Posted by Black Magic | Posted in 18+ , ကျန်းမာရေး , ဗဟုသုတများ , ဆောင်းပါး | Posted on 1:59 PM

Medical abortion (1)
ဆေးပညာမှာ ပါလို့ သိစေဘို့သာ ရေးတာပါ။ ဒီအတိုင်းလုပ်ပါလို့ မညွှန်းပါ။
ကျွန်တော်က မြန်မာပြည် က ဆေးပညာ ဘွဲ့ရထားတာမို့ ကျင့်ဝတ်အရ Induced
abortion ကိုယ်ဝန်ကို တမင်ပျက်အောင် လုပ်လဲမပေး၊ အကြံလဲမပေးပါ။ Incomplete
abortion ကိုယ်ဝန် တဝက်တပျက် ပျက်သူနဲ့ Septic abortion ကိုယ်ဝန်ပျက်ရင်း
ပိုးဝင်နေသူတွေကိုတော့ ဆေးကုပေးပါတယ်။ အထဲမှာ နေခွင့်မရှိလို့
အပြင်မှာနေရပေမဲ့ ကျင့်ဝတ်ဟောင်းဟာ နေရာပြောင်းတာနဲ့ လိုက်ပြောင်းရတယ် မထင်ပါ။Medical abortion ကိုယ်ဝန်ကို ဆေးနဲ့ဖျက်ဘို့ Mifepristone ဆေးကို ပြင်သစ်မှာ စသုံးခဲ့တယ်။ ၄၉ ရက် ကိုယ်ဝန် ၆ဝ% ပျက်ကျတယ်။ ဆေး ၂ မျိုးတွဲ RU 486 ကို ၂၈-၉-၂ဝဝဝ နေ့မှာ FDA ကနေ အသိ အမှတ် ပြုပေးခဲ့တယ်။ ပဌမဆေးက ပျက်စေပြီး၊ နောက်ဆေးက ကျစေတယ်။ ကိုယ်ဝန်ဖျက်ဆေးကို Mifepristone, RU486, Mifeprex, Mifegyne လို့လဲ ခေါ်ကြတယ်။

ဆေးပေးနည်း အမျိုးမျိုး -
ဆေး (၂) မျိုးတွဲသုံးတဲ့နည်းနဲ့ (၁) မျိုးထဲနည်းဆိုပြီးရှိတယ်။
၁။ အမေရိကန် FDA က အသိအမှတ် ပြုထားတာကတော့ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone 600mg ကို သောက်ရပြီး၊ Misoprostol (Cytotec) 400µg ကို ၂ ရက်အကြာမှာ သောက်ရတယ်။
၂။ ပြင်သစ်မှာ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone 600mg စသောက်ခိုင်းပြီး၊ ၃၆-၄၈ နာရီ အကြာမှာ Misoprostol (Cytotec) 400µg ကို ပါးစပ်က ဒါမှမဟုတ် Gemeprost 1mg ကို (ဗဂျိုင်းနား) ထဲထည့်ခိုင်းတယ်။
၃။ တခြားနိုင်ငံတွေ (ဗြိတိန် နဲ့ ဆွီဒင်) မှာ ၆၃ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 200 mg ကို ပဌမ အသောက်ခိုင်းပြီး၊ ၂ ရက် အကြာမှာ Misoprostol (Cytotec) 400µg ပါးစပ်က၊ ဒါမှမဟုတ် 800µg ကို (ဗဂျိုင်းနား) ထဲ ထည့်ခိုင်းတယ်။

သတိထားရမှာတွေ -
• ဘာသာရေး၊ လူမှုရေး နဲ့ တရားဥပဒေအရ တားမြစ်ထားတာတွေကို အထူးသတိထားရမယ်။
• ၄၉ ရက် ကိုယ်ဝန် ဖျက်တာမှာ ၉၅% အောင်မြင်တယ်။
• ၆၇% က ဒုတိယဆေးနောက် ၄ နာရီအတွင်း ပျက်ကျစေပြီး၊ ၉ဝ% က ၂၄ နာရီအတွင်း ပျက်ကျစေ တယ်။
• အားလုံး ပျက်မကျသူတွေကို Aspiration စုပ်ထုတ်ပေးရတယ်။ တချို့လူနာတွေက စုပ်ထုတ်ပေးပါလို့လဲ ခိုင်းတတ်တယ်။
• ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့-အန်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူးဝေ၊ ချမ်း၊ အားယုတ်တာတွေ ဖြစ်တယ်။ ကိုယ်ဝန်ရင့်လေ အဖြစ်များလေ။ သားဦးဆို ပိုဖြစ်မယ်။
• ဆေးသုံးနေတုံး ရေနဲ့ ဓါတ်ဆား မနည်းစေရပါ။
• ဖျားလာရင် ပိုးဝင်တာနေမယ်။ ဆရာဝန်ကို ချက်ချင်းပြပါ။
• သွေးဆင်းတာ သိပ်များရင် Blood or Drip သွေး-ဆေး သွင်းရနိုင်တယ်။
• ဗိုက်နာရင် အပူကပ်ပေးနိုင်တယ်။ အနာသက်သာဆေး သောက်နိုင်တယ်။ နားပါ။
• ဒီနည်းကို မသုံးရမဲ့သူတွေကတော့ ကိုယ်ဝန်က Ectopic pregnancy သားအိမ်မှာတည်တာ မဟုတ်ရင်၊ သားအိမ်ထဲ ကိုယ်ဝန်တားတဲ့ပစ္စည်း IUCD ထည့်ထားရင်၊ ကျောက်ကပ် မကောင်းသူ၊ အသဲ မကောင်းသူ၊ သွေးအား သိပ်နည်းနေသူ၊ (စတီရွိုက်) ဆေး သောက်နေရသူ၊ သွေးယိုရောဂါ အခံရှိနေသူ၊ ပန်းနာရောဂါ ထနေသူ၊ သွေးတိုး များနေသူ၊ နှလုံးရောဂါ ဆိုးနေသူတွေဖြစ်တယ်။
• အကိုက်အခဲ-အဖျား ပျောက်ဆေး Aspirin (အက်စပရင်) နဲ့ အရက်ကို ရှောင်ပါ။
• ဆေးနည်းနဲ့ ဖျက်မရရင် Surgical abortion ခွဲစိတ်နည်းနဲ့ ဆက်ရမယ်။
• တချို့မှာ စိတ်ပိုင်းဆိုင်ရာ လာထိခိုက်တတ်တာ သတိထားပါ။
• ပြီးရင် အနည်းဆုံး ၇ ရက်တပတ် လင်-မယားအတူနေတာ ရှောင်ပါ။
နောက်တပုဒ်မှာ Misoprostol (Cytotec) ဆေးတမျိုးထဲသုံးနည်းကိုရေးပါမယ်။ (ရှာဖတ်မနေရအောင် အောက်မှာ ထည့်ပေးလိုက်ပါတယ်.. Black Magic)
Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၁

Medical abortion (2)
အများဆုံးသုံးတဲ့ဆေးက Cytotec နာမည်နဲ့ ရောင်းတဲ့ Misoprostol ဖြစ်တယ်။ 100
mcg ဒါမှမဟုတ် 200 mcg ပါတယ်။ Prostaglandin E1 analog ကို ဓါတ်ခွဲခန်းမှာ
လုပ်ထားတာ ဖြစ်တယ်။
(၁) အရင်ဆုံး သုံးနေခဲ့တာက NSAID (စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကြောင့် လေနာဖြစ်မှာကို တားဆီးပေးဘို့ ဖြစ်တယ်။
(၂) ကလေးမွေးရာ မြန်စေအောင်လဲ သုံးသေးတယ်။ OG တိုင်းကတော့ မသုံးပါ။
(၃) နောက်ပိုင်းမှာ ကိုယ်ဝန်ဖျက်ဘို့ပါ သုံးလာတယ်။

Abortion ကိုယ်ဝန်ဖျက်ဘို့ အတွက်ဆိုရင် Misoprostol +Mifepristone တွဲသုံးကြတာ များတယ်။ Misoprostol ဆေးတမျိုးထဲ သုံးတာက ၈ဝ% ထိရောက်ပြီး ၂ မျိုးတွဲဆိုရင် ၉၈% ထိရောက်တယ်။ Mifepristone ကို (Abortion pill, RU 486, Mifegyn, Mifeprex) လို့ခေါ်တယ်။
Misoprostol (Cytotec) တမျိုးထဲနဲ့ ၁၂ ပါတ်အထိ ကိုယ်ဝန်ကို ဖျက်ချင်ရင် -
• Misoprostol (Cytotec) 200 mcg ၄ ပြား (စုစုပေါင်း 800 mcg) ကို (ဗဂျိုင်းနား) ထဲ ၆ နာရီခြား ၃ ခါ၊ ဒါမှမဟုတ် ၁၂ နာရီခြား ၃ ခါ၊ ဒါမှမဟုတ် ၂၄ နာရီခြား ၃ ခါ ထည့်ရတယ်။ (ဗဂျိုင်းနား) ထဲကို ဆေးထည့်ရင် လက်ချောင်းသုံးရမယ်။ အထဲကို ရောက်နိုင်သလောက် သွင်းထည့်ပေးရတယ်။ ဆေးကို စိုထိုင်းထိုင်းလေးနေအောင် ရေနည်းနည်းလေးနဲ့ ဆွတ်ပေးတာမျိုး လုပ်သင့်တယ်။
• Misoprostol (Cytotec) 200 mcg ၄ ပြား (စုစုပေါင်း 800 mcg) ကို လျှာအောက်မှာ သုံထားပါ။ မျိုမချပါနဲ့။ ပါးစပ်ထဲမှာ နာရီဝက်အထိ ကြာနိုင်တယ်။ နောက် ၃ နာရီကြာရင် နောက်ထပ် အဲဒီအတိုင်း တကြိမ်၊ နောက်ထပ် ၃ နာရီကြာရင် အဲဒီအတိုင်း ဒုတိယအကြိမ် လုပ်ပါ။ ပေါင်း ၃ ကြိမ်၊ ပါးစပ်ကနေသုံးတာက ဘေးထွက်-ဆိုးကျိုး ပိုနည်းတာတွေ့ရတယ်။ ဒါပေမဲ့ ပါးစပ်ကပေးတာဟာ (ဗဂျိုင်းနား) ကနေ ၁၂ နာရီခြား ၃ ခါ ပေးတာလောက် မထိရောက်တာ သိလာရတယ်။
• ကိုယ်ဝန် ၁၂ ပါတ်အထိကို Misoprostol (Cytotec) 800mcg ကို (ဗဂျိုင်းနား) ထဲ ၁၂ နာရီတခါ၊ စုစုပေါင်း ၃ ခါ ထည့်နိုင်တယ်။
• ကိုယ်ဝန် ၁၃-၂၂ ပါတ်အတွက် Misoprostol (Cytotec) 400mcg ကို (ဗဂျိုင်းနား) ထဲ ၃ နာရီ တခါ၊ စုစုပေါင်း ၅ ခါ ထည့်နိုင်တယ်။
• သွေးဆင်းလာမယ်။ နာတာလာမယ်။ ပုံမှန်ရာသီလာတာထက် ပိုဆင်းမယ်။ သွေးအခဲ လဲပါမယ်။ များသောအားဖြင့် ၄ နာရီအကြာမှာ သွေးစဆင်းတယ်။ သွေးပိုဆင်းမယ်၊ ပိုနာလာမယ်။ ကိုယ်ဝန် ရင့်နေလေ သွေးအဆင်း များလေလေ။ သွေးဆင်းနေတာ တပါတ်၊ နှစ်ပါတ်အထိကြာနိုင်တယ်။ ဆင်းစရာကုန်ရင် နာတာလဲ သက်သာလာမယ်။ နာတာသက်သာဘို့ အနာသက်သာဆေးတခုခု သောက်နိုင်တယ်။ ၉ ပါတ်အထိ ရှိနေခဲ့တဲ့ ကိုယ်ဝန်မျိုးဆိုရင် Sac အိတ်လိုဟာ ကျလာတာကို တွေ့နိုင်တယ်။
• တကယ်လို့ ဒီတကြိမ်မှာ မအောင်မြင်ဘူး။ ၂-၃-၄ ရက်အကြာမှာ နောက်တခါ အဲဒီအတိုင်း ထပ်လုပ်နိုင်တယ်။ ၄-၆ ပါတ်နေရင် ပုံမှန် ရာသီပြန်လာမယ်။ တကယ်လို့ သွေးဆင်းများတယ်ဆိုရင် ခေါင်းမူးတာ၊ အေးစက်လာတာမျိုးဖြစ်ရင် ဆရာဝန်လိုတယ်။ ဒီလိုဖြစ်တာမျိုးက Incomplete abortion အကုန်မဆင်းတာလဲ ဖြစ်နိုင်တယ်။ Vacuum aspiration လေဟာနယ်နည်းနဲ့ ထုတ်ဘို့ ဒါမှမဟုတ် D and C သားအိမ်ခြစ်ဘို့ လိုနိုင်တယ်။ ကိုယ်ပူမယ်၊ ချမ်းမယ်ဆိုရင် ပိုးဝင်တာ ဖြစ်နိုင်တယ်။ ပိုးသေဆေးလိုတယ်။

ရလဒ်တွေ -
- ၇ဝ% လောက် မှာ ၁၂ နာရီအတွင်း လုံးဝပျက်ကျတယ်။
- ၈ဝ% လောက် မှာ ၂၄ နာရီအတွင်း လုံးဝပျက်ကျတယ်။
- ၉၅% လောက် မှာ ၄၈ နာရီအတွင်း လုံးဝပျက်ကျတယ်။
- ဆေးသုံးတဲ့အမျိုးသမီးအခြေအနေတွေ မတူကြလို့ ၇၂ နာရီကျမှ ပျက်ကျတာလဲရှိတယ်။
နောက်ဆုံးရာသီလာပြီးနောက် (၉) ပါတ်ထက်ကျော်နေတာကို ဒီဆေးသုံးနည်း လုပ်ရင် သွေးဆင်းတာများမယ်။ ဆေးရုံမှာ မဟုတ်ရင် စိုးရိမ်စရာတွေရှိတယ်။ (၉) ပါတ်မှန်ပေမဲ့ အနားမှာ တယောက်ယောက် ရှိနေသင့်တယ်။ သွေးဆင်းများလို့ သွေးဖိအားကျမယ်။ မူးမယ်၊ ဖြူဖတ်ဖြူရော် နေမယ်၊ သတိမကောင်း ဖြစ်မယ်၊ အေးစက်နေမယ်၊ စိုးရိမ်စိတ်ကဲရင် ပိုဆိုးမယ်။ ဆရာဝန် လိုတယ်။
ဆေးသုံးမယ်ဆိုတဲ့ အဆုံးအဖြတ်မှာ ကိုယ်ဝန် အနု-အရင့်အပြင် တရားဥပဒေ၊ တကယ်လုပ်ဘို့လိုသလား။ တခြား ကောင်းတဲ့နည်းလမ်း ရှိသေးလား၊ စိတ်ချရတဲ့ အနားနေအဖေါ်ရှိလား၊ အရေးကြုံရင် ဆက်သွယ်ဘို့၊ ခေါ်ယူဘို့၊ သွားလာဘို့ အဆင်သင့်ပြင်ဆင်မှု စတာတွေ ရှိထားရမယ်။ ဆေးသုံးဖျက်တာ မအောင်မြင်လို့ နောက်ဆုံး ကိုယ်ဝန် ဆက်ရှိပါစေတော့လို့ ဆုံးဖြတ်ရင် ကလေးကို ထိခိုက်မယ်ဆိုတဲ့ အထောက်အထားက ပုံမှန် ကိုယ်ဝန်ထက် ပိုနိုင်တာတော့ ရှိမယ်။ တကယ် ကလေးကို ထိခိုက်သွားမယ်လို့လဲ မပြောနိုင်ဘူး။ (အာလ်ထွာဆောင်း) ရိုက်ပြီး စစ်ဆေးနေရင် သိပါမယ်။
သတိထားဘို့က တိတ်တိတ်ဖြစ်ပျက်တာမျိုးဟာ လိင်ကတဆင့် ကူးစက်ရောဂါ ပိုဖြစ်တတ်လို့ လိုအပ်ရင် ဆေးကုရမယ်။ အရက်၊ မူးယစ်ဆေး သုံးမထားရဘူး။ ကိုယ်ဝန်က သားအိမ်ပြင်ပမှာ တည်နေတာအတွက် ဒီနည်းနဲ့မရဘူး။ သားအိမ်ထဲမှာ ကိုယ်ဝန်တားပစ္စည်း IUD/IUCD ထည့်ထားသူလဲ ဒီနည်းမသုံးရဘူး။ ရာနှုန်းပြည့် အာမမခံတာလဲ သိထားပါ။ အားလုံး အဆင်ပြေသွားတဲ့နောက်မှာ စိတ်ချ၊ စနစ်ကျတဲ့ သန္ဓေတားနည်းသုံးရပါမယ်။
Misoprostol ဆေးကို Alsoben, Arthrofen, Arthrotec, Asotec, Cirotec, Cyprostol, Cyrux, Cystol, Cytil, Cytolog, Cytomis, Cytopan, Cytotec, Gastec, Gastrotec, Gistol, GMisoprostol, Gustrul, Gymiso, Isovent, Kontrac, Mibetec, Miclofenac, Mirolut, Misel, Misive, Misoclo, Misofar, Misofen, Misogon, Misoplus, Misoprolen, Misoprost, Misotac, Misotrol, Mizoprostol, Noprostol, Oxaprost, Prestakind, Prostokos, Sintec, Vagiprost, Zitotec ဆိုပြီးနာမည်တွေနဲ့ ရနိုင်တယ်။
Dr. တင့်ဆွေ
၃၁-၁-၂ဝ၁၂

Comments (0)
Post a Comment