“ကျနော့် ယောက္ခမကြီး”

Posted by Black Magic | Posted in | Posted on 3:13 PM





1.
ချစ်သူကို ကျနော့်ဘဝထဲ ခေါ်ဆောင်ပေးခဲ့တဲ့အတွက် မမ ကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် မမရယ်၊ မ.ဆ.လ လက်ထက် သမဆိုင်က ဆပ်ပြာနဲ့သကြား တွဲပေးသလိုမျိုး၊ ဘာလို့များ မချစ်ရသူကိုပါ တွဲလျက်ကြီး ခေါ်ဆောင်ခဲ့ရတာလဲဗျာ

2.
မမ ဆိုတာက MR လို့ အတိုကောက်ခေါ်တဲ့ Myanmar Railway ခေါ် ‘မြန်မာ့မီးရထား’ ကို ပြောတာပါ။
အဲဒီနေ့က ကျနော်နဲ့မိုးကြီး ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ပြန်ခဲ့ကြတယ်။
ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာက လမင်းလေးတစ်စင်းရယ်၊ နေမင်းကြီးတစ်စင်းရယ် ပါလာတယ်။
လမင်းလေးဆိုတာက နောင်မှာ ကျနော့်ချစ်သူဖြစ်မယ့် ထားထားရင် ဆိုတဲ့ ကောင်မလေးပါ။
နေမင်းကြီးဆိုတာက သူ့အမေ ဒေါ်ခင်ခင်မကြီးပေါ့၊
နောင်တော့ ကွယ်ရာမှာ နာမည်ပြောင်ပေးထားလိုက်တယ် ‘ဖူးငုံထွေး’…. လို့
သမီးချောလေး ပါလာရတဲ့အထဲ မျက်နှာချင်းဆိုင်မှာက လူငယ်နှစ်ယောက်ဆိုတော့ မျက်နှာကြောကြီး တင်းထားလိုက်တာများ ပြတ်ထွက်ပြီး လူလာမှန်မှာတောင် ကြောက်ရတယ်။
ကိုယ်ကလည်း ဝါသနာအရ ကောင်မလေးချောချောဆို အရောဝင်ချင်ပေမယ့် သူ့ကြောက်တာနဲ့ မလှုပ်ရဲဘူး။
ရထားထွက်လို့ တော်တော်လေးကြာတော့ ပြူတင်းပေါက်က လေဝင်လို့ထင်ပါရဲ့ ကောင်မလေးက ထပိတ်တယ်။
ဖြစ်ချင်တော့ တံခါးကကြပ်နေတယ်၊ ကောင်မလေးအားနဲ့ ပိတ်မရဘူး။
အရောဝင်ဖို့ လမ်းစရပြီဆိုပြီး ကိုယ်က ထပိတ်ပေးမလို့လုပ်လိုက်တယ်…
“ဖယ် ဖယ် ညီမလေး၊ အကိုပိတ်ပေးမယ်”
အဲဒီမှာ ဖူးငုံထွေးက(အဖွားကြီးက) ကန့်ကွက်တယ်… …
“နေ နေ မောင်ရင်၊ ငါ့ဟာငါ ပိတ်လိုက်မယ်”… တဲ့
ကိုယ့်ရဲ့ကြိုးစားမှု မအောင်မြင်ဘူးဖြစ်သွားတယ်။
သူလည်း အတော်ကြီးကို အားစိုက်ပြီး ဆွဲချလိုက်မှ တံခါးက ကျလာတာ
ကျလာသော်ငြားလည်း လေကဝင်နေတုန်းပဲ
ဝင်မှာပေါ့၊ တံခါးက အလယ်မှာ တံခါးရွက်မရှိတော့ဘူး၊ ဘောင်ချည့်ပဲ ရှိတော့တာ၊
‘ပိတ်လျက်နဲ့ ပွင့်နေသောတံခါးများ’ ဆိုတာ မြန်မာ့မီးရထားမှာပဲ ရှိမယ်ထင်တယ်

3.
ည ၉နာရီလောက်ကျတော့ ဖူးငုံထွေးက အိမ်သာသွားမလို့ ပြင်တယ်။
မသွားခင် သူ့သမီးကို သတိပေးသွားလိုက်သေးတယ်… …
“မေမေအိမ်သာ သွားလိုက်အုံးမယ်၊ ကိုယ့်ဟာကို နေနော် သမီး”
“ဟုတ်ကဲ့ မေမေ”
တွေ့ကြပြီပေါ့ ဒေါ်ခင်ခင်မကြီးနဲ့ မြန်မာ့မီးရထား အိမ်သာနဲ့။
ကျနော်က အဲဒီအိမ်သာပြသနာကို ညနေကတည်းက ခံထားရပြီးသား…
အိမ်သာတံခါးက အတွင်းဖွင့်၊ လူက အထဲဝင်လိုက်ရင် တံခါးက ပိတ်မရဘူး။
တံခါးသွားမယ့် လမ်းကြောင်းနဲ့ မလွတ်တော့ လူက တဖက်နံရံကို ကျောနဲ့ကပ်လိုက်မှ ပိတ်လို့ရတယ်။
ပြန်ဖွင့်ရင်လည်း နံရံကိုကျောကပ်ပြီးမှ ဖွင့်ရတာ။
ရထားမောင်းနေတုန်း အခင်းကြီးသွားလို့ကတော့ ရွာလည်ပြီမှတ်။
ဆောင့်ကြောင့်ထိုင်ရင်း လဲကျမှာစိုးလို့ ရှေ့က လက်ကိုင်ကိုင်းကို လက်နှစ်ဘက်နဲ့ ခြေကန်ပြီးဆွဲထားရတယ်။
ဖင်ကလည်း ရထားယိမ်းတဲ့ အရှိန်အတိုင်း ကမုတ်ပေါ်မှာ ဝဲနေလိုက်တာ ကြိပ်ဆုံလှည့်နေသလားမှတ်ရတယ

်။
ကမုတ်က အပေါက်နဲ့ ကိုယ့်ကျည်ဆံနဲ့ အံကျတည့်တဲ့အချိန်ကို စောင့်ပြီး ပစ်ရတာ။
တိုင်မင်မကိုက်လို့ကတော့ ကျည်ဆံကအပေါက်ထဲ မကျဘဲ ကမုတ်ပေါ်တင်ပြီသာမှတ်
တော်ရုံ ကျွမ်းကျင်မှုရှိယုံနဲ့ ရထားအိမ်သာ တက်လို့ မရဘူး
ခု ချစ်လှစွာသော ဖူးငုံထွေးအလှည့်…
စိတ်မကောင်းပါဘူး၊ အချိန်ကတော့ အနည်းဆုံး နာရီဝက်တော့ ကြာလောက်မယ်။
သူမရှိတုန်း လမင်းလေးကို ရင်းနီးအာင် ကြံရတာပေါ့…
…သမီးလိမ္မာလေးကလည်း အမေ့စကားနားထောင်ပါတယ်။
သူ့အမေမရှိခိုက် ခဏလေးအတွင်းမှာပဲ ကျနော်နဲ့ ရင်းနီးသွားလိုက်တာ၊ နာမည်၊ နေရပ်၊ အလုပ်အကိုင် အကုန်သိလိုက်ရပြီ။
ခဏနေတော့ အဖွားကြီး ချွေးသံရဲရဲနဲ့ပြန်လာတယ်၊ ပါးစပ်ကလည်း ပွစိပွစိနဲ့ပြောလို့…
“အမလေးအေ၊ တံခါးက အထဲကနေဖွင့်မရလို့ အိမ်သာထဲတင် ညအိပ်ရပြီမှတ်တာ၊ ညစ်ပတ်လိုက်တာကလည်း လွန်ရော”
ကိုယ်လည်း ရီချင်စိတ်ကို မနည်းထိန်းပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်
4.
မန္တလေးရောက်ပြီး နောက်ရက်တွေကျတော့ လမင်းလေးတို့ ရပ်ကွက်ကို သွားရတာပေါ့။
သူတို့နေတဲ့ ၆၃လမ်းဘေးက ကျားကွက်သစ်မှာ ငယ်သူငယ်ချင်း စန်းမောင်မောင် ရှိတယ်။
ရပ်ကွက်ထဲ အတော်နှံ့စပ်တဲ့ကောင်ဆိုတော့ သူ့ကိုပဲ အားကိုးရမှာ။
ဒါနဲ့ စန်းမောင်မောင်ကိုခေါ်ပြီး လမ်းထိပ်လဘက်ရည်ဆိုင် ထိုင်ကြတယ်။
သူက မေးတယ်… …
“မလာစဘူး အလာထူးလို့ ဘာကိစ္စလဲ ဟေ့ကောင်”
“ငါနဲ့ ရထားပေါ်မှာ ခင်လာတဲ့ကောင်မလေးက မင်းတို့ရပ်ကွက်မှာ နေတာကွ၊ သူ့ကို လာခြောင်းတာ”
“ဘယ်သူလဲ၊ ဘာလုပ်တာလဲ”
“ထားထားရင် တဲ့၊ ကုန်စုံဆိုင်ဖွင့်ထားတယ် ပြောတယ်”
“ဘုရား ဘုရား၊ ဒေါ်ခင်ခင်မကြီး သမီးလေး မဟုတ်လား”
“ဟုတ်တယ်”
“စိတ်လျော့လိုက်တော့ ငါ့ကောင်”
“ဘာလို့လဲ”
“သူ့အမေကြီးက အပေါက်ဆိုးလွန်းလို့ ငါတို့ရပ်ကွက်က လူငယ်တွေကြားထဲမှာ ဆိုရိုးစကားတစ်ခုတောင် ရှိတယ်”
“ဘာတဲ့လဲ”
“ထားရင်ကို ကြိုက်မည်လော၊ ကျားဖင်ကို နှိုက်မည်လော… တဲ့”
“အဲဒီတော့ ဒီရပ်ကွက်က လူငယ်တွေ ဘယ်လမ်းရွေးကြလဲ”
“တစ်ရပ်ကွက်လုံး ကျားဖင်နှိုက်ကြတယ်”
“ဟင်…”
“ငါတို့ရပ်ကွက်တောင် ကျားကွက်သစ်ကနေ ကျားဖင်နှိုက်ကွက်သစ်လို့ နာမည်တွင်နေတာ အဲဒီ ထားထားရင် ဆိုတဲ့ ကောင်မလေးကြောင့်ပေါ့”
“ကြားရတာ အားရှိစရာပဲ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ထားရင်ကိုပဲ နှိုက်မယ်”
“ဘာရယ်…”
“အဲလေ ထားထားရင်ကိုပဲ ကြိုက်မယ်လို့ ပြောတာပါကွာ”
“ဒါတော့ မင်း သူ့အမေကြီးကို မကြောက်ရင်လုပ်ပေါ့”
“မကြောက်ဘူးကွ၊ မင်းကလည်း ကူညီပေးအုံးလေ”
“ငါတော့ အပေါင်းအသင်းမှားပြီ”

5.
လမင်းလေးကို မြင်ချင်တွေ့ချင်တော့ သူ့ဆိုင်ရှေ့က ဖြတ်ဖြတ်လျှောက်ရင်း ကြည့်ရတယ်။
ဖြတ်လျှောက်တုန်း ဖူးငုံထွေးမြင်ရင် မျက်စောင်းကြီးနဲ့ လှမ်းထိုးတယ်။
သူ့ဆိုင်ရှေ့ကိုယ်ဖြတ်တုန်း ခွေးတစ်ကောင်တစ်လေများ အကြောင်းတိုက်ဆိုင်ပြီး အနားမှာရှိနေလို့ကတော့ နာပြီဗျာ၊ စောင်းဆဲတော့တာ…
“ဟဲ့ ခွေး၊ အော်… ဒီခွေးလေးနှယ် နေစရာမရှိဘူးထင်ပ့ါ၊ သူများဆိုင်ရှေ့ပဲ လာလာနေတယ်”
ကဲ… ခက်ဘူးလား၊
ဒါ့ကြောင့်လည်း ဒီရပ်ကွက်က လူငယ်တွေ ကျားဖင်ပဲနှိုက်ကြတာ။
တရက်ကတော့ ကံကောင်းတယ်ဗျို့…
ဆိုင်ရှေ့ကဖြတ်အလျှောက် လမင်းလေးတစ်ယောက်ထဲ ဈေးရောင်းနေတာ တွေ့တယ်၊ ဖူးငုံထွေးရဲ့ အရိပ်အယောင်မမြင်ဘူး။
ဒါနဲ့ အခွင့်အရေးရတုန်း စကားပြောဖို့ ဆိုင်ထဲဝင်သွားလိုက်တယ်…
ဘုရားဘုရား၊ လန့်ထှာဗျာ၊ ဖူးငုံထွေးက ဒီဘက် ပုဏ္ဏကွယ်က စားပွဲခုံမှာ ထမင်းစားနေတာကိုးဗျ
လူကိုမြင်တော့ မျက်လုံးပြူးကြီးနဲ့ကြည့်ရင်း ထလာတယ်၊ ပြီးတော့ အသံမာမာနဲ့ လှမ်းမေးတယ်… …
“ဘာကိစ္စလဲ”… တဲ့
ကိုယ်လည်း ကြောက်လန့်ပြီး ဘာပြောလို့ပြောရမှန်း မသိဘူး
ခြင်ဆေးခွေဘူးတွေ ထပ်ထားတာ မျက်စိရှေ့မြင်တော့ အယောင်ယောင်အမှားမှားနဲ့ ပြောမိပြောရာပြောလိုက်တယ်… …
“ဟို… ဟို ခြင်ဂွေးရှည် ရှိလားဟင်”
“ဘာတွေ လာပြောနေတာလဲ၊ ခြင်ဂွေးရှည်လည်း မရှိဘူး၊ ခြင်ဂွေးတိုလည်း မရှိဘူး”
“ဗျာ၊ ဟိုဒင်းဗျာ၊ ဆင်ချေးခွေ ဆင်ချေးခွေကို ပြောတာ”
“ဘာ… ဒီမှာ စားသောက်နေတာဟဲ့၊ ချေးအကြောင်း သေးအကြောင်းတွေ လာမပြောနဲ့”
“မ.. မဟုတ်ပါဘူး အန်တိန် အဲလေ အန်တီ၊ ဟို ဟို ခြင်ဆေးခွေ ရှိလားလို့ ဒါ… ဒါပြောတာပါ အဟီး”
“ရှိတယ်၊ ဘယ်လောက်တန် ယူမှာလဲ”
အဲ… ဘယ်လောက်တန်ယူမှာလဲတဲ့ မေးနေပြီ၊
ဟင် ပိုက်ဆံရောပါရဲ့လားမသိ၊
အိတ်ထဲနှိုက်ကြည့်လိုက်တော့ ပိုက်ဆံထွက်မလာဘဲ စာရွက်ပိုင်းလေးပဲ ထွက်လာတယ်
ဖတ်ကြည့်လိုက်တော့ ဖေဖေက နှစ်လုံးထီထိုးခိုင်းလိုက်တဲ့ စာရွက် ဖြစ်နေတယ်
ဟုတ်သားဟ၊ မေ့တော့မလို့ အပြန်ဝင်ထိုးရအုံးမယ်။
အဲလို စဉ်းစားနေတုန်းကို ဖူးငုံထွေးက ထအော်တယ်… …
“ဟဲ့… မေးနေတယ်လေ၊ ဘယ်လောက်တန် ယူမှာလဲလို့”
“အင်း… အဲ… ၃ဝဝ ဖိုး R လိုက်ပါ အန်တီ”
“ဘာ… ဘာပြောတယ်… ငါရိုးရိုးသားသား ဈေးရောင်းနေတာ၊ ချဲရောင်းစားနေတာ မဟုတ်ဘူး၊ ချဲထိုးချင်ရင် ရာအိမ်မှုးဆီသွား”
“ဗျာ၊ ရာအိမ်မှုးက ချဲရောင်းသလား”
“မရောင်းဘူး၊ နင် သွားဝယ်ရင် အဖမ်းခံရအောင်လို့ ပြောနေတာဟေ့ သိပြီလား”
မေတ္တာထားတော်မူပ့ါ မတော်ရသေးတဲ့ ချစ်မေမေရယ်…

6.
ဒီလိုနဲ့ သုံးနှစ်သုံးမိုးလောက် ကျားဖင်မနှိုက်ဘဲ ထားရင်ကို ကြိုက်လိုက်တာ၊ ဝိရိယအကျိုးလေး ခံစားလိုက်ရပါတယ်။
ဖူးငုံထွေးလည်း အာရုံနောက်လာတယ်ထင်ပါရဲ့၊ စိတ်လျော့လိုက်ပြီး သူ့သမီးကို လူကြီးစုံရာနဲ့ လာတောင်းဖို့ ပြောတယ်။
မတောင်းခိုင်းလို့ကလည်း မဖြစ်တော့ဘူးလေ။ ဒီကောင်ကလည်း မိုးလင်းကမိုးချုပ် သူ့ဆိုင်ရှေ့ကမပြန်တော့ ရပ်ကွက်ကပြောလှပြီ
ဆိုင်ရှေ့က ဖြတ်လျှောက်လွန်းလို့ ချောင်းပေါက်မတတ်ဆိုတာထက် မြစ်ပေါက်မတတ်တောင် ဖြစ်နေပြီ။
တရုတ်တွေသာသိရင် စာချုပ်ချုပ်ပြီး ရေအားလျှပ်စစ် လာဆောက်မှာတောင် စိုးရသေးတယ်….
မင်္ဂလာဆောင်ပြီးတော့ သူ့အိမ်မှာ ကပ်နေရတယ်။
စိတ်ဆင်းရဲချက်တော့ ပြောမနေနဲ့ ငရဲကျနေသလားမှတ်ရတယ်ဗျာ
ထားရင်ဆိုတဲ့ လမင်းလေးရဲ့ မျက်နှာသာမရှိရင် အဲဒီအိမ်နဲ့ ဝေးရာကို ထွက်ပြေးမိမှာ။
သိပ်မကြာမှီမှာဘဲ ကျနော်လျှောက်ထားတဲ့ အလုပ်က ခန့်စာရတယ်၊ ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုက ခန့်လိုက်တာ…
ဆိုတော့ ရန်ကုန်မှာ သွားနေရတာပေါ့၊ ပျော်လိုက်တဲ့ ဖြစ်ခြင်းဗျာ၊ ငရဲတွင်းက လွတ်တာကိုး
ထားထားရင် ကိုခေါ်ပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်း ငှားနေလိုက်တယ်၊ မိန်းမကိုလည်း ကုမ္မဏီသူဌေးက ငွေစာရင်းဌာနမှာ စာရင်းကိုင် ခန့်ပေးထားတော့ အစစ အဆင်ပြေတယ် ပြောရမှာပေါ့။
ဖူးငုံထွေးခမျာတော့ သမီးမရှိတော့လို့ တောမှာနေတဲ့ သူ့အကိုကြီးကို အဖော်ခေါ်ထားရတယ်။
သူ့သမီးကို ရန်ကုန်မှာ ဘတ်စ်ကားတိုးစီးရမှာ စိုးလို့တဲ့၊ ပတ်ပလစ်ကာကားလေးတစ်စင်း ဝယ်ပေးလိုက်သေးတယ် သာဓုပါဗျာ

7.
“ကိုကို…မေမေက မနက်ဖန် Air Bagan နဲ့ လိုက်လာမယ်တဲ့၊ အဲဒါ လေဆိပ်မှာ လာကြိုဖို့ နေ့လည်က ဖုန်းဆက်တယ်”
“ဟင်… သူက ဘာလာလုပ်မှာတဲ့လဲ”
“ဘာလာလုပ်ရမှာလဲ ကိုကိုရယ် သမီးကို မတွေ့တာကြာလို့ပေါ့”
အင်း… ဒုက္ခ ဒုက္ခ မငြိမ်းသေးပါလား၊
နောက်နေ့ကျတော့ လေဆိပ်ကိုသွားကြိုရတယ်။ မကြိုချင်ဘူးလို့လည်း ပြောလို့မရဘူး၊ မိန်းမက ကားမောင်းတတ်တာမဟုတ်တော့ ကိုယ်တိုင်ပဲ မောင်းပို့ပေးရတာလေ…
ပြည်တွင်းဆိုက်ရောက်မှာ စောင့်နေတုန်း လေယာဉ်ဆိုက်လာတယ်…
အံမယ်လေး ထွက်လာပါပြီဗျာ….
အမယ်အမယ်… ချစ်မေမေက ပြောင်းဖူးမွေးလောက်ရှိတဲ့ သူ့ရဲ့ဆံပင်တွေကို ဆေးဆိုးပြီး ကောက်ထားပါလား၊
မျက်နှာမှာလည်း မိတ်ကပ်တွေ အဖွေးသားနဲ့၊ မင်္ဂလာဆောင်မယ့် သတို့သမီးတောင် အဲဒီလောက်လိမ်းမှာ မဟုတ်ဘူး၊
လိမ်းထားတာကလည်း မညီမညာနဲ့ဆိုတော့ တပိဿာဝင်စဉ့်အိုးကို ရွံနဲ့ပက်ထားတာကမှ ကြည့်ကောင်းအုံးမယ်ထင်ရဲ့
မကြီးမငယ်နဲ့ ဘယ်သူကများ မြှောက်ပေးလိုက်တာပါလိမ့်ဗျာ၊ ဖြစ်မှဖြစ်ရလေ…
“မေမေ…”
“သမီး ထားရင်…”
တွေ့ကြပြီ သမီးနဲ့ အမေ…ရုပ်ရှင်ထဲမှာလိုပဲ ပြေးပွေ့လိုက်ကြတာ…
အင်း… …တော်လှန်ရေးတုံးက ရဲဘော်ဟောင်းတွေ မမျှော်လင့်ဘဲ ပြန်ဆုံကြလို့ ဝမ်းသာအားရဖြစ်နေသလား မှတ်ရတယ်…
အင်းလေ သားအမိခြင်း မတွေ့တာကလည်း ရက်ပေါင်း ၃၆၀ လောက် ရှိရှာပြီကိုး……
“သမီးလေးနေကောင်းရဲ့လား”
“ကောင်းတယ်၊ မေမေရော နေကောင်းတယ်မလား”
“ကောင်းပ့ါ သမီးရယ်”
“မေမေက ခုလိုဆံပင်တွေ ကောက်လိုက်တော့ အရမ်းငယ်သွားလိုက်တာ၊ သမီးဖြင့် မှတ်တောင် မမှတ်မိဘူး”
“ဟင်း..ဟင်း… အဲလောက်လည်း မဟုတ်ပါဘူး သမီးရယ်”
အင်း… ကိုယ့်ငါးချဉ်တော့ ကိုယ်ချဉ်နေပဟ
“ကိုကိုရေ၊ မေမေ့ကို ကြည့်စမ်းပါအုံး၊ ငယ်သွားတယ်လို့ မထင်ရဘူးလား”
အမယ်…တေနာမလေး၊ ကိုယ့်အမေ ကိုယ့်ဟာကို မြှောက်ပြောလို့ အားမရဘူး၊ ကြည့်မရတဲ့လူကို စစ်ကူလာတောင်းနေသေးတယ်…
မေးတော့လည်း ပြောရသေးတာပ့ါလေ… ..
“ဟာ…ဟုတ်ပ့ါ အန်တီရယ်၊ အရမ်းငယ်သွားလိုက်တာ၊ မသိတဲ့လူက လမ်းမှာတွေ့ရင် ကလေးလေးမှတ်ပြီး နို့ဘူးဖမ်းတိုက်နေမှာတောင် စိုးရတယ်”
“ဘာကွဲ့ မောင်ဦး၊ မင်းက လှောင်တာလား”
“မလှောင်ရက်ပါဘူး အန်တီရယ်၊ ကျနော့်အမြင်ပြောတာပါ… ဟီး ဟီး”
“ငယ်တာတော့ ငယ်ပေါ့၊ ဒါပေမယ့် နို့ဘူးတိုက်တဲ့အထိ ငယ်တာတော့ မကောင်းဘူးပေါ့ကွဲ့”
“ဟုတ်ကဲ့”
ဟိ.. အရသာရှိထာ…
ဒါနဲ့ သူ့အိတ်တွေကူဆွဲပြီး ကားရှိရာကို အသွားမှာ အဖွားကြီးက မေးပါလေရော… …
“မောင်ဦး မင်းဟာကလည်း အဝတ်အစားဝတ်တာ ပေတီးပေစုပ်နဲ့ ကောင်းကောင်းကန်းကန်းလေးများ ဝတ်ပါအုံး”
“ရပါတယ် အန်တီရယ်၊ ဟိုနားဒီနားလာတာပဲဟာ၊ ကျနော်ကလည်း ဒီလိုပဲ နေတတ်လို့ပါ”
“မင်း အဲလိုနေတတ်တာက အရေးမကြီးဘူး၊ လူတွေက မင်းကို အိမ်ကဒရိုင်ဘာလို့ ထင်နေမယ်”
ဟာ… လက်နက်ကြီးနဲ့ ထုပဟေ့…
“ထင်ပါစေ အန်တီရယ်၊ ကိစ္စမရှိပါဘူး”
“ဘာလို့ ကိစ္စမရှိရမှာလဲ၊ င့ါသမီး သိက္ခာကျတာပေါ့ ဟဲ့”
“ဘာကျစရာရှိလဲ အန်တီရယ်၊ သူ လှလှပပ ဝတ်စားနေရင် ပြီးတာပဲ မလား”
“ဘယ်ပြီးမလဲဟဲ့၊ မင်းတို့လင်မယား မြို့ထဲအတူတွဲသွားရင် ပတ်ဝန်းကျင်က ဘာထင်မလဲ၊ ဒီသူဌေးကတော်နှယ်၊ အိမ်က ဒရိုင်ဘာနဲ့မှ ဖောက်ပြန်နေရတယ်လို့ ထင်ကြမှာပေါ့”
ဟိုက်… သူ့ကို နို့ဘူးလေး ပေးတိုက်မိတာ လက်နက်ကြီးတွေနဲ့ တစ်လုံးပြီးတစ်လုံး ပြန်ထုနေရောပါလား၊ ဘာမှဆက်မပြောဘဲနေမှ သက်သာနိုင်မယ်…
ဟင်…ငဦး ငဦး ခံပေအုံးတော့ သူမပြန်မခြင်း ခံပေရော့
ဟိုကနင့်ကိုငယ်နိုင်၊ မတူရင်မတုရဘူး

8.
ဒီလိုနဲ့ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားလိုက်တာ ကျနော်တို့ရဲ့ သားဦးလေး ‘မောင်ထွန်းညိုမှူးရင်’ တောင် သုံးနှစ်ထဲရောက်လာပြီ။
တရက်တော့ဗျာ၊ စိတ်မကောင်းစရာပါ၊ မန္တလေးမှာ ကျနော့်ယောက္ခမကြီးနဲ့ အတူလာနေပေးတဲ့ သူ့အကိုကြီး ဆုံးလို့တဲ့၊ ဖုန်းဆက်ပြီး အကြောင်းကြားလာတယ်…
မန္တလေးကို ဆင်းကြရတာပေါ့
ခက်တာက ထားထားရင်က တခါထဲ လိုက်လို့မရဘူး ဖြစ်နေတယ်၊
ကုမ္မဏီရဲ့ နှစ်ပတ်လည်ငွေစာရင်းရှင်းတမ်းတွေ အရေးကြီးနေလို့ အပြီးလုပ်ပေးခဲ့ရမယ်
နောက်နှစ်ရက်နေမှ လိုက်လာနိုင်မှာ၊
ကျနော်နဲ့ သားလေးက အရင် သွားနှင့်ရတာပေါ့
မန္တလေးအိမ်ရောက်တော့ ….
ဧည့်သည်တွေကို ဧည့်ခံနေတဲ့ ယောက္ခမကြီးက ကျနော့်တို့ကိုလည်း မြင်ရော ပြေးလာပြီး ငိုပါလေရောဗျာ…
ငိုလည်းငို ပါးစပ်ကလည်းပြောပေါ့… …
“အမလေး မောင်ဦးရေ၊ အကိုကြီးလာနေပြီလေ၊ ထ ကြည့်ပါအုံးလား မောင်ဦးရဲ့”
ဟမ်…. ဘယ့်နှယ့် ဘယ့်နှယ့် အဲလိုတော့ မနောက်ပါနဲ့ အန်တီရယ်
အကိုကြီးရေ မောင်ဦးလာနေပြီ ထကြည့်ပါအုံး လို့ ငိုရမှာမဟုတ်ဘူးလားဂျာ။
ဘယ်အညိုးနဲ့များ မှားငိုလေသလဲ အန်တီရယ်၊
ဘုရား ဘုရား၊ လွဲပါစေ ဖယ်ပါစေ…
နာရေးဖိတ်စာမှာကော ငါ့နာမည် မှားရိုက်ထားသေးလား မသိ ဟူး…

9.
အဲ…ညအိပ်တော့မှ ပြဿနာဗျို့…
သားတော်မောင်ပေါ့၊ ည ည အိပ်ရင် သူ့အမေချက်ကို နှိုက်ပြီး အိပ်နေကျ၊ ခု သူ့အမေပါမလာတော့ ချက်မနှိုက်ရလို့တဲ့ မအိပ်ဘူးဆိုပြီး ငိုယိုဂျီကျနေပါလေရော… …
ဖေဖေချက်ကို နှိုက်ပြီးအိပ်ဆိုတော့လည်း လက်မခံဘူး၊ လက်မခံရတဲ့ အကြောင်းကလည်း ရှိသကိုး…
“ပေပေ့ချက်က အတီးလုံးလေး (အသီးလုံးလေး)၊ မေ့မေ့ချက်လို့ တွင်းလေးမဟုတ်ဘူး”… တဲ့
အာ… မအေပေးလေးက၊ အရေးထဲ ချက်ထီးချက်မ ရွေးနေသေးတယ်
ဒါနဲ့ သူ့ဖွားအေက သူနဲ့လာအိပ် သူ့ချက်ကိုနှိုက်ပြီးအိပ်လို့ ပြောတော့…
“ဖွားဖွားချက်ကို အရင်ပြ”… ဆိုလို့ နမူနာပြရသေးတယ်၊
သေချာစစ်ဆေးကြည့်ရှုပြီးမှ သဘောတူပြီး လိုက်အိပ်တယ်…
ညလယ်လောက်ကျတော့ အဖွားကြီးအခန်းဘက်က စီကနဲ အော်သံကြားလိုက်တယ်… ….
“ဟဲ့… ဟဲ့၊ သားသား သားသား၊ အဲဒါ ချက်မဟုတ်ဘူး… ချက်မဟုတ်ဘူးဟဲ့၊ ဟောတော် ဒီကလေး ခက်တော့တာဘဲ”
ခဏနေတော့ အိပ်ခန်းထဲကနေ ဒေါနဲ့မောနဲ့ ထွက်လာတယ်၊ သားလေးကိုလည်း ကျနော့်ဆီပြန်လာပို့တယ်… …
“မောင်ဦး၊ နင့်သားနင် ခေါ်အိပ်တော့”
“ဘာလို့လဲ အန်တီ”… လို့ မေးတော့ ပြန်မဖြေဘူး၊
ဇောင့်ဇောင့်နဲ့ ထွက်သွားတယ်။
တော်သေးတာပေါ့… သားသားကလည်း အိပ်ချင်မူးတူးဖြစ်နေတော့ ချက်နှိုက်ချင်ကြောင်း မပြောတော့ဘဲ ပြန်အိပ်ပျော်သွားလို့…နောက်ညကျတော့လည်း ဒီကောင် မနေ့က ဘာမြင်ပြီး လန့်လာတယ် မသိဘူး၊ ချက်အကြောင်း ဂျီမကျတော့ဘူးရယ်
သူ့အမေလိုက်လာတော့ ချက်ကိစ္စက ပြဿနာမဟုတ်တော့ဘူးလေ…
မလွယ်ဘူး ကလေးများကလည်း သူ့အစွဲနဲ့သူ

10.
နောက်ဆုံးတော့ ယောက္ခမကြီးလည်း သူ့ဆိုင်ကိုပိတ်၊ သူ့အိမ်ကိုပါရောင်းပြီး ကျနော်တို့နဲ့ပဲ လိုက်နေတော့တယ်။
စိတ်တွေလည်း လျော့လိုက်ဟန်တူပါရဲ့၊ အရင်က ဒေါ်ခင်ခင်မကြီးရဲ့ မာန်တွေဟန်တွေ မတွေ့ရတော့ဘူး။
သားသားကိုလည်း ချစ်လိုက်တာမှ တုန်လို့၊ သူ့ရှိသမျှပိုင်ဆိုင်မှုတွေ သူ့မြေးနာမည်နဲ့ အကုန်လွဲထားတယ်။
ကျနော့်အပေါ်လည်း ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာတယ်။
တဦးကစေတနာ တဦးကမေတ္တာ ဆိုတာလို ကျနော်ဘက်ကလည်း မိခင်အရင်းတယောက်လို့ သဘောထားလိုက်ပါတယ်။
အန်တီလို့တောင် မခေါ်တော့ဘဲ ထားထားရင် ခေါ်သလို “မေမေ” လို့ ပြောင်းခေါ်ခဲ့တယ်။
ခုတော့လည်း အားလုံးငြိမ်းချမ်းရေးရလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝတွေကို ဖြတ်သန်းနေကြတယ်

11.
အင်း…ဟိုအရင် တွေ့စကတော့…သူ့ကိုမြင်ရင် မုန်းလွန်းလို့ဗျာ (ကန်တော့ပါရဲ့) ချေးနဲ့ငုံပြီးတောင် သူ့မျက်နှာကို ဖူးကနဲ ထွေးလိုက်ချင်တာ
ဒါ့ကြောင့် “ဖူးငုံထွေး” လို့ ကွယ်ရာမှာ ခေါ်ခဲ့တာပေါ့။
အမယ်…နောက်မှသိရတာက သူကလည်း ကျနော့်ကို နာမည်ဝှက်ပေးထားသေးတယ်…
“ခြောက်စောင်း”… တဲ့
ဘာလို့လဲဆိုတော့…ဆိုင်ရှေ့ကနေ အခြောက်တိုက် ဖြတ်ဖြတ်သွားပြီး ဆိုင်ဘက်ကို စောင်းစောင်းပြီး ကြည့်သွားလို့တဲ့…
ကောင်းပ့ါ
‘ဖူးငုံထွေး’ နဲ့ ‘ခြောက်စောင်း’
ကျေရော… …။ ။

မှတ်ချက်။ ။ ကိုယ်တွေ့ဟာသများကို ပြန်လည်အသုံးပြုခွင့်ပေးသော mmcybermedia မှ သူငယ်ချင်းများနှင့် ‘မန်းပုံရိပ်’ မှ @Thin Thin Yu, သုဂတ လုင် တို့အား ကျေးဇူးတင်ပါသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.