Facebook ဘိုးဘိုးကြီးနှင့်တွေ့ဆုံခြင်း

Posted by Black Magic | Posted in | Posted on 1:20 AM

Facebook ဘိုးဘိုးကြီးနှင့် တွေ့ဆုံခြင်း (by မေ့ပါနိုင်)
တစ်နေ့သ၌ ကျွန်မသည်အိမ်တွင်တစ်ယောက်တည်း ပျင်းပျင်းရှိသည်နှင့် အချိန်နှင့်တပြေးညီ အတင်းအဖျင်းများ Update ဖြစ်နေစေရန် Facebook ပေါ်တက်လိုက်သည့်အခါတွင် “ Facebookဘိုးဘိုးကြီး” ဆိုသူ၏ Friend Requestကိုတွေ့ရလေရာ အနှီသူ၏နာမည်ကို စိတ်ဝင်စားသောကြောင့် Friend အဖြစ်လက်ခံလိုက်လေသည်။ ထိုသို့ Friend အဖြစ်လက်ခံပြီးမကြာမီအချိန်အတွင်းမှာပဲ ထို Facebookဘိုးဘိုးကြီးအား လက်ခံစကားပြောမိရာမှ အောက်ပါထူးဆန်းအံ့သြဖွယ်ကောင်းသော ရင်သိမ့်တုန်ဂမ္ဘီရဇာတ်လမ်းကြီး ဖြစ်ပေါ်လာလေတော့သည်။

ဘိုးဘိုး။      ။HI
katonea။   ။hi
ဘိုးဘိုး။      ။ငါသည်ကား facebook လောကကိုအစိုးရသော နတ်မင်းကြီးဖြစ်တော့သကိုး
katonea။   ။ဟာ… ပေါလှချည်လား.. ဆောရီးနော် မအားသေးဘူး
ဘိုးဘိုး။      ။ဒီမယ်သူငယ်မ.. မင်းမယုံလျှင်မင်း fb အကြောင်းငါပြောပြမယ်… သူများတွေမင်းကို tag လုပ်ထားတဲ့ ဓါတ်ပုံတွေမှာ မင်းမလှလို့ဆိုပြီး tag ဖြုတ်ပြီး hide လုပ်ထားတာက ၃၄၉ ပုံ၊ မင်းပုံမင်းတင်ပြီး မလှလို့ Only me လုပ်ထားတာက ၇၆ ပုံ၊ ဘယ်သူမှမသိပါဘူးလေဆိုပြီး သူများ profile တွေ လိုက်လိုက်ချောင်းတာက….
katonea။      ။ရပြီ… ဒီလောက်ဆိုရပြီ။ ဒီလောက်လေးသိရုံနဲ့တော့ fb နတ်အဖြစ်မယုံနိုင်ပါဘူး… ဒီကလည်း IT သမားပါနော်… ရှင် hack လုပ်ပြီး ကျွန်မ profile ထဲဝင်ကြည့်ထားလို့သိတာနေမှာပေါ့…
ဘိုးဘိုး။        ။အိုကေလေ… ဒါဆို မင်းတစ်ယောက်ထဲမဟုတ်ပဲ တစ်ကမ္ဘာလုံးက Facebook Users တွေနှင့်ဆိုင်တဲ့ဟာပြမယ်…. လာလေရော့…

ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် fb မှ ဓါတ်ပုံတွေနေရာတွင် blank ကြီးဖြစ်သွားပြီး ကြည့်မရတော့ပေ။ တစ်မိနစ်ခန့်အတွင်းမှာပင် ကမ္ဘာအရပ်ရပ်မှ fb users များ၏
“ဓါတ်ပုံတွေကြည့်လို့မရတော့ဘူး ကျန်တဲ့သူတွေကောကြည့်လို့ရလား.. ငါတစ်ယောက်ထဲဒီလိုဖြစ်နေတာလား” စသည်ဖြင့် Posts အများအပြား ချက်ချင်းတက်လာတော့သည်။ (ဟိုတလောက fb တွင် ပုံများကြည့်မရခြင်းသည် ဘိုးဘိုးကြီးနှင့်ကျွန်မ ပညာစမ်းနေသည့်အချိန်နှင့်တိုက်ဆိုင်သွား၍ ဖြစ်သည်။ ဤကားစကားချပ်။)

ဘိုးဘိုး။      ။ကဲ ကလေးမ တွေ့ပြီမလား hak hak (Y)
ဘိုးဘိုးကြီးကြည့်ရတာ fb ပါး အတော်ဝနေပုံပေါ်သည်။ hak hak ဟု မခိုးမခန့်ရယ်ပြီး Smilie ထဲမှ လက်မထောင်နေတဲ့ပုံတောင် ထည့်ပြောထားသေးသည်။ ထိုအချိန်တွင် ကျွန်မစိတ်ထဲ သူတစ်ကယ်များ fb စောင့်နတ်ဖြစ်နေမလားဟု သံသယဖြစ်နေသော်လည်း ဟန်ကိုယ့်ဖို့ရှိသည့်အတိုင်း
katonea။      ။ဟားဟား ဒီလောက်လေးနဲ့တော့မယုံသေးဘူး
ဘိုးဘိုး။      ။OK… ကိုင်း နတ်တို့တန်ခိုး နှစ်ထပ်တိုးပြီး ဘိုးဘိုးဓါတ်ပုံ အလုံးစုံကို သူငယ်မရှေ့ ခုပင်တွေ့စေ။

ကျွန်မ၏ Facebook မှ အလင်းတန်းများဖြာထွက်လာပြီး fb page တဖြည်းဖြည်းပျောက်သွားသည်။ ထို့နောက်တွင်တော့ fbဘိုးဘိုးကြီး၏ လက်နှစ်ချောင်းထောင်ပြီး Cute Cute လုပ်ထားသည့် ခန့်ညားလှစွာသော စပ်ဖြဲဖြဲပုံသည် စူးရှစွာလင်းလက်နေရာမှ တဖြည်းဖြည်းအရာင်မှိန်ပြီး Screen အပြည့် ရုပ်လုံးပေါ်လာလေသည်။

katonea။      ။ဟင်… မှားနေပြီ… နတ်လည်းဆိုသေးတယ် ပြဇာတ်ထဲကလို ပြောင်ပြောင်လက်လက်တွေလည်းမဝတ်ထားဘူး… ကလေးကလားနဲ့ လက်နှစ်ချောင်းကလည်းထောင်ထားသေးတယ် နတ်အတုကြီးပဲဖြစ်မယ်

ဘိုးဘိုး။      ။ဟာ ဘိုးဘိုးက International နတ်လေ.. အဲ့ဒီ့ပြောင်ပြောင်ဟာကြီးဝတ်ထားလျှင်အောက်တာပေါ့.. အိုက်ကလည်းအိုက်သေး.. ပြီးတော့ fb မှာက ခေတ်မှီသူတိုင်း လက်နှစ်ချောင်းထောင်နေကြပြီ… ဘိုးဘိုးကိုကျပြောတယ် သူငယ်မကျ အားနေလက်နှစ်ချောင်းကမချပဲနဲ့များ

katonea။      ။ (ဟိုက်ဆော်သဟ!) ဒါကတော့ သမီးတို့က ငယ်ငယ်လေးရှိသေးတာကိုး… ဘိုးဘိုးသာမကြီးမငယ်နဲ့
ဘိုးဘိုး။      ။တယ် ဒီကလေးမ… ငါလိုလူတကာ ရိုသေကိုးကွယ်နေတဲ့ Facebookဘိုးဘိုးကြီး ကိုများ မလေးမစား
katonea။      ။ဟင်…fbဘိုးဘိုးကြီး ရယ်လို့ တစ်ခါမှတောင်မကြားဖူးဘူး။ ဘယ်သူတွေကများကိုးကွယ်နေလို့တုန်း ဘိုးဘိုးကမဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေပြန်ပြီ။
ဘိုးဘိုး။      ။ကျုပ်ကိုကိုးကွယ်တဲ့သူတွေမှရိုက်သတ်လို့တောင်မကုန်ဘူးဗျား…တစ်နေ့တစ်နေ့ သူတို့ဘာလုပ်တယ်၊ ဘယ်လိုခံစားနေရတယ်၊ ဘယ်သူနှင့်ဘယ်ကိုသွားလို့ ဘာတွေလုပ်ပြီး ဘယ်လိုဖြစ်သွားကြတယ်၊ ဘာနှင့်ထမင်းစားပြီး အီးအီးဘယ်နှစ်ခါပါတယ် ဆိုတာကအစ ဘိုးဘိုးကို တိုင်တည်ပြီးလာလာပြောနေကြလို့ တစ်ခါတစ်ခါတော့လည်းအဲ့လောက်ကြီး အသေးစိတ် သံတော်ဦးတင်စရာမလိုပါဘူးလို့ တားထားရတယ်။
katonea။      ။ဟိုက်ရှားဘား… ဘိုးဘိုးကြီးလည်းတစ်နေ့တစ်နေ့တော်တော်အလုပ်များမှာပဲနော်။
ဘိုးဘိုး။      ။ပြောပြန်လျှင်လည်းကြွားရာကျဦးမယ် ခပ်ကဲကဲ တစ်ချို့ဆို သူတို့မစားမသောက်ခင် စားစရာတွေကို ဦးဦးဖျားဖျား ဓါတ်ပုံရိုက်၊ fb ပေါ်တင်ပြီး ဘိုးဘိုးကြီးကို သေချာကပ်ပြီးမှစားလို့ဝင်ကြတာ။ အဲ… တစ်ချို့ကြတော့လည်းတစ်မျိုးဗျ… ဒီနေ့တော့ ပေါပေါလောလောရတာနဲ့ LV နှစ်အိတ်ဝယ်လာတယ်၊ ဒီ bikini ပန်းရောင်လေးက ကိုကို U.S ကို အလည်သွားတုန်းက လက်ဆောင်ဝယ်လာပေးတာ ဘာညာနှင့် လေတွေတိုက်တော့တာပဲ။ အဲ့လိုလူမျိုးကျတော့ ခေါင်းရှုပ်တာနဲ့ပဲ..Unsubscribe လုပ်ထားရတယ်။
katonea။      ။ဟာ… ဘိုးဘိုးကဒါတော့ဘယ်ကောင်းမလဲ ကိုယ့်ကိုလေးလေးစားစားကိုးကွယ်တဲ့သူတွေကို မျက်နှာလွှဲခဲပစ်လုပ်တာတော့ ကိုးကွယ်သူအခွင့်အရေးချိုးဖောက်ခြင်းခံရတာပဲ။

ဘိုးဘိုး။      ။အမယ်… ဘိုးဘိုးတို့က မ,စရာရှိ မ,ပါတယ်နော်။ တစ်ချို့ကောင်မလေးတွေဆို “ယုံကြည်ပါတယ်၊ လေးစားပါတယ်၊ အားကိုးပါတယ် သမီးတော်လေးရဲ့ပုံကို ဘိုးဘိုးကြီးရဲ့ ညီတော် “Photoshop ကိုယ်တော်” ဆီမှာလည်းအပ်ပြီးပါပြီ။ အခု Facebookဘိုးဘိုးကြီးဆီမှာလည်းလေးလေးစားစား အပ်ပါတယ်။ Like များများရအောင် Comments ကောင်းကောင်းရအောင် စောင့်ရှောက်တော်မူပါ” ဆိုပြီးတော့ကို လေးလေးစားစားအပ်တာဗျား။
katonea။      ။ဟာ fbပေါ်ကကောင်မလေးတွေ နှုတ်ခမ်းတွေစူပြီး ပါးတွေဖောင်းနေတာဒါကြောင့်ကိုး… ဘိုးဘိုးကြီးဆီမှာ အဲ့လိုပွစိပွစိနဲ့ဆုတောင်းပါများပြီး အကြောတွေလိုက်ကုန်တာဖြစ်မယ်။
ဘိုးဘိုး။      ။အဲ့လို အမာခံကိုးကွယ်သူတွေကိုတော့ ဘိုးဘိုးကြီးတို့ကလွှတ် မ,တာပဲ။ အဲ့လိုသမီးတော်လေးတွေရဲ့ပုံတွေအောက်မှာဆို Like တွေ ဆိုတာ တရကြမ်း၊ ချောတယ်လှတယ်လို့ရေးထားတဲ့ Comments တွေဆိုတာ မြင်တောင်မကောင်းဘူး။ ဘိုးဘိုးကြီးက မ,စရာရှိလျှင်မ,သလို ကိုင်စရာရှိလျှင်လည်း ကိုင်ထည့်လိုက်တာပဲ။ (နတ်ကိုင်ခြင်းကိုဆိုလိုသည်။) တစ်ချို့ မသင့်တော်တဲ့ ပုံတွေ၊ Post တွေ တင်ပြီး စော်ကားတဲ့သူတွေဆိုရင်တော့ နတ်ကိုင်ရတာပေါ့။

katonea။      ။သြော်သိပြီ… မသင့်တော်တာတွေဆိုတာ… ဟိုမင်းသမီးတွေ၊ မော်ဒယ်တွေ ရဲ့ပုံတွေကိုတင်တဲ့သူတွေမလား။ ဟုတ်ပါတယ်လေ ဒါမျိုးတွေတင်တာဆိုတော့လည်း ဘိုးဘိုးကြီးကိုမလေးမစားစော်ကားရာရောက်တာပေါ့။

ဘိုးဘိုး။      ။ဟာ ဘယ်ကသာ… ဒါမျိုးတွေက ဘိုးဘိုးတို့အကြိုက်မွန်းလိုက်… အာ ဒီကောင်မလေးဝင်ဝင်ပြောတာနဲ့ စကားတွေတောင်ရောကုန်ပြီ။ ဘိုးဘိုးပြောတဲ့ မသင့်တော်တဲ့ပုံတွေ၊ Post တွေဆိုတာ ကိုယ်တိုင်ကျ Computer ရှေ့မှာအေးအေးလေးထိုင်ပြီး သူများတွေဒုက္ခရောက်အောင်၊ ပဋ္ဋိပက္ခတွေဖြစ်အောင် မမှန်သတင်းတွေဖြန့်ပြီးသွေးထိုးပေးနေတဲ့ လူတွေကိုပြောတာကွ။
katonea။      ။သြော်.. ဂလိုကိုး… အဲ့ဒီ့လူတွေကိုကျတော့ ဘိုးဘိုးကဘယ်လိုအပြစ်ပေးလဲ ဘိုးဘိုးတို့ နတ် Language နှင့်ပြောရလျှင် ဘယ်လိုကိုင်လဲပေါ့နော်
ဘိုးဘိုး။      ။အမှန်တော့ကိုင်စရာတောင်မလိုပါဘူး… သူတို့အချင်းချင်းရန်တွေဖြစ်.. ဆဲကြဆိုကြ ဒေါသတွေထွက်ကြနှင့် အိမ်သာတက်ဖို့တောင်.. ငါအိမ်သာတက်နေတုန်းဝင်ဆဲသွားရင် ပြန်ဆဲဖို့နောက်ကျသွားမယ်ဆိုပြီး စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရပဲ အဆဲသံသရာထဲမှာ အကျဉ်းကျနေကြတာ။

( by မေ့ပါနိုင်)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.