပတ်နဲ့ ယူဖတ်အောင် လုပ်ထားပုံတော့ မပေါ်ပါဘူး။ ဒါပေမဲ့ (၁၈) နှစ် အထက်သာဖတ်ရန်ဆိုတာကို မြန်မာလို ဒီထက်ကြီးကြီးလေးရေးပြီး စာအုပ်ဝယ်မယ့်သူအတွက် သိသာအောင်လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမှာပါ။ စာအုပ်ဆိုင်မှာလည်း တခြားစာအုပ်တွေနဲ့ မရောဘဲ သီးသန့်တင်ပေးထားရင် ကောင်း မယ်။ ဒီစာပေအမျိုးအစားရဲ့ အကျိုးနဲ့ အပြစ်ကို ဆွေးနွေးရမယ်ဆိုရင်တော့ တော်တော်ရှည်လျား ပါလိမ့် မယ်။ ဆိုးကျိုးသက်သက်ပဲ ဖြစ်စေတာတော့ မဟုတ်ပါဘူး’’ ဟု စာဖတ်သူနေမျိုးနိုင်ကလည်း ဖေ့စ်ဘွတ်ခ် တွင် မှတ်ချက်ပေးခဲ့သည်။

‘‘ရိုမန်းဘော့ထ်မှာပါတဲ့ လိင် ဆက်ဆံတဲ့ အရေးအသားတွေက အနုစိတ်လွန်းသွားတယ်လို့ထင် တယ်။ ဒီအခန်းတွေကို လိုအပ် လို့ထည့်ထားတယ်ဆိုပေမယ့် မ ရောင်ရာဆီလူးလွန်းသွားတာက အခုလို ဂယက် ပွက်သွားတယ်လို့ မြင်မိပါတယ်။ အဲဒီအခန်းတွေ အနုမစိတ်ရင်လည်း စာရေးသူ ပြောချင်တဲ့ Message ကိုလာပြီး ထိ ခိုက်မယ်မထင်ဘူး’’ဟု ကဗျာ ဆရာ လင်းလက်တာရာကပြော သည်။

အောင်ရင်ငြိမ်းကတော့ သူ ၏လက်ရာရိုမန်းဘော့ထ်ဘက်မှ အခိုင်အမာရပ်တည်နေဆဲပင်။

‘‘တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ဘူး’’စသဖြင့် အောင်ရင်ငြိမ်း က ဆက်တိုက် ကာကွယ်နေခဲ့သည်။ ထို့နောက် အောင်ရင်ငြိမ်း(သို့) ရိုမန်းဘော့ထ် ကြီးက သူနှင့် သူ့စာအုပ်ကို ဝေဖန် ရှုတ်ချနေကြသူများကို အောက်ပါ အတိုင်း မေးခွန်းထုတ်လိုက်သည်။

‘‘ရိုမန်းဘော့ထ်ဝေဖန်သူ တွေကို မေးခွန်းတစ်ခုပဲမေးချင် တယ်။ အပြာခန်းတွေပဲ ရွေးဖတ် ခဲ့ကြသလား’’ ဟု ဆိုသည်။

‘‘သမီးရှင်တစ်ယောက် အနေနဲ့ဗျာ ကျွန်တော်တို့မိဘတွေဆိုတာ ကိုယ့်မိဘတွေဆီကနေ လက်ဆင့်ကမ်း အမွေနဲ့ သားသမီးကို သွန်သင်ရတာရှိတယ်။ ဘုရား ဟောတရားအဆုံးအမကို ကိုးကားတာရှိတယ်။ ကိုယ်တိုင် စာဖတ်ခြင်းကြောင့် ဖြစ်လာတဲ့ အသိတွေနဲ့ လမ်းပြတာရှိတယ်။ (၁၈) နှစ်အောက် မဖတ်ရ ဆိုတော့ အဲဒီစာရေးဆရာက မဖတ်အောင် တာဝန်ယူရဲလို့လား။ သိပ်ကို ခေတ်မီချင်ရင် အင်္ဂလိပ်စာကျွမ်း အောင်လုပ်၊ နိုင်ငံခြားမှာ သွားရေး။ မြန်မာပြည်မှာတော့ လာမရေးနဲ့ဗျာ။ သူရေးတဲ့စာ သူ့သားသမီးကို ပေး ဖတ်ရဲသလား။ ဒါပါပဲ။ လုံးဝလက်ခံစရာမရှိပါဘူး’’ ဟု နေပြည်တော်မှ သမီးတစ်ယောက် ဖခင် ဦးသက်နောင်ကပြောသည်။

ထိုကဲ့သို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် အောင်ရင်ငြိမ်း၏ ရိုမန်းဘော့ထ်ကို မလိုလားသူနှင့် ရိုမန်း ဘော့ထ်ကို လက်ခံသူတို့ နှစ်ဖက်အငြင်းပွားမှု ပြင်းထန်လာချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင် ခွင့်နှင့် မှတ်ပုံတင်ရုံးမှ အောင်ရင်ငြိမ်းကို တရားစွဲဆိုမှုများပြုလုပ်၍ အရေးယူသွားရန် စီစဉ်နေ ပြီဖြစ် ကြောင်း သတင်းများထွက်ပေါ်လာသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကလည်း မြန်မာနိုင်ငံ၏ စာပေလွတ်လပ်ခွင့် အပေါ် တလွဲ အသုံးချသူများရှိနေသည့်အတွက် ယင်းကဲ့သို့ တလွဲအသုံးချနေမှုကို ပြည်သူများအားလုံးက ၀ိုင်းဝန်း ထိန်းသိမ်းသင့် ကြောင်း ပြောကြားလိုက်သည်။

စာအုပ်ကို မတွေ့မဖတ်ရှုရသေးဘဲ စာအုပ်ရရှိပါက အဖွဲ့လိုက်ဖတ်ရှုကာ သုံးသပ်သွားမည် ဖြစ် ကြောင်းနှင့် လူငယ်များကိုပါ ပျက်စီးစေနိုင်သည့်အတွက် အားလုံးက ထိန်းသိမ်းပေးသင့်ကြောင်း ဦးရဲထွဋ် ကပြောကြားခဲ့ခြင်းကို ဒီမိုကရေစီ တူဒေးသတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

‘‘ပြန်ကြားရေးက အရေးယူ တရားစွဲမယ်ဆိုရင် အရမ်းစိတ်ဝင် စားစရာကောင်းတဲ့အမှုတစ်ခု ဖြစ်သွား လိမ့်မယ်’’ဟု ငါတို့စာပေမှ ထုတ်ဝေသူ ကိုစန်းမွန်အောင်က ပြောသည်။

ထို့နောက် ကိုစန်းမွန်အောင် က အဆိုပါစာအုပ်အပေါ်တွင် ‘‘၁၈ နှစ်အောက်မဖတ်ရတဲ့ စာ အုပ်မျိုးဆိုရင် လွယ်လွယ်ကူကူ ၀ယ်မရတဲ့ နေရာမှာ ရောင်းချသင့်တယ်။ စာအုပ်ဆိုင်တွေမှာ ပေါ်ပေါ်ထင်ထင် ရောင်း တာမဟုတ်ဘဲ နေရာသီးသန့်ထားပြီးတော့ တင် ပေးထားတာမျိုး လုပ်သင့်တယ်။ တချို့က ဒါကိုမြင်ရင် ရှော့ခ်ဖြစ် နိုင်တယ်။ တချို့လူတွေကျတော့ ဒီလိုစာပေမျိုးတွေ ဖတ်ခဲ့ဖူး၊ ရုပ် ရှင်တွေ ကြည့်ခဲ့ဖူးတဲ့သူတွေ အများကြီးပါပဲ။ ဒါတွေက လူသားဘ၀ထဲမှာ ရှိနေမယ့်အရာတွေပါ ပဲ’’ဟု ဆိုသည်။


7Day Daily
No.420 Wednesday, June 25, 2014 a

နာမည်ကြီးနေတဲ့ ကဗျာဆရာ၊ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ စာအုပ်အကြောင်း တစေ့တစောင်း

Posted by: Ko Myo on Tuesday, June 24, 2014 Categories: အသက် (၁၈)နှစ်အထက် ဖတ်စာများ ရှေ့ရက် အနည်းငယ်လောက်က မီဒီယာမှာ နာမည်ကြီးခဲ့တဲ့ ညစ်ညမ်းစာပေနဲ့ ပတ်သက်ပြီး အများပြော ဆိုဝေဖန် နေကြတဲ့ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ နဲ့ ယခင် ထွက်ခဲ့တဲ့ စာအုပ်တွေ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ခ် လူမှုကွန်ယက်မှာ ပြောဆိုနေကြသူ တစ်ချို့ရဲ့ အရေး အသားတွေကို ယှဉ်ပြ တင်ဆက်လိုက်ပါတယ်။

” ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း ရေးသားထားတဲ့ ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်ကို ညစ် ညမ်းစာပေလို့ သတ်မှတ် ဝေဖန်ခဲ့ကြပါတယ်၊ ကဗျာဆရာ စာရေးဆရာ အောင်ရင်ငြိမ်း၏ ယခင် ထွက် ထားခဲ့တဲ့ စာအုပ် နာမည်လေးကလည်း သင်းပါတယ်၊ဘာတဲ့ ..တစ်ကိုယ်ရေ အာသာဖြေခြင်း တဲ့ဗျာ..။(ဟာဂျူလီ-ကသာ) ” ဒါကတော့ သတင်းတွေနဲ့ ကာတွန်းတွေ တင်ဆက်ရေးသားနေတဲ့ ဆရာ ဟာဂျူလီရဲ့ ပြောဆိုချက်ပါ။

နောက်တစ်ခုကတော့ မင်းသုဇင် ရဲ့ အမေးအဖြေ ဆန်ဆန် ရေးသားချက် ဖြစ်ပါတယ်။ နှိုင်းယှဉ် ဖတ်ရှု ကြပါ။

မေး။ အောင်ရင်ငြိမ်းရဲ့ ၀တ္တုကိုခင်ဗျားဘယ်လိုမြင်လဲ၊

ဖြေ။ အေးဗျ အဲ့ဒီ ၀တ္တုကို ကျွန်တော်တော့ မဖတ်ရသေးဘူး ဒီလောက်ဟော့နေတာနဲ့ စာအုပ်စုတတ်တဲ့ ကျွန်တော် ၀ယ်မယ်ဆိုပြီး ဆိုင်သွားဝယ်တာ ကုန်ပြီတဲ့။ အတော်ပဲ ကောင်းလို့လား အတော်ပဲ ကြမ်းလို့ လားတော့ မသိဘူး။ အတော်ကောင်းတဲ့ စာအုပ်တွေ ကျမ်းတွေကတော့ စာအုပ်ဆိုင်ကကို မဆင်းတဲ့ ဒီခေတ်မှာ အရောင်းသွက် စာအုပ်စရင်းဝင်တဲ့ ရှားပါးစာအုပ် စရင်းဝင်သွားတာပေါ့ဗျာ။

မေး။ အဲ့သည့်စာအုပ်ထဲမှာ အပြာဆန်ဆန် အခန်းတွေကိုကွက်ကွက် ကွင်းကွင်းရေးထားတယ် ဆိုလားပဲ

ဖြေ။ ဖေ့စ်ဘုတ်မှာတော့ ကာတွန်းဆရာတယောက်က ဝေဖန်ရင်း ဖော်ပြတာတော့ ဖတ်လိုက်ရပါတယ်။ အဲ့သည့် အခန်းတွေ အဲ့သည်လောက်လေး ပါတာကို လူတွေက အတော်အရူးအမူးနဲ့ အသည်းအသန် ၀ယ်ဖတ်နေသေးတယ်ဗျာ။ onlineပေါ်မှာ သည့်ထက်ကြမ်း သည်ထက်ကောင်းတဲ့ စာအုပ်တွေ အလကား down လို့ရနေတဲ့ ခေတ်ကြီးမှာ ရေးတဲ့သူနဲ့ ဖတ်သူ အတော်ကို အသံတူနေကြတာ အံသြကုန်နိုင်ဖွယ်ပဲ။

မေး။တချို့ကတော့ ဒါကို စာပေလွတ်လပ်ခွင့်အတွက် စံပြလို သူရဲကောင်းလို ချီးမွန်းကြ တာက လည်း အတော်များ ဆိုလား။ ခင်ဗျားကရော ဘယ်လိုထင်လဲ?

ဖြေ။ စာပေလွတ်လပ်ခွင့်နဲ့ စာပေ ရောနှောခြင်းကို လေနဲ့ ၀မ်းနဲ့ မကွဲဘူးထင်ပါရဲ့ဗျာ၊ ကျွန်တော့ သဘောထားကို ဥပမာပေးရရင် အခုကိစ္စက ဗိုလ်ချုပ်တို့ခေတ်က ဟင်္သာတမှာ ဆေးရိုး လှမ်းသလို များ ဖြစ်နေသလားလို့၊ စာပေစိစစ်ရေးတွေ ဘာတွေ မရှိတော့တာကို အခွင့်ကောင်းယူပြီး အခွင့်အရေးနဲ့ နာမည်ကြီးမှုကို အပြစ်အခတ် ရပ်တာကို လက်နကိနဲ့ ငြိမ်းချမ်းရေး လဲသလို နှစ်ပေါက်တပေါက် ရိုက် သွားတာပဲဗျ။ တော်ကြာ သူတို့လုပ်တာနဲ့ စာပေစိစစ်ရေးတွေ ဘာတွေပေါ်လာဖို့ရှိ ရင်ဖြင့် စစ်ဗိုလ်တွေ ကနေရာလေးဘာလေးများရမလားဆိုပြီး အဘတွေနား သွားကပ်နေတဲ့ လူမသိဇတ်လမ်းတွေ ဖြစ်နေ ပါအုံးမယ်။

မေး။ ခင်ဗျားက အဲ့သည်စာအုပ်ကိုလည်းသေချာမဖတ်ဖူး မြင်တောင်မမြင်ဘူးပဲနဲ့ ဘလိုင်းကြီး အပုတ်ချနေပါလား လူကြီးရ
ဖြေ။ ဒီမယ် ကိုယ့်လူ ကျုပ်က မဖတ်ဖူးဘဲနဲ့ ဖတ်ဖူးပါတယ်ဆိုပြီး ခင်ဗျားကို မလိမ်ခဲ့ဘူး။ ကိုယ့်ရဲ့ အယူအ ဆတွေကိုလည်း ဘီယာတိုက်ပြီး မပြောဘူး။ကျုပ်ပြောချင်တာက စာပေဖတ်ရှုမှုနည်းနေတဲ့ ဒီလိုခေတ်ကြီး မှာ ကိုယ်စာအုပ်လူသိရေး ရောင်းအားကောင်းရေအတွက် လိင်ပိုင်းဆိုင်ရာ ပုံနဲ့ ဆွဲဆောင်ပြီး လိင်ပိုင်း ဆိုင်ရာ ကိစ္စတွေကို ကွက်ကွက်ကွင်းကွင်းရေးပြတာကိုဆိုလိုတာဗျ၊ sexကိစ္စကိုကျုးလွန်ကြတယ်၊အလွန် ခံစားခဲ့ကြတယ်ဆိုရင် ကိုယ့်ကလောင်ကိုယ်ယုံရင်ဖြင့် အစွမ်းပြစရာတွေ အများကြီးရှိပါတယ်၊ ကိုယ့်ဆရာ ရဲ့

မေး။ ဒါဆိုဗျာ အနောက်တိုင်း စာပေလွတ်လက်ခွင့်နဲ့ တိုင်းတာရင်ရော ခင်ဗျား ဘယ်လိုပြောအုံး မလဲ။

ဖြေ။ဒီနေရာမှာ ကျုပ်ခင်ဗျားကို ၀န်ခံစရာ ရှိတယ်။ တခြားတော့မဟုတ်ဖူး၊ ကျုပ်အနောက်တိုင်းခေတ်ပေါ်နဲ့ ခေတ်ပြိုင် စာပေတွေကို မလေ့လာဖြစ်ဘူး။ စိတ်မ၀င်စားတာလည်းပါသလို ကိုယ်နားလည်တဲ့ subject လည်းမဟုတ်လို့ပါ၊ ဒါပေသည့် အနောက်တိုင်း နဲ့ပတ်သတ်တဲ့ ယဉ်ကျေးမှုတခုနဲ့ ကျွန်တော်နှိုင်းယှဉ်ပြ မယ်။ တခြားတော့မဟုတ်ဘူး ရုပ်ရှင်ကားတွေပဲဗျ။ ဟောလိဝုဒ် ရုပ်ရှင်ကားတွေတွေရဲ့ ပြောင်းလဲမှု အကြောင်းပဲ။ လွန်ခဲ့တဲ့အနှစ်နှစ်ကျော်နဲ့ သူနောက်ပိုင်းက ရုပ်ရှင်ကား အတော်များများမှာ (အထူးသဖြင့် ကတော့ သရဲကားနဲ့စစ်ကား)တွေမှာ မင်းသမီး မင်းသားချစ်ကြိုက်ခန်း(လိင်ဆက်ဆံခန်း)တွေကို အနည်း ဆုံး တခန်းတော့ ထည့်တက်ကြတယ်။ ဒါကိုကျွန်တော်က ဘွန်းဉ်ကျေးမှုလို့ နာမည်ပေးထားတယ်။ အသေးစိတ် ရှင်းပြချင်ပေမယ့် ခေါင်းစဉ် လွဲသွားမှာစိုးလို့နောက်ကြမှ ဆွေးနွေးမယ်ဗျာ။ ဒါပေမယ့် ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အဲ့သည့် အခန်းတွေထည့်ပြီး ပရိတ်သတ်ကို မဆွဲဆောင်တော့ဘူး။ ကင်မရာ အထူးပြု လုပ်ချက်တွေ နဲ့အခြားအရာတွေကို ဦးစားပေးဆွဲဆောင်လာတာကို ခင်ဗျားသတိထား မိမယ်ထင်တယ်။ လိင်ခန်းတွေကို လုံးဝမတွေရတော့ တာတော့မဟုတ်ပဲ လိုအပ်မှ ထည်သုံးတာတွေတော့ အတန်အသင့် ရှိနေတာတွေနိုင်ပါတယ်။ အဲဒါက ဘာကြောင့်ပြောင်းလဲ သွားလဲဆိုတော့ မီဒီယာတွေများပြားလာမှု ကနေ လိင်ကိစ္စတွေကို အင်တာနက်အပါအ၀င် အခြားနည်းလမ်းပေါင်းဆုံကနေ ရနိုင်လို့ပါပဲ။ဒါက ဘာကိုမီးမောင်း ထိုးပြသလဲဆိုရင် ခေတ်သစ်မှာ movie အမျိုးအစားတွေ ကွဲပြားသွားလို့ (သို့)ခွဲခြားလိုက် လို့ပါပဲ။ ခေတ်သစ်စာပေမှာ စာရေးဆရာအောင်ရင်ငြိမ်းရဲ့ဝတ္တုလိုမျိုး တွေက စာပေနဲ့ လိင်ကိစ္စတွေကို ပေါင်းစည်းဦးမယ်ဆိုရင် ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆ အနေနဲ့ ကျွန်တော်ကတော့ သတ်မှတ်ရလိမ့် မယ်။ နောက်ဆုံးပိတ်အနေနဲ့ မကြာခင်ကမှ ဖြစ်သွားတဲ့ကမ္ဘာ့ ဂီတလောကက မိုင်းလေဆိုင်းရပ်စ်ကို မှတ်ချက်ပေးခဲ့တဲ့ စကားလုံးလေးကို ပဲပြောပါရစေ။ `ကျွန်တော်က မိုင်လေရဲ့အနုပညာနဲ့ ဖျော်ဖျေမှုကို မြတ်နိုးတာပါ။ အဖော်အချွတ်တွေကြည့်ချင်ရင် porn movie တွေပဲကြည့်တော့ မှာပေါ့…………’



World Myanmar News မှ စုစည်းတင်ပြသည်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.