အောင်ရင်ငြိမ်းအတွက် ဝေဖန်သံများ စုစည်းမှု

Posted by Black Magic | Posted in | Posted on 12:53 PM



Romanbots World ကိုမဖတ်ရသေးရင် အောက်က Link မှာ အရင် ဒေါင်းလိုက်ဗျာ...၊

http://www.blackmagicmaker.com/2014/07/romanbots-world-18.html

ပြောမဆုံးသောရိုမန်းဘော့

အခုမှ ဖတ်ရလို့ အခုမှ မှတ်ချက်ပေးလိုက်ပါတယ် အောင်ရင်ငြိမ်းရေ။
အောင်ရင်ငြိမ်းနဲ့ သိကျွမ်းပါတယ်။ သူ့အပေါ် ကာကွယ်စရာရော တိုက်ခိုက်စရာပါ မရှိပါ။ အားထုတ်မှုနဲ့ သတ္တိကို ကြိုဆိုပါတယ်။  ထိရောက်သော အားထုတ်မှုဖြစ်ရင် ပိုကောင်းပါတယ်။



၁။ ဒီလိုအချိန်အခါ ဒီလိုအုပ်ချုပ်ရေးစနစ် ဒီလိုလှုမှုဝန်းကျင်အခြေအနေမှာ ဒီလိုစာအုပ်မျိုး ရေးသားထုတ်ဝေရင် ဒီလိုအကျိုးဆက်မျိုး ခံရမယ်ဆိုတာ ကြိုတင်စဉ်းစားပြီးဖြစ်မှာပါ။ ဒါကြောင့် ဆူညံသံတွေ၊ နောက်ဆက်တွဲ ပြဿနာတွေ၊ အရေးယူမှုတွေ(ရှိလာရင်) မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စာရေးသူဟာ ဘယ်သူ့ကိုမှ ရန်လိုခြင်း အပြစ်တင်ခြင်း မပြုပဲ ကိုယ်ဖြစ်ကိုယ်ခံ ရင်ဆိုင်ဖို့ပဲရှိပါတယ်။ အုတ်အော်သောင်းတင်း ဖြစ်သွားစေတာ စာရေးသူရဲ့ မျှော်လင့်ချက်တစ်ခု ဆိုရင်လည်း အောင်မြင်တယ်လို့ ယူဆနိုင်မှာပါ။ ဒါပေမဲ့ လူဖတ်များတယ်ဆိုတာ ဒီအထဲမှာပါတဲ့ erotic ဇာတ်ဝင်ခန်းတွေကို ဒါမျိုးမဖတ်ဖူးသူတွေက ရှာဖွေဖတ်ကြတာလား၊ လူပြောသူပြောများလို့ ဘာမှန်းသိအောင် ဖတ်ကြည့်ကြတာလား၊ စာရေးသူတင်သွင်းချင်တဲ့ အယူအဆတွေကို တွေးတောချင်သူတွေ များလာတာလား၊ စာရေးသူနဲ့ စာအုပ်ထွက်ရှိခြင်း အပေါ်မှာသာ အထူးအဆန်းအဖြစ် စိတ်ဝင်စားသူတွေလား အကြောင်းအမျိုးမျိုး ရှိကြမယ်။ ကိုယ့်ရည်ရွယ်ချက် ပေါက်မြောက်ခဲ့သလားဆိုတာ စာရေးသူက အသိဆုံး ဖြစ်ပါလိမ့်မယ်။

၂။ တစ်အုပ်လုံးအပြာစာအုပ်လို့ ပြောနိုင်မယ်မထင်ပါ။ ဒါပေမဲ့ ဒီစာအုပ်မှာ erotic ဖြစ်တဲ့ ဇာတ်ကွက်အချို့ရော၊ ထုတ်နုတ်ထားတဲ့ အယူအဆအတွေးအခေါ်တွေပါ လက်ရှိ လူမှုဝန်းကျင်အနေအထားမှာ အလွန်တရာ အငြင်းပွားဖွယ်ဖြစ်နေတယ်ဆိုတာကတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် တကယ်ဖြစ်နေတဲ့ အမှန်တရားပါ။ ဒီလိုအငြင်းပွားဖွယ်တွေကို ဘက်ပေါင်းစုံက တွေးတောဆင်ခြင်စရာဖြစ်အောင် ဇာတ်လမ်းကိုလည်း ဆင်မထား၊ တင်ပြပုံကိုလည်း ခပ်ပါးပါး ဘက်လိုက်မှုကင်းကင်း မထားပဲ စာရေးသူရဲ့ ရည်တည်ချက်ပေါ်မှာ ထိုင်ပြီး အယူအဆမတူသူတွေကို စိန်ခေါ်ပြီး ပညာပေးသလိုလို သင်ကြားပေးသလိုလို ကိုယ်နှစ်သက်တဲ့ အကိုးအကားအစိတ်အပိုင်းတွေကို တိုက်ရိုက် အတုံးလိုက်အတစ်လိုက် တင်သွင်းလာတဲ့အခါ ပိုလို့ အငြင်းပွားဖွယ် ဖြစ်လာပါတယ်။ စာအုပ်မဖတ်ဖူးဘူးပဲနဲ့တောင် လက်ခံတာ ငြင်းပယ်တာတွေ တွေ့လာရပါတယ်။

၃။ စာရေးသူရဲ့ အတွေးအခေါ်တွေကိုလည်း ဒီထက်ပိုပြီး အစာကြေစေချင်ပါတယ်။ ကိုယ့်လေ့လာမှု homework ကိုယ် ကျေအောင် အရင်လုပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူကိုယ်တိုင် အစာကြေမှ သူကနေ တင်သွင်းဆင့်ပွားလိုက်တဲ့ အတွေးအခေါ်တွေကို ဖတ်သူတွေကလည်း လုံးစေ့ပတ်စေ့ ဆင်ခြင်တွေးတောနိုင်မှာမို့လို့ပါ။ ဥပမာ- တစ်ဖက်ကတော့ မိန်းမတွေကို အထင်သေးလိုက်၊ မိန်းမဆန်တယ်တို့ မိန်းမလိုမိန်းမရဖြစ်တယ်တို့ စကားတွေသုံးနှုန်းပြီး ရှေးရိုးစွဲ သဘောထားတွေကို ဖော်ပြလိုက်၊  လိင်ဆက်ဆံမှုလွတ်လပ်ခွင့်ကျတော့ မိန်းမတွေလည်း တန်းတူသဘော ရှိသင့်ကြောင်း  အယူအဆတွေကို ကိုးကားပြောဆိုလိုက်နဲ့ တွေးခေါ်မှုဟာ တသမတ်တည်း ပွင့်လင်းသစ်လွင်မှု မရှိပါဘူး။ erotic အခန်းတွေမှာလည်း မိန်းမအထာကို ကျွမ်းကျင်တယ်ဆိုတာကို ပြချင်စိတ်အားကြီးနေတာ၊ မိန်းမတစ်ယောက်ဟာ ဒါကို သိပ်လိုအပ်နေရှာမှာပဲ လို့ ထင်စေတဲ့ အရေးအသားတွေဟာလည်း မိန်းမတွေအပေါ် လေးစားမှုနည်းတဲ့ ယောက်ျားမျိုးတွေရဲ့ သာမန် ရှေးရိုးစွဲ စရိုက်တွေပဲ မဟုတ်ပါလား။

၎။ ကိုယ့်အယူအဆနဲ့ ဆန့်ကျင်သူတွေ သဘောမတူသူတွေအပေါ် တိုက်ခိုက်လိုခြင်း၊ အထင်သေးခြင်းမျိုး ပြတာ ဒီမိုကရေစီရဲ့ သဘောတရားမဟုတ်ပါ။ တကယ့်ဘဝမှာ ကွန်ဆာ့ဗတစ် မဟုတ်ရင် လစ်ဘရယ်၊ လစ်ဘရယ် မဟုတ်ရင် ကွန်ဆာ့ဗတစ် လို့ အဖြူနဲ့အမည်း နှစ်မျိုးသာ ရှိတာလည်း မဟုတ်ပါဘူး။ ဒီစာအုပ် တစ်အုပ်လုံးကိုလည်း လုံးလုံး သဘောမတူသူရှိမယ်။ တစ်အုပ်လုံးကို အပြည့်အဝ လက်ခံသူရှိမယ်။ တချို့အပိုင်းသဘောတူ တချို့အပိုင်း သဘောမတူသူရှိမယ်။ ဒါကြောင့် အဆောတလျင် တံဆိပ်ကပ်ခြင်းဟာ မလျော်ကန်ပါဘူး။

၅။ အသစ်ဆိုပြီး ဖြစ်စေချင်တာကို ကာလံဒေသံ မစဉ်းစားဘဲ အတင်းကာရော ချပြခြင်းဟာ လူအများ နားမလည်နိုင်တဲ့အခါ မူလတွေးခေါ်ရှင်တွေကိုတောင် နှိမ့်ချသလိုဖြစ်တတ်တယ်။ မိမိရည်ရွယ်ချက်ကို မိမိကိုယ်တိုင် ဖျက်ဆီးမိတတ်ပါတယ်။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို အမှန်လို့ ထင်ကြတာချည်းပဲ။ လူတိုင်းဟာလွတ်လပ်စွာကွဲပြားခွင့်ရှိပေမယ့် သူတပါးရဲ့ကွဲပြားတဲ့ ယုံကြည်မှုတွေ ထုံးတမ်းစဉ်လာတွေကို မထီမဲ့မြင်ပြုဖို့တော့မသင့်ဘူး။ ဥပမာ ဝေးခေါင်သီလံတဲ့ တောရွာကလေးတစ်ရွာမှာ သစ်ငုတ်တိုတစ်ခုကိုပဲ ကိုးကွယ်နေကြတယ်ဆိုဦးတော့။ အဲဒါဟာ အယူမှားဆိုပြီး ဝုန်းဒိုင်းနဲ့ သစ်ငုတ်တိုကို ချက်ချင်းဆွဲနုတ်ပြီး မီးရှို့ပစ်ရင် ဒေါသထွက်ကြ၊ ဝမ်းနည်းကြ၊ ကြောက်လန့်ကြမယ်။ မတူကွဲပြားတဲ့ အယူအဆတွေ တန်ဖိုးတွေကို ကိုင်တွယ်ရတာ အင်မတန်သိမ်မွေ့ပါတယ်။ အထူးသဖြင့် ဘာသာရေးတို့ ကျင့်ဝတ်တို့နဲ့ ပတ်သက်လာရင် ပိုလို့ ထိလွယ်ရှလွယ်ပါတယ်။

၆။ တကယ်သစ်သလား မသစ်ဘူးလားဆိုတာကတော့ စာအုပ်အငှားဆိုင်မှာ ပြောနေကြသလိုပါပဲ။ မဖတ်ရသေးရင် အသစ်ပေါ့ တဲ့။ တချို့တွေအတွက် သစ်ပြီး တချို့အတွက်ကတော့ သိဖူးမြင်ဖူးပြီးသား ဖြစ်နိုင်ပါတယ်။ စာရေးသူရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေတော့ မဟုတ်ပါဘူး။ ဒါကလည်း what is original? လို့ မေးခွန်းထုတ်နေတဲ့ခေတ်မှာ သိပ်ပြီး ပြဿနာတော့မဟုတ်ပါဘူး။ ကိုယ့်အတွေ့အကြုံကို ကိုယ်ပြောပြီး ကိုယ်ကြိုက်ရာကို ထုတ်နုတ်မှီငြမ်းတာ စာရေးသူ့အခွင့်အရေးပါပဲ။ ကိုယ့်စကားလိုလို ပြောတာနဲ့စာရင် ဘယ်သူက ဘယ်လိုပြောသွားတာပါလို့ အတိအလင်း ဝန်ခံကိုးကားတာက ပိုကောင်းပါသေးတယ်။ (အတုံးလိုက်အတစ်လိုက် ဖြစ်တာက လွဲလို့ပေါ့။) မြန်မာစာပေလောကအတွက်တော့ ဒီလိုအကြောင်းအရာနဲ့ ဒီလိုပြဿနာတွေကို တရားဝင်ထုတ်ဝေ တင်ပြလာတာက အသစ်ဖြစ်နိုင်ပါတယ်။

၇။ ဒီစာအုပ်ကို နမူနာပြပြီး အရင်လို အစိုးရက စိစစ်ရေး ပြန်တင်းကျပ်လာမလား လို့ စိုးရိမ်လာကြတာကို တွေ့ရပါတယ်။ အများရဲ့ လွတ်လပ်စွာဖော်ပြခွင့်ကို ထိခိုက်လာရင် ဘယ်သူမှ ကျေနပ်မယ်မထင်ပါဘူး။ တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်ထင်တဲ့ အမှန်တရားကို လွတ်လပ်စွာ ကွဲပြားခွင့် တင်ပြခွင့်ရှိပေမယ့် လူအများကို ထိခိုက်တယ်လို့ ယူဆစရာဖြစ်နေကြတယ် ဆိုရင်လည်း ပြဿနာပေါ်လာတတ်ပါတယ်။ ဒီစာရေးသူကို ဝိုင်းအကာအကွယ်ပေးရမှာလား ဒါမှမဟုတ် ဝိုင်းကန့်ကွက်ရမလားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်သူတွေရဲ့ မူဝါဒရှုထောင့်က ကြည့်ရင် တည်ဆဲဥပဒေ တစ်ခုခုနဲ့ ငြိစွန်းနေရင်တော့ အဲဒီဥပဒေ တည်နေသရွေ့ အရေးယူပိုင်ခွင့်ကတော့ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် case by case  စီမံသင့်ပါတယ်။ အတတ်နိုင်ဆုံး တရားရုံးကို မရောက်ဘဲ ပရော်ဖက်ရှင်နယ်အသိုင်းအဝိုင်းအတွင်းမှာ အရင်ဆွေးနွေးညှိနှိုင်း ဖြေရှင်းကြတဲ့ self-regulation ကိုလည်း အားပေးသင့်ပါတယ်။

၈။ စာရေးသူရဲ့ လွတ်လပ်ခွင့်ကို လေးစားပါတယ်။ ခေတ်စနစ်ပွင့်လင်းလာတာနဲ့အမျှ ဒီလိုအကြောင်းအရာ အတွေးအခေါ်တွေဟာ အနှေးနဲ့အမြန်ဆိုသလို ထွက်ပေါ်လာစရာရှိပါတယ်။ အခြားကဏ္ဍတွေမှာ အခြေခံအဆင့်သာ ရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက် စောနေလွန်းသလားဆိုတာက ဝေဖန်စရာဖြစ်ပါတယ်။ တင်ပြပုံဟာ ချပြတာမျိုးထက် စည်းရုံးခြင်း မြှင့်တင်ခြင်း ခုခံခြင်း ဆန်နေတဲ့အတွက် ဘယ်လို ဘာကြောင့် ဆိုတဲ့ ဆွေးနွေးစရာ မေးခွန်းမျိုးထက် ဒါကိုလက်ခံလား လက်မခံဘူးလားဆိုတဲ့ yes or no မေးခွန်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ ဒီလောက် မလွယ်ကူပါဘူး။ ကိုးကားထားတဲ့ အတွေးအခေါ်တွေထဲမှာ အခြားရှုထောင့်များက ထပ်မံလေ့လာစရာတွေ ရှိပါတယ်။ issue တွေကလည်း တစ်ခုတည်းမဟုတ်ပါဘူး။ အပျိုစင်အယူအဆ၊ ဥပဒေဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အိမ်ထောင်ရေးဆိုင်ရာ၊ လက်ထပ်ထိမ်းမြားရေးဆိုင်ရာ၊ ဂေးအခွင့်အရေး စသည်ဖြင့် ပါဝင်ပါတယ်။ လောလောဆယ် လူတွေရဲ့ အာရုံ ကတော့ စာရေးသူနဲ့ ထုတ်ဝေမှု အပေါ်မှာပဲ ပိုနေပါတယ်။ (ဒီမှတ်ချက်ကလည်း အဲဒီလိုပါပဲ။) တချို့ကတော့ ဒီစာအုပ်အကြောင်း ပြောပြောနေတာ ဒီစာအုပ်ကို လူများများ ပိုဖတ်ဖြစ်အောင် မြှင့်တင်နေသလိုပဲလို့ ဆိုကြပါတယ်။ လူများများပိုဖတ်ဖြစ်ပြီး တွေးတောဆင်ခြင် ကြည့်လာကြတာမျိုးဆိုရင်တော့ ကောင်းပါတယ်။

၉။ အခုအထိတော့ ခြုံငုံကြည့်သူတွေအတွက် တစ်ခါလာလည်း ဒီဖိုမကိစ္စနဲ့ ဒီအတွေးအခေါ် အသားပေး လို့ ထင်စေပါတယ်။ ခေတ်သစ်လူမှုအဖွဲ့အစည်းအတွက် အခြားသောကဏ္ဍတွေမှာလည်း ဖောက်ထွက်ပြီး စဉ်းစားစရာဖြစ်တဲ့ အကျိုးရှိတဲ့ အယူအဆတွေကို ဆက်ပြီး ချပြစေချင်ပါတယ်။ ဒီစာအုပ်ထဲမှာလည်း နိုင်ငံရေး ဘာသာရေး နောက်ခံတွေ နည်းနည်းပါးပါး ထည့်ထားတာတွေ့ရပါတယ်။ စာရေးသူကြိုက်ရာဘက်ကနေ အတင်းရပ်ပြတဲ့ တင်ပြပုံမျိုးထက် စာကိုဖတ်ပြီး လူတိုင်း နက်နက်နဲနဲတွေးတောပြီး ကိုယ်တိုင်ရွေးချယ်ဖြစ်စေတာမျိုးကို ပိုဖတ်ချင်ပါတယ်။ ပြီးတော့ တစ်ခါလာလည်း ဒီအကြောင်းတွေပဲဆိုရင်တော့ စာရေးသူဟာ ဒီအကြောင်းတွေပဲ ခေါင်းထဲမှာ ကြီးစိုးနေတယ်လို့ ထင်စရာဖြစ်လာပါမယ်။


၁၀။ စာရေးသူက“လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ် အဖွဲ့အစည်းဖြစ်အောင်လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာ အသေခံဗုံးခွဲခြင်း” လို့ဆိုပါတယ်။ အသေခံဗုံးခွဲသူတိုင်းဟာ ပြင်းပြတဲ့ ယုံကြည်ချက်တစ်ခုကြောင့် ဖြစ်ပါတယ်။ တချို့အနေအထားတွေမှာ မျက်ကန်းယုံကြည်မှု (blind faith) လို့တောင် ပြောကြတာရှိပါတယ်။ ဒီဝေါဟာရ အရ စာရေးသူဟာ လူသားသစ်အဖွဲ့အစည်း ဖြစ်ထွန်းစေချင်လွန်းလို့ သူ့ရဲ့ အသိအမြင်တွေနဲ့ အနုပညာကို အသေခံပြီး ဖောက်ခွဲလိုက်တယ်လို့ နားလည်ရမှာလား။ ရှိပြီးသား အသိအမြင်ဆိုတာလည်း သတ်လို့မရပါဘူး။ အနုပညာစစ်မှန်ရင် အနုပညာဆိုတာလည်း တမင်သတ်လို့တော့ မသေနိုင်ပါဘူး။ သေနိုင်တာတွေက လူတို့၊ နာမည်တို့ပါ။ ဘယ်အရာပဲ သေသွားသွား သေတဲ့အခါ ကိုယ်ကောင်းတယ်လို့ ယုံကြည်တဲ့ ဂတိကို တကယ်လားပါစေလို့ အောင်ရင်ငြိမ်းကို ဆုတောင်းပါတယ်။

၁၁။ အခြားသော အသေးစိတ် သုံးသပ်မှုတွေအတွက်တော့ ကောင်းကင်ကို၊ အောင်ကောင်းမြတ်၊ အေးလဲ့ တို့ ရေးထားတာကို ရည်ညွှန်းလိုပါတယ်။

ပန်ဒိုရာ
၂၇.၆.၂၀၁၄
http://www.lubo601.com/2014/06/blog-post_3748.html

---------------------------------------------------x--------------------------------------------------------

ခုတလော နာမည်ကြီးနေတဲ့ စာအုပ်ကို မဖတ်ရသေးဘဲနဲ့ ဝေဖန်တာ မတရားဘူးထင်လို့ ခု သေသေချာချာ ဖတ်ပြီးမှ ပြောပါတယ်။ မဖတ်ရသေးခင်နဲ့ ဖတ်ပြီးတဲ့အခါ ထင်ထား၊ တွေးထားတာတချို့တော့ ကွာပါတယ်။ မဖတ်ခင်က တော်တော်ပြာမယ်ထင်တာ။ ညစ်ညမ်းတာတော့ မှန်ပါတယ်။ ဒါပေမယ့် ပြာတယ်၊ ၀ါတယ်ဆိုတာ ဘယ်လိုတိုင်းတာမှန်းမသိတော့ လိင်စိတ်နှိုးဆွနိုင်မှုရှိ၊ မရှိဆိုတာနဲ့သာ တိုင်းတာပြောမယ်ဆိုရင် ကျွန်မအတွက်တော့ သိပ်ပြီးဆွဲဆောင်မှု မရှိလှပါဘူး။ သူရေးနေတာမျိုးတွေ နိုင်ငံခြားဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာလည်း မြင်တွေ့နေရတော့ သိပ်လည်းမဆန်းကြယ်လှပါဘူး။ ငယ်ငယ်တုန်းက သခင်ဘသောင်းရဲ့တထောင့်တညပုံပြင်တွေ၊ သခင်ဘသောင်းနောက် ဆက်ထွက်တဲ့ ကျော်လှိုင်ဦးရဲ့ တထောင့်တညပုံပြင်တွေထဲမှာ ရေးထားသလောက်ပဲ ခံစားမိတယ်။ ဒါပေမယ့် လက်မခံနိုင်တာတွေ ရှိတယ်။ ပထမတချက်က သူက လိင်လွတ်မြောက်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိင်ဆက်ဆံမှုလွတ်လပ်ခွင့်ကို အသားပေးရေးနေတယ်လို့ ခံစားမိတယ်။ (တကယ်ဆို လိင်လွတ်မြောက်ခွင့်ဆိုတာ အများကြီးကျယ်ပြန့်ပါတယ်။ ဒါပေမယ့် စာရေးသူကတော့ ကျယ်ပြန့်တဲ့ဘာသာရပ်အောက်က လိင်ဆက်ဆံမှုလွတ်လပ်ခွင့်ကို အထူးအလေးပေးပြီး ရောကြိတ်သွားသလိုပဲ) ယောက်ျားနဲ့ မိန်းမ တဏှာပေမဆက်ဆံရေးကို အညစ်အထေးအဖြစ် သတ်မှတ်တာမျိုးကို သိပ်ပြီးလက်ခံချင်စရာမရှိပေမယ့် စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်အပေါ်မှာ ဘလိုင်းကြီး သရော်တာတော့ ချွတ်ချော်နေသလိုပဲ။ ယောက်ျားနဲ့ မိန်းမ နှစ်ဦးစလုံးက ဆန္ဒရှိလို့ အာရုံခံစားကြတယ်ဆိုပေသိ ဒီနှစ်ဦးဟာ အမေနဲ့သား၊ အဖေနဲ့သမီး ဖြစ်နေလို့ရှိရင် ဒါကို သူတို့ရဲ့ လူ့အခွင့်အရေးပဲဆိုပြီး လက်ခံပေးရမှာလား။ ကျွန်မရဲ့ သီးသန့်အမြင်က လူနဲ့ တိရိစ္ဆာန်ကွဲပြားစေတာက အရှက်ပဲ။ အဲ့ဒီ အရှက်ဆိုတာရှိနိုင်ဖို့ လူ့အဖွဲ့အစည်းရဲ့ ပညတ်ချက်တချို့ကို စောင့်ထိန်းလိုက်နာဖို့ လိုကိုလိုတယ်။ ဒုတိယအချက်က စာရေးသူက ဒီဝတ္ထုကျမှသာ အုတ်အော်သောင်းတင်းဖြစ်တာ။ ဒီ့မတိုင်မီကလည်း အလားတူအကြောင်းအရာကိုပဲ ဇောင်းပေးပြီး ရေးဖူးတယ်။ တခါလာလည်း လိင်လွတ်လပ်ခွင့်၊ နောက်တခါလာလည်း လိင်လွတ်လပ်ခွင့်ရေးရအောင် (သူရေးတာကတော့ လိင်ဆက်ဆံခွင့်လွတ်လပ်ခွင့်ပေါ့လေ.. ထားပါ) လူဆိုတာ အိပ်၊ စား၊ ကာမချည်း ရှိတာမဟုတ်ဘူး။ အထူးသဖြင့် ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံမှာ ပိုဆိုးတယ်။ အရင်တုန်းက အဘ လူထုစိန်ဝင်းက “ဒီမိုကရေစီ လမ်းကြောင်းက သွေဖယ်အောင် မလုပ်ပါနဲ့” ဆိုပြီး ဆောင်းပါးတပုဒ်ရေးပြီး သတိပေးဖူးတယ်။ အဘရေးတဲ့ ဆောင်းပါးထဲမှာ စားစရာမရှိတဲ့နိုင်ငံ၊ ကလေးတိုင်း မူလတန်းပညာသင်နိုင်အောင် မနည်းကြိုးစားနေရတဲ့ နိုင်ငံမှာ ဂေးအခွင့်အရေးတွေ၊ တိရိစ္ဆာန်အခွင့်အရေးတွေ သူများနိုင်ငံများ အားလျားလို့ လုပ်တာကို ပုံတူကူးပြီး လာလုပ်နေတာဟာ မယောင်ရာဆီလူးတာပဲလို့ ပြင်းပြင်းထန်ထန်ရေးတော့ ကျွန်မ တော်တော်ကြီးကို ဘ၀င်မကျဘူး။ အဘကို တော်တော်လေး စိတ်အစာမကြေဘူး။ လူ့အခွင့်အရေးပြောမှတော့ အမျိုးသမီးအခွင့်အရေး၊ လိင်တူအခွင့်အရေးတွေ ထည့်မပြောလို့ ဖြစ်မလားဆိုပြီး မအီမလည်နဲ့ပေါ့လေ။ ဒါပေမယ့် အခုချိန်မှာ ပြန်စဉ်းစားကြည့်ရင် အဘပြောတာ ဟုတ်သင့်သလောက် ဟုတ်တယ်၊ လက်ခံနိုင်စရာရှိတယ်လို့ မြင်မိတယ်။ သာတူညီမျှ အခွင့်အရေးအတွက် မနည်းကြီး တိုက်ပွဲဝင်နေရတဲ့အချိန်မှာ လိင်ဆက်ဆံမှုလွတ်လပ်ခွင့်တွေ၊ ဘာတွေ ရှေ့က ကြိုအော်နှင့်တော့ အသိဥာဏ်မကြွယ်ဝသေးတဲ့ အသိုင်းအ၀ိုင်းမှာ ကောင်းရာကို၊ သင့်တော်ရာကို မမြင်ဘဲ မကောင်းလို့ပဲ စိတ်ထဲစွဲမြဲယုံကြည်သွားကြမှာကို စိုးပါတယ်။ (သူပြောတဲ့အခွင့်အရေးတွေကို မလိုအပ်ဘူး၊ မပြောရဘူးလို့ ပိတ်ပင်တာ မဟုတ်ဘူးနော်)။ အခုဟာက ဒီဘာသာရပ်နဲ့ အကျွမ်းဝင်မှု နုနယ်သေးတဲ့ အဖွဲ့အစည်းကို သူက သူပြောချင်တာတွေကို အနောက်တိုင်းစံတွေနဲ့ တစ်တစ်ခွခွပြောပြီး လက်မခံတာနဲ့ ကော်ဆာဗေးတစ်ဗ်ဆိုပြီး တံဆိပ်ကပ်ပြီး စော်ကားနေသလိုပဲလို့ ခံစားမိတယ်။ တတိယအချက်က အဲ့ဒီ ရှေးရိုးစွဲဆိုတာကိုပဲ ပြောချင်တယ်။ သူက ရှေးရိုးစွဲဆိုတာနဲ့ အတော်လေးကို အော်ဂလီဆန်ပြထားတာကို ရယ်ချင်မိတယ်။ ရှေးရိုးစွဲလိုက်တာနဲ့ပဲ သုံးစားမရတော့သယောင်ရေးထားတယ်။ ခေတ်မီအလေ့အထ၊ အယူအဆမှာပဲဖြစ်ဖြစ် ရှေးရိုးစွဲမှာပဲဖြစ်ဖြစ် အားသာချက်၊ အားနည်းချက်ဆိုတာ ရှိပါတယ်။ ရှေးထုံးမှာ မပစ်ပယ်သင့်တာတွေရှိသလို ပစ်ပယ်ပြီး အတွေးအခေါ် အဆင့်မြှင့်ပေးရမှာတွေလည်း အများကြီးပဲ။ ဒါကြီးကို မကောင်းဘူးလို့ လုံးလုံးလျားလျားဆိုလို့မရပါဘူး။ နောက်တခုက သူပြောတဲ့ မော်ဒန်ဆိုတာ အနောက်တိုင်း အယူအဆအတွေးအခေါ်တွေပေါ့လေ။ Westernization လုပ်မှသာလျှင် Modernization ဖြစ်တယ်ဆိုပြီး လုပ်ပြနေတော့ သူ့တင်ပြချက်တွေက အံမ၀င်ဘူးပေါ့လေ။ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေကို လူတွေကသာ ဖန်တီးတယ်၊ တကယ်တမ်း လူသားချင်းဟာ အတူတူပဲ၊ ထိန်းကွပ်မှုတွေ မလိုအပ်ဘူးဆိုတာ အခြေခံအကျဆုံး အမှန်တရားပဲ။ ဒါပေမယ့် ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်ဘဲ သူ့ဘာသာ တန်ဖိုးထားတဲ့ စံသတ်မှတ်ချက်တွေကို သရော်မော်ကားပြုပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းကို တန်းညှိပြတာဟာ တဖက်သတ်ဆန်လွန်းပါတယ်။ စံသတ်မှတ်ချက်တွေ မလိုဘူးလို့ ကျွန်မတို့ ဘယ်လိုပဲ ကြွေးကြော်နေပါစေ။ ဒါဟာ သူတို့တွေရဲ့ အသက်ဝိဥာဉ်ပါ။ ဒါတွေဟာ တချို့သောသူတွေအတွက် အသက်ဝိဥာဉ်တွေပါ။ ဒါလေး ရှင်သန်နိုင်ဖို့အတွက် အားတင်းပြီး ကိုယ့်ကိုယ်ကို အသက်ဆက်နေရတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ဒီ့အတွက်လည်း တပါးသူအခွင့်အရေးကို ထိခိုက်တယ်၊ ချိုးဖောက်တယ်မမြည်ရင်၊ လူ့ကျင့်ဝတ်နဲ့လည်း ကိုက်ညီရင် ကျွန်မတို့တတွေ လေးစားပေးသင့်တယ်လို့ထင်တယ်။ စတုတ္ထအချက်က စာပေလွတ်လပ်ခွင့်ပါ။ ဒီလိုစာအုပ်ထွက်လာတာနဲ့ စာပေစိစစ်ရေးက ငါတို့ မရှိတော့ တွေ့တယ်မဟုတ်လား၊ ဖြစ်ချင်တိုင်းဖြစ်နေပြီဆိုပြီး အမှတ်ဝင်ယူမှာကို စိုးမိပါတယ်။ နောက်တချက်က သူ့ဟာသူ အပြာစာအုပ် ဟုတ်မဟုတ်၊ အလေးထားပြီး ဖတ်ရမယ့် စာအုပ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါတွေဟာ မြန်မာလူ့အဖွဲ့အစည်းကသာ အသိဥာဏ်ပြည့်ဝရင့်ကျက်နေမယ်ဆိုရင် အထူးဆွေးနွေးထောက်ပြနေဖို့ မလိုဘူး။ အသိဥာဏ်တွေမြင့်မားလာတဲ့အခါ အကောင်းအဆိုး သူ့ဟာနဲ့သူ ခွဲခြားသုံးသပ်နိုင်မယ်ဆိုပေသိ အဲ့ဒီနေ့ရောက်ဖို့ ဘယ်လောက် စောင့်ရဦးမယ်မသိဘူး။ ဒီစာအုပ်ပေါက်သွားတာနဲ့ (ပေါက်သွားတာနဲ့ အောင်မြင်တာ မတူဘူးပေါ့လေ) ဒီစာအုပ်လောက်တောင် အဆင့်မရှိတဲ့ အလားတူ သံတူကြောင်းကွဲတွေ လိုက်လုပ်ကျရင်တော့ တော်တော်လေး စိတ်ပျက်စရာကောင်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ လူမျိုးက ပြုတ်မနူးတွေ များတယ်မလား။ စာရေးဆရာဟာ စာဖတ်သူအပေါ် စေတနာထားသင့်တယ်လို့တော့ တိုက်ရိုက်ကြီး မပြောချင်ဘူး။ စေတနာလိုတာတော့ မှန်တယ်။ ဒါပေမယ့်တော်ကြာ စာရေးဆရာတွေအားလုံးက ငါတို့ဟာ ပြည်သူကို စေတနာထားပြီး လမ်းပြနေရတယ်၊ ကယ်တင်နေရတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ကျေးဇူးရှင်ထင်မှတ်တဲ့အထိ ဘ၀င်မြင့်သွားကြမှာလည်း စိုးမိတယ်။ သို့ပေမယ့် ကိုယ်ရေးတဲ့စာကို ဘယ်အချိန်ပြန်ဖတ်ဖတ် အပြစ်ကင်းတယ်လို့ ခံစားမိစေချင်တယ်။ နောက်ဆုံးတခုပြောချင်တာက ရှေးရိုးစွဲဝါဒီတွေရဲ့ အစွန်းရောက်မှုကို သရော်နေတဲ့သူဟာ သူ့ရဲ့ အယူအဆအသစ်ကို လက်မခံတာနဲ့ပဲ စာရေးဆရာကိုယ်တိုင်က ပြန်လှန်ရန်ထောင်နေတာဟာ သူလည်းပဲ အစွန်းရောက်ပါလားလို့ တွေးစေမိတယ်။ စိတ်မကောင်းစရာကောင်းတာက သူ့စာအုပ်ဟာ အပြာစာအုပ်အဖြစ် နာမည်ကြီးသွားတော့ အတွေးအခေါ်တွေ ဘယ်လိုထည့်ထားပါတယ် ဆိုဆို အပြာစာအုပ်အဖြစ်ပဲ ဖတ်ချင်လို့ တကူးတက၀ယ်တဲ့သူတွေသာ များနေမှာ ဖြစ်ပြီး အဲ့လူတွေဟာလည်း အပြာခန်းတွေကိုပဲ ရွေးဖတ်ကြမှာ သေချာတယ် (ကျန်တာတွေကို ဖတ်လည်း နားမှမလည်ကြတာပဲ)။ စကားမစပ် သူက သူ့စာအုပ်ကို အတွေးအခေါ်အသစ်တွေ ဖန်တီး၊ ရှေးရိုးစွဲဝါဒတွေကို စိန်ခေါ်တာတွေ၊ လူ့အခွင့်အရေးတွေ ဆွေးနွေးပြချင်တာနဲ့ပဲ ဇာတ်ကြောင်းနဲ့ မဆီမဆိုင် မလေးရှားလေယာဉ်ပျောက်တာတွေ၊ မဘသတွေ၊ ၉၆၉ တွေ ထည့်ရေးထားတော့ နည်းနည်းလည်း အူကြောင်ကြောင် နိုင်နေပါတယ်။

Aye Lei
https://www.facebook.com/AyeLT/posts/10152450195742492?fref=nf


---------------------------------------------------x--------------------------------------------------------

ရိုမန်းဘော့ထ်ကို စာပေအရဝေဖန်ခြင်း

တစ်ကယ်တမ်းက ရိုမန်းဘော့ထ်ဆိုတဲ့ စာအုပ်ကို ကျနော် အများကြီးမျှော်လင့်ထားတာပါ။ စာအုပ်ကို ဖတ်ပြီးတော့ စာရေးတဲ့သူအတွက်ရော၊ အမှာစာရေးတဲ့သူတွေအတွက်ရော တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ စာအုပ်တစ်ခုလုံးမှာ အဓိကပါတာဆိုလို့ ရိုမန်ဘော့ (စက်တစ်ပိုင်း လူတစ်ပိုင်း) ဖြစ်နေတဲ့သူနဲ့ တွဲတဲ့ အမျိုးသမီးတွေအကြောင်း၊ ၄င်းအမျိုးသမီးတွေနဲ့လိင်ဆက်ဆံမှု၊ အိုရှိုး၊ နစ်ရှေး၊ ဖူးကိုး၊ ဆိုင်မွန် ဒီဗူးဗွား စသူတို့ရဲ့ အတွေးအခေါ်တွေသာပါပါတယ်။

စာအုပ်ဇာတ်ကြောင်းကို မပြောခင် ကျနော့် သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Raphael Ram ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ မှိုလိုပေါက်နေတဲ့ နိုင်ငံရေးကဗျာတွေကို သဘောမကျကြောင်း ပြောတဲ့အခါ သူပြန်ပြောတာက "နိုင်ငံရေးက အရှေ့ရောက်ပြီး အနုပညာက အနောက်ရောက်နေရင် ကဗျာမဟုတ်တော့ဘူး။ အလကားပဲ"။

အနုပညာဖန်တီးတာဟာ အနုပညာအတွက်ပဲဖြစ်ပါတယ်။ အမျိုးဘာသာအတွက်ဆိုရင် ဒါဟာ အနုပညာမဟုတ်တော့ပါဘူး။ ထို့အတူ စာရေးဆရာသိထားတဲ့ သို့မဟုတ် ယုံကြည်တဲ့ အတွေးအခေါ်တွေကို ဝါဒဖြန့်ဖို့ စာရေးတယ်ဆိုရင် ဒါဟာ အနုပညာမဟုတ်တော့ပါဘူး။ အနုပညာဟာ အနောက်ရောက်သွားလို့ ဖြစ်ပါတယ်။ (အားနာနာနဲ့ ပြောရရင်) ရိုမန်ဘော့ဟာ ဒီလိုအမျိုးအစားထဲက တစ်ခုပါ။

စာအုပ်မျက်နှာဖုံးမှာ Not for Conservatives လို့ရေးထားပြီး စာအုပ်ထဲမှာလည်း ကွန်ဆာဗေးတစ် လူ့အဖွဲ့အစည်းကို ဒေါသထွက်နေတဲ့ စာရေးဆရာရဲ့လေသံကိုတွေ့ရပါတယ်။ ကွန်ဆာဗေးတစ်၊ လစ်ဘရယ် အယူဝါဒနဲ့ ပတ်သက်လို့လည်း စာရေးဆရာ (ဒီကလူတချို့လည်း ဖြစ်တယ်လို့ ကျနော်ထင်တယ်) ဝိုးတဝါးဖြစ်နေတာတစ်ခုလည်း ရှိပါတယ်။ တစ်ကယ်တော့ ကွန်ဆာဗေးတစ်အယူဝါဒနဲ့ လစ်ဘရယ်အယူဝါဒနှစ်ခုမှာ ဘယ်ဟာက ပိုကောင်းတယ်၊ ဘယ်ဟာက ပိုဆိုးတယ် မရှိပါဘူး။ မြန်မာနိုင်ငံက ခေတ်ပညာတတ်တွေထဲမှာ ဆိုရင် ကိုယ့်ကိုယ်ကို လစ်ဘရယ်ဖြစ်မှ လူရာဝင်တယ်ထင်ကြတယ် ထင်ကြသလားမသိ အကုန်လုံးက လစ်ဘရယ်လို့ ကြွေးကြော်ကြတာ တွေ့နေရတယ်။ ကွန်ဆာဗေးတစ် အယူဝါဒကြောင့် လူ့အဖွဲ့အစည်းရဲ့ အသေးဆုံးယူနစ်တွေဖြစ်တဲ့ မိသားစုတွေရှိလာတယ်။ ဒီမိသားစုတွေကို အခြေခံပြီး မြို့ရွာတွေနဲ့ လူမှု ပိရမစ်တစ်ခုကို တည်ထောင်နိုင်လာတာပါ။ ထိုနည်းတူပဲ လစ်ဘရယ်ဝါဒကြောင့် လူ့တွေရဲ့အခွင့်အရေးတွေနဲ့ တစ်သီးပုဂ္ဂလဆန်မှုတွေ တိုးတက်လာတာပါ။

ဗြိတိသျှလူမျိုး ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ရဲ့ အကြံပေးစကားတစ်ခုကိုလည်း ပြန်လည် ဝေမျှချင်ပါသေးတယ်။ "စာရေးဆရာဆိုတာ မေးခွန်းမေးဖို့သာဖြစ်ပြီး အဖြေတွေ ပေးနေဖို့မဟုတ်ပါဘူး"။ အောင်ရင်ငြိမ်းဟာ ဒီစည်းမျဉ်းကို ကောင်းကောင်းကြီး ချိုးဖောက်ထားပါတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အောင်ရင်ငြိမ်းရဲ့ စာအုပ်မှာ reference ပေးထားတဲ့ တွေးခေါ်ပညာရှင်တွေ စိတ်ပညာရှင်တွေထဲမှာ အိုးရှိုးတစ်ယောက်ကလွဲလို့ ကျန်သူတွေကို ကျနော်လေးစားပါတယ်။ ဒါပေမယ့် အောင်ရင်ငြိမ်းရဲ့ သူလက်ခံတဲ့ တွေးခေါ်မှု စနစ်ကို စာဖတ်သူတွေကို လက်ခံခိုင်းနေတာကို ကျနော် လုံးလုံး မနှစ်မြို့ပါဘူး။ ဒီ့အပြင် တချို့သော အသုံးအနှုန်းတွေ ဥပမာ "ခင်ဗျားတို့ ကွန်ဆာဗေးတစ်လူ့အဖွဲ့အစည်း၊ ခင်ဗျားလိုကွန်ဆာဗေးတစ် တစ်ယောက်ကတော့ လက်ခံနိုင်မှာ မဟုတ်ဘူး" စတာတွေဟာ စာဖတ်သူကို စော်ကားတဲ့ပုံသာပေါ်နေပါတယ်။

နောက်ထပ်စိတ်ပျက်မိတာကတော့ စာဖတ်သူကို သူပြောချင်နေတာတွေ အတင်းပြောပြနေတဲ့အချက်ပါ။ အောင်ရင်ငြိမ်းဟာ ဝတ္ထုရေးနေတာလို့ ကျနော်ထင်ပါတယ်။ အတန်းတစ်တန်းမှာ လက်ချာပို့ချနေတာ မဟုတ်ပါဘူး။ ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေဟာ သဘာဝကျမှု ပျောက်ဆုံးနေပါတယ်။ ကျနော် မနှစ်မြို့ဆုံးအချက်ကတော့ စာဖတ်သူကို အိုးရှိုးပြောတဲ့စကားတွေ နစ်ရှေးပြောတဲ့စကားတွေထိုင်ပြောနေတာပဲ ဖြစ်ပါတယ်။ ဝတ္ထုရေးသူတစ်ယောက်ဟာ သူ့ရဲ့အတွေးတွေကို စာဖတ်သူကို ပေးချင်တာ သဘာဝပါပဲ။ ဒါပေမယ့် George Orwell ဟာ Animal Farm မှာ အာဏာရှင်ဗဟိုပြုစနစ် (ဝါ) ကွန်မြူနစ်စနစ်အကြောင်း တိုက်ရိုက်ဝေဖန်ထားတဲ့ တစ်ကြောင်းတစ်လေများပါပါသလား။ ဒါမှမဟုတ် Kobo Abe ရဲ့ The Woman in the Dunes မှာ ဖြစ်တည်မှုပဓါနဝါဒအကြောင်း ဘယ်တွေးခေါ်ပညာရှင်က ဘယ်လိုပြောခဲ့တာဆိုပြီး စာဖတ်သူကို တိုက်ရိုက်လက်ချာပေးနေတာများရှိပါသလား။ ဝတ္ထုအရေးအသားဟာ သာမန် စကားပြေအရေးအသားနဲ့ မတူတဲ့အချက်ဟာ ဇာတ်ကြောင်းကနေ စာဖတ်သူကို မိမိဘာသာ မေးခွန်းမေးစေပါတယ်။ ရိုမန်ဘော့မှာ ဒါဟာ သိသိသာသာပျောက်ဆုံးနေပါတယ်။

ရိုမန်ဘော့ရဲ့ စကားပြေရေးသားပုံဟာလည်း ပျော့ပျောင်းမှုမရှိဘဲ စကားပြေကောင်းတစ်ပုဒ်မှာ ပါဝင်သင့်တဲ့ ဥပမာအလင်္ကာနဲ့ ရူကပအလင်္ကာတို့ အတော်လေးနည်းပါတယ်။ စာဟန်ကလည်း သွက်ခြင်းမရှိဘဲ မိမိရေးလိုတဲ့ လိင်ကိစ္စ၊ လူမှုရေးဆိုင်ရာ အတွေးအခေါ်တွေကိုပဲစုပြုံထည့်ထားတာ အရုပ်ဆိုးလွန်းပါတယ်။

ဒီစာအုပ်ကို ဝေဖန်တာ စာပေရှုထောင့်ကဝေဖန်တာသာ ဖြစ်ပြီး ယဉ်ကျေးမှုဘက်က လုံးဝမပါပါဘူး။ freethinker တစ်ယောက်မှာ အဓိကထားရှိရမယ့်အချက်က လွတ်လပ်စွာတွေးခေါ်ဖို့ပဲဖြစ်ပါတယ်။ ဒါကိုပြောင်းပြန်လှန်လိုက်လို့ရှိရင် အခြားသူတွေကိုလည်း လွတ်လပ်စွာ တွေးခေါ်စေရပါမယ်။ အောင်ရင်ငြိမ်းမှာတော့ ဒီအချက်ပျောက်ဆုံးနေပြီး သူသဘောကျတဲ့ လူနေမှုစနစ်သစ်ကိုပဲ စာဖတ်သူကို ယုံခိုင်းနေတာဟာ ဝိရောဓိဖြစ်ပါတယ်။

ရိုမန်ဘော့စာအုပ်ကို ဝေဖန်ပြစ်တင်သံတွေ၊ တားမြစ်ပိတ်ပင်ဖို့လုပ်မယ်လို့ ကြားရပါတယ်။ ကမ္ဘာပေါ်မှာ ပထမဦးဆုံး အဝေဖန်ခံရတဲ့ စာအုပ်မဟုတ်လို့ သိပ်တော့မအံဩပါဘူး။ ကမ္ဘာပေါ်မှာ များမကြာသေးခင်က Murakami ရဲ့ Norwegian Wood ထွက်တုန်းကလည်း ဂျပန်ယဉ်ကျေးမှုနဲ့ မအပ်စပ်ဘူးလို့ဝေဖန်ခံရပါတယ်။ Toni Morrison ရဲ့ The Bluest Eye ထွက်တုန်းကလည်း အမေရိကန်ကျောင်းတွေမှာ မပြဌာန်းဖို့ ကန့်ကွက်မှုတွေ လုပ်ကြပါတယ်။ ဒီစာအုပ်နှစ်အုပ်လုံးမှာ သာမန်စာအုပ်ထက်လွန်ကဲတဲ့ လိင်မှုရေးရာတွေပါကြပါတယ်။ ဒါပေမယ့် ဘယ်အရာကများ ဒီဝတ္ထုနှစ်အုပ်ကို ဝေဖန်မှုတွေကို ကျော်လွှားပြီး အောင်မြင်စေပါသလဲ။ သေချာတာကတော့ လိင်မှုရေးရာတွေပါလို့ ဒီစာအုပ်တွေနာမည်ကြီးတာမဟုတ်ပါဘူး။ Norwegian Wood မှာ တိုတောင်းပြတ်သားပြီး ကြိယာတွေပေါပေါများများသုံးနိုင်တဲ့ ရေးဟန်၊ လူ့တွေရဲ့ အထီးကျန်ဆန်မှု ဝေဒနာ၊ လူ့ဘဝရဲ့ စိမ်းကားလွန်မှု၊ သေခြင်းတရား၊ ခွဲခွာရခြင်း စတာတွေကို ကောင်းကောင်းထင်ဟပ်နိုင်ပါတယ်။ The Bluest Eye မှာတော့ ဇာတ်ကြောင်းပြောခြင်းကို ပထမနာမ်စားတစ်လှည့် တတိယနာမ်စားတစ်လှည့်သုံးနိုင်တဲ့ အတတ်ပညာ၊ လူဖြူတွေအတိုင်း မျက်လုံးအပြာဖြစ်ချင်တဲ့ အာဖရိကန် လူမည်းမလေးတစ်ဦးရဲ့ ဆန္ဒကို အလှပဆုံး ဖော်ကျူးမှုဟာ စာအုပ်ကို ကယ်တင်လိုက်ပါတယ်။

စာပေအသေခံဗုံးခွဲဖို့လေ့ကျင့်နေမယ့်အစား မြန်မာစကားပြေကို လျော်ညီမယ့် အင်္လကာ၊ ကောင်းမွန်တဲ့ စကားပြောတည်ဆောက်မှု၊ ခိုင်မာတဲ့ဇာတ်လမ်းကျောရိုးနဲ့ပဲ ရေးတတ်အောင်ကြိုးစားရဦးမှာပါ။

Aung Kaung Myat

https://www.facebook.com/notes/aung-kaung-myat/ရိုမန်းဘော့ထ်ကို စာပေအရဝေဖန်ခြင်း
---------------------------------------------------x--------------------------------------------------------

ရိုမန်းဘော့ထ် ဖတ်အပြီးနောက်ဆက်တွဲအတွေးများ

 "ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။  အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက် အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့ ယုံကြည်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူး။


ဒီစာအုပ်ထုတ်လို့ အာဏာပိုင်တွေက လိုက်ဖမ်းတယ် ဆိုတာတော့ လွန်လွန်းပါတယ်ဗျာ။ အောင်ရင်ငြိမ်းရဲ့ ဝတ္ထုကောင်းခြင်း မကောင်းခြင်း၊ တော်လှန်ရာ ရောက်ခြင်း မရောက်ခြင်းက တစ်ပိုင်း။ ညစ်ညမ်းတာ အကြောင်းပြ၊ ဘာသာရေးကို အကြောင်းပြပြီး ဖမ်းတာတွေ အကျင့်ပါမှာ ကြောက်ရတယ်။ ပြီးတော့ ဒါရေးလို့ သူ့ကို ဖမ်းမယ်ဆိုတာ မျှတမှုလည်း မရှိဘူး။ အဲဒါမျိုးကိုတော့ ဝိုင်းပြီး ကာကွယ်ပေးကြဖို့ လိုမယ်ထင်တယ်။

လွတ်လပ်ခွင့် နဲ့ ပိတ်ပင်မှု


ဒါကတော့ ရိုမန်းဘော့ထ် မဖတ်ခင် ဟိုအရင်ကတည်းက တွေးခဲ့တဲ့ အတွေးမျိုးပါ။ သက်ဆိုင်နေလို့ ထည့်ရေးလိုက်ပါမယ်။

ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဇာတ်ဝင်ခန်း ပါတယ် ဆိုပါစို့။ လူငယ်တစ်ယောက်ဟာ အဲဒီ ဇာတ်ကားကို ကြည့်ပြီး ရုပ်ရှင်ထဲကအတိုင်း လိုက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ် ဆိုပါစို့။ လူတော်တော်များများက အဲဒီ ရုပ်ရှင်ကို တရားခံရှာကြလိမ့်မယ်။ တကယ်တော့ လောကကြီးက ကျယ်ဝန်းပြီး ဖြစ်ရပ်တွေ စုံလှပါတယ်။ အဲဒီ သေကြောင်းကြံသွားတဲ့လူဟာ အဲဒီ ရုပ်ရှင် မကြည့်ရလည်း လောကဓံရဲ့ တစ်ကွေ့ကွေ့မှာ တခြားတစ်ယောက်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သတင်းမျိုး ကြားတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ ပါတဲ့ စာအုပ်တွေ ဖတ်ရတာ၊ သီချင်းတွေ နားထောင်ရတာ၊ ဒါမှမဟုတ် အဲလိုဖြစ်ရပ်ပါတဲ့ တခြားရုပ်ရှင်ကြည့်ရတာ မျိုးတွေ ကြုံချင်ကြုံမှာပဲ။ တကယ်တော့ အဲဒီ လူငယ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမှာ အဓိက အကြောင်းရင်းက လောကကို အရှုံးပေးလိုစိတ် ဖြစ်ချင်ဖြစ်မယ်၊ ပျော့ညံ့လွန်းတဲ့ စိတ်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ သတ်သေသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူများ နောင်တရအောင် လုပ်ချင်လို့ သတ်သေတာလည်း ဖြစ်ချင်ဖြစ်မယ်။ အချုပ်ကို ပြောရရင် အဓိက အကြောင်းရင်းက အဲဒီလူငယ်ရဲ့ စိတ်အနေအထားကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ အချိန်မှာ ရုပ်ရှင်ကို ကြည့်လိုက်ရတော့ အမြန် လုပ်ဖြစ်သွားတာမျိုးတော့ ရှိချင်ရှိမယ်။ ဒါပေမဲ့ အဲဒီလူငယ်ဟာ အဲဒီ ရုပ်ရှင်ကို မကြည့်ရလည်း သူ့မှာသာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်တိမ်းညွတ်မှုမျိုး ရှိမယ်ဆိုရင် တစ်ကွေ့ကွေ့မှာ သူ့ကိုယ်သူ သတ်သေဖြစ်ဖို့ များပါတယ်။ အဲဒီလိုပဲ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ လိင်ဆက်ဆံတဲ့အခန်းပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြီး လက်တွေ့စမ်းတယ် ဆိုပါစို့။ တကယ်တော့ အဲဒီလူဟာ လိင်ဆက်ဆံတဲ့ ရုပ်ရှင်တို့၊ တခြားစာအုပ်တို့ကို တစ်ကွေ့ကွေ့မှာ တွေ့မှာပဲ။ အသက်မပြည့်သေးတဲ့သူတွေ မကြည့်ရ၊ မဖတ်ရ ဆိုတာမျိုး တားမြစ်တာ ရှိသင့်ပေမဲ့ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ အဲဒီလူကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျပါတယ်။ လူတိုင်းဟာ ကိုယ့်တာဝန်ကိုယ် ယူသင့်ပါတယ်။ တစ်ဘက်မှာ လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်လည်း ရှိရမှာပေါ့။

ပိတ်ပင်တားမြစ်တာတွေမျိုးထက်... လူတစ်ယောက်၊ တရားခွေတစ်ခွေ၊ စာအုပ်တစ်အုပ်ရဲ့ လွှမ်းမိုးမှုကို လူ့အဖွဲ့အစည်းကြီးက အလွယ်တကူ မခံဖို့၊ ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ တုံ့ပြန်နိုင်ဖို့ပဲ အရေးကြီးတာပါ။။ ဒါက စာအုပ်အကြောင်းကနေ စစဉ်းစားရင်း ပေါ်လာတဲ့ အတွေးပါ။

စာအုပ်အပြင်အဆင်


အဖုံးကစပြီး ပြောရရင် “NC-18” လို့ တပ်ထားပြီးရင် “Not For Conservatives” ဆိုတာနဲ့ “Adult Fiction” ဆိုတာက မလိုတော့ဘူး ထင်တယ်။ အောင်ရင်ငြိမ်းက လူ့အဖွဲ့အစည်းကို သစ်စေချင်လို့ လုပ်တာလို့ သူကိုယ်တိုင် ဆိုခဲ့တယ် မဟုတ်လား။ ဒါဆို ရှေးရိုးစွဲတွေ မဖတ်ရဘူးဆိုပြီး လုပ်တာ လွဲသလို ဖြစ်နေတယ်။ ဒီစာအုပ်ကို အောင်ရင်ငြိမ်းလို တူတဲ့အတွေးအခေါ်ရှိတဲ့လူတွေပဲ ဖတ်တော့ ဘာများထူးလာမှာလဲ။ သူမရေးခင်ကတည်းက အဲဒီလူတွေမှာ ဒါမျိုး အယူအဆတွေ ရှိနေပြီလေ။ လက်ခုပ်သံ ရရုံကလွဲလို့ ဘာများ ပြုပြင်ပြောင်းလဲမှု ဖြစ်လာမှာလဲ။ (ဒီနေရာမှာ အနုပညာဟာ ဘာအတွက်မှ မဟုတ်ဘူးလို့ ဆင်ခြေပေးရင်တော့ ရတယ်။ ဒါဆိုရင်လည်း လူ့အဖွဲ့အစည်းကြီး သစ်ဖို့တို့ ဘာတို့ ဘာလို့လျှောက်ပြောနေမလဲ။)

ယူဆကြည့်လို့ ရတာ တစ်ခုက “Not For Conservatives” ဆိုမှ ရှေးရိုးစွဲတွေ ပိုဖတ်ချင်လာအောင် စတန့်ထွင်လိုက်တာလို့ ခန့်မှန်းကြည့်လို့ရတယ်။ ဒါမှ ဖတ်ချင်တဲ့သူ ပိုများလာမယ်လေ။ နောက်တစ်ခုက “Adult Fiction” ဆိုပြီး စာရေးသူကိုယ်တိုင် တံဆိပ်ကပ်လိုက်တဲ့ ကိစ္စ။ အဲဒီလို တပ်လိုက်တော့ အပြာဆန်ဆန် သဘော သက်ရောက်သွားစေတယ်။ “Adult Fiction” ဆိုရင် လူတိုင်းက အပြာစာအုပ်လို့ ရုတ်တရက် တွေးကြမှာပဲ။ ကိုယ့်စာအုပ်ကို အပြာစာအုပ်လို့ အထင်မခံချင်ရင် စာရေးသူကိုယ်တိုင်က “ကဗျာဆရာ တစ်ယောက်ရဲ့ ဆိုက်ကို နောက်ခံ ဝတ္ထု” လို့ပဲ ရေးလိုက်တာ ပိုကောင်းမယ်။ အခုတော့ ကိုယ့်စာအုပ်ကိုယ် နှိမ်လိုက်သလိုဖြစ်သွားတယ်။ လူတွေကို လိင်ကိစ္စအကြောင်းအသားပေးလို့ မြင်လာစေပြီးတော့ ဖတ်လာကြအောင် ဆွဲဆောင်တာလားလို့လည်း တွေးကြည့်မိတယ်။

အမှာစာ


        အစဉ်အလာတွေကို ရိုက်ချိုးတဲ့ စာအုပ်လို့ ဆိုထားပေမဲ့ အမှာစာဆိုတဲ့ အစဉ်အလာကိုတော့ လိုက်ထားတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး ပြောရရင် မြန်မာစာအုပ်တွေရဲ့ အမှာစာတချို့က ပေရှည်လွန်းတယ်။ စာအုပ်နဲ့ မဆိုင်တာတွေလည်း ပါတတ်တယ်။ တစ်ခါတစ်ခါကျလည်း အမှာစာတွေက စာဖတ်သူအပေါ် ဆရာလုပ်လွန်းတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း မှတ်သားစရာလေးတွေ ပါတဲ့ အမှာစာတွေလည်း ရှိပါတယ်။

စာအုပ်ရေးတဲ့သူတွေကလည်း နာမည်ကြီးတွေရဲ့ ဝိတ်လိုချင်တော့ အမှာစာ မရမက ရေးခိုင်းတာမျိုးရှိတယ်။ အမှာစာရေးပေးဖို့ မျက်နှာချို သွေးကြရရှာတယ်။ အမှာစာကို ဖျစ်ညှစ်ပြီး ရေးနေရတယ်ဆိုတာမျိုးလည်း တစ်နေ့က ဖတ်လိုက်ရတယ်။ ရယ်တော့ ရယ်ရတယ်။ မှာစရာ ထွေထွေထူးထူး မရှိရင် မှာမနေနဲ့တော့ပေါ့။ ပြီးတော့ အမှာစာ အများစုက ဟန်ဆောင်ပန်ဆောင်များတယ်လို့ ခုနောက်ပိုင်း ခံစားလာရတယ်။ အစဉ်အလာကို ရိုက်ချိုးတဲ့ဝတ္ထုဆိုတော့ တကယ်လို့ အဲလို အပေါ်ယံ ဟန်ဆောင်မှု အားလုံးကို ရိုက်ချိုးရင် ပိုကောင်းမယ်။

ဒါပေမဲ့ ထုတ်ဝေသူက ရေးချင်လို့ ဖြစ်စေ (သူက ပိုက်ဆံစိုက်မှာကိုး)  ပြောစရာ တစ်ခုခု ရှိနေလို့ ဖြစ်စေ ရေးတာမျိုးကတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ များသောအားဖြင့်တော့ စာဖတ်သူကို ဆရာလုပ်တာတွေ၊ စာရေးသူကို စွတ်မြှောက်ပေးထားတာတွေ၊ မဆိုင်တာတွေ၊ (တခါတခါဆို) အမှာစာရေးတဲ့သူက စာအုပ်ရေးတဲ့သူကို အပေါ်စီးကနေ ဆရာကြီးဆန်ဆန် သုံးသပ်ချိုးနှိမ်ရေးတာမျိုးတောင် ဖတ်ဖူးသေးတယ်။

အမှာစာဆိုတာ နိုင်ငံတကာမှာလည်း ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ လေးငါးမျက်နှာလောက် ရှည်တာတွေတော့ မတွေ့ဖူးဘူး။ တွေ့လည်းမဖတ်ဖြစ်ဘူး။ များသောအားဖြင့်တော့ နိုင်ငံတကာ စာအုပ်တွေမှာ ထည့်ကြတာက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအများကြီးဆီက စာတစ်ကြောင်း နှစ်ကြောင်းလောက်စီ စုထည့်ထားတာမျိုးများတယ်။ ဒါမှလည်း ကြေညာရာ ရောက်ပြီး ရောင်းကောင်းမှာကိုး။

(မှတ်ချက်။ ကျွန်တော် ပြည်ပမှာ စာအုပ်ထုတ်တုန်းက အမှာစာ ထည့်ပါတယ်။ အဲဒီတုန်းက ဒါမျိုးအတွေးလည်း မရှိသေးဘူး။ အဲဒီတုန်းက အမှာစာ ရေးတဲ့သူက ထုတ်ဝေသူရယ်၊ ကျွန်တော်ကိုယ်တိုင်ရယ်ပါ။ ထုတ်ဝေတာကလည်း စာကြည့်တိုက်က ကျောင်းသွားတွေမို့ အဲဒါမျိုး အမှာစာကိုတော့ ကျွန်တော် မြတ်နိုးပါတယ်။ ဒီတော့ တခြားသူတွေလည်း သူတို့ မြတ်နိုးတဲ့ စာရေးဆရာတွေကို တလေးတစား အမှာစာ တောင်းတာဖြစ်လိမ့်မယ်လို့ ခံစားနားလည် ပေးမိပြန်ရော။ ကျွန်တော့် ကဗျာစာအုပ်မှာ ကျွန်တော်ကိုယ်တိုင် အမှာစာ ရေးခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စာအုပ်မှာ “ကျွန်တော်” “ကျနော်” ဆိုပြီး သတ်ပုံနှစ်မျိုး တမင်တကာ သုံးထားတာကို ရှင်းချင်လို့ပါ။ တကယ်တော့ ကိုယ့်ဘာသာရေးထားခဲ့တဲ့ အမှာစာကို အခုချိန် ပြန်ဖတ်ကြည့်တော့လည်း သိပ်အဓိပ္ပါယ် မရှိလှပါဘူး။ ကိုယ်ကျတော့လုပ်ပြီး သူများကျမှ ဝေဖန်သလိုဆိုတော့ hypocrite လို့ ကျွန်တော့်ကို ပြောလည်း ခံရမှာပဲ။ ဟုတ်လည်း ဟုတ်နေတာပဲလေ။ တကယ်တော့ အစဉ်အလာတွေကို ဆန့်ကျင်ရတယ်ဆိုတာ အပြောသာလွယ်ပြီး လက်တွေ့လုပ်ဖို့ကျတော့ ပေးဆပ်ရတာတွေ ရှိတာကိုး)

အမှာစာဆိုတဲ့ ဓလေ့က တကမ္ဘာလုံး လုပ်နေကြပေမဲ့၊ စာအုပ်ရောင်းထွက်ဖို့ လိုအပ်ပေမဲ့ အဲဒီလို ဝိတ်သုံးရတဲ့ အစဉ်အလာကြီးကိုတော့ သဘောမကျဘူး။ ဒါပေမဲ့ အခြေအနေအရ လုပ်ကြရတာတွေကိုတော့ နားလည်ပေးလို့ရပါတယ်။ (မှတ်ချက်။ ။ ဆရာမြသန်းတင့်ရဲ့ အမှာစာ အရှည်ကြီးတွေ၊ ဆရာ တာရာရဲ့ အမှာစာ အရှည်ကြီးတွေကိုတော့ နှစ်သက်ပါတယ်။ သူတို့က စာဖတ်သူအပေါ် စေတနာထားပြီး ရေးတဲ့ အမှာစာတွေကိုး။ ဖတ်မိသလောက်က စာဖတ်သူတွေကို ငတုံးလို့ သဘောထားတဲ့ အမှာစာမျိုးတွေ မဟုတ်ဘူး။ ဒါတောင် သူတို့လည်း တခါတခါ စာအုပ်နဲ့ ဘာမှ မဆိုင်တာတွေကို စာရေးသူကို အားမနာဘဲ အမှာစာမှာ ရေးထားကြတာတွေ ရှိသေးတယ်)

မင်းခက်ရဲတို့ မလေးတို့ရဲ့ အမှာစာထဲမှာ တွေးစရာလေးတွေ ထုတ်နုတ်ပြထားတာတွေ၊ သုံးသပ်ပြထားတာတွေထဲမှာ သဘောမတူတာတွေ ပါပေမဲ့ သူတို့အတွေးတွေ သိရလို့ ဗဟုသုတတော့ ရပါတယ်။

မလေး ရဲ့ အမှာစာကတော့ အလွန်အကျူး ညွှန်းဆိုသလိုရှိတယ်။ ကျူးလွန်ချိုးဖောက်မှု မပါတာကို ပုပ်ပွနေတဲ့ ရေသေအိုင်နဲ့  တင်စားထားသေးတယ်။ ပြီးတော့ ရိုမန်းဘော့ထ်ဟာ လူသားသစ်၊ မိုးကုပ်စက်ဝိုင်းသစ်နဲ့ ကမ္ဘာသစ်ကို ဖျတ်ခနဲ လှမ်းမြင်ထားပြီးပြီတဲ့။ ကျန်တဲ့သူတွေကရောတဲ့။ စိန်ခေါ်ထားတာလား၊ ရိုးရိုးမေးခွန်းထုတ်လိုက်တာလားတော့ မသိ။

Sexism

ဝတ္ထု စစချင်း စာ(၂၈) အောက်ဆုံးနားနဲ့ စာ (၂၉) အပေါ်ဆုံးမှာ မိန်းမတွေကို နှိမ်ထားတဲ့ sexist ဖြစ်တဲ့ ကွန်ဆာဗေးတစ် ဆန်တာကို စတွေ့တယ်။ အမှာစာရေးတဲ့ စာရေးဆရာမ မလေး ကဇာတ်ကောင် ရိုမန်းဘော့ထ် ကမ္ဘာသစ်ကို ရောက်ပြီလို့ ပြောပေမဲ့၊ ဇာတ်ကောင်ကာ ကမ္ဘာဟောင်းဖြစ်တဲ့၊ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ ကမ္ဘာမှာ ကျန်နေတုန်းပဲ။ ဇာတ်ကောင်ကလည်း ဝန်ခံထားပါတယ်။ မိန်းမတွေကို အဆိုးမြင်တတ်တဲ့ ရိုမန်းဘော့ထ် တစ်ကောင်ပါတဲ့။ မိန်းမတွေကို အထင်မကြီးဘူးဆိုတာတွေ၊ မိန်းမဆန်တယ် ဆိုတာတွေနဲ့ နှိမ်ထားတယ်။ ဒါပေမဲ့ အဲဒီလို မိန်းမဆန်တဲ့ စရိုက်သဘာဝ၊ အတင်းအဖျင်းပြောတဲ့ စရိုက်သဘာဝ က ခေတ်သစ် ယောကျာ်းတစ်ချို့မှာလည်း ရှိတယ်တဲ့။ မဟော်မုန်းဓာတ်တွေ လွန်ကဲနေတဲ့ ငနဲတွေတဲ့။ ဒီနေရာမှာတော့ ရိုမန်းဘော့ထ်ဟာ (အောင်ရင်ငြိမ်းကို ပြောတာ မဟုတ်ဘူးနော်။ ဇာတ်ကောင်ကို ပြောတာ) ကွန်ဆာဗေးတစ်လို့ ပဲ မှတ်သားလိုက်ရတော့တယ်။ ဒါပေမဲ့ စာအုပ်ရဲ့ တချို့နေရာတွေမှာ ကျတော့လည်း sexism ကို ဆန့်ကျင်ထားပြန်ရော။

လိင်ဆက်ဆံခန်း နဲ့ အပျိုစင်အယူ ပယ်ချမှု


ခုနက sexist ဖြစ်တဲ့၊ အမျိုးသမီးတွေကို နှိမ်တဲ့ ဇာတ်လမ်းစဉ် အပြီးမှာတော့ လိင်ဆက်ဆံတာကို အသေးစိတ်ရေးပြထားတယ်။ တကယ်ကတော့ မထည့်လည်း ရတဲ့ ဇာတ်ဝင်ခန်းမျိုး။ အဲဒီ ဇာတ်ဝင်ခန်းမှာ metaphor နဲ့ လှလှပပ ဖွဲ့ထားတာမျိုးလည်း မရှိဘူး။ ဒါကိုတော့ နားလည်ပေးလို့ရတယ်။ ဇာတ်လမ်းအတွက် မလိုအပ်လှပေမဲ့ သူက လိင်ကိစ္စဆိုတာ ရှက်စရာ ရွံစရာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့မျိုး၊ ဟန်ဆောင်မှုတွေကို ရိုက်ချိုးချင်တာ မဟုတ်လား။

အပျိုစင်ဖြစ်နေရမယ် ဆိုတဲ့ အယူအဆကို ပယ်ချတာမျိုးတော့ လက်ခံပါတယ်။ ဒါကလည်း တော်လှန်ရေး တစ်ရပ်တော့ မဟုတ်ပါဘူး။ အထူးအဆန်း အမှတ်ပေးရလောက်အောင်တော့ မဟုတ်ဘူး။ လက်တွေ့အပြင်လောကမှာ သဘောထားပြည့်ဝတဲ့ ယောကျာ်းတော်တော်များများ အဲလိုသဘောထား ရှိကြတာပဲ။

Anarchism အငွေ့အသက် နည်းနည်း

အောင်ရင်ငြိမ်းရဲ့ အခန်း(၂) မှာ Anarchism (မင်းမဲ့ဝါဒ) အငွေ့အသက်လေးတွေတော့ ထင်ဟပ်နေတယ်။ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ထားတာမျိုး ပြောထားတာတွေ ပါတယ်။ ဒါပေမဲ့ အယူအဆသစ် တစ်ခုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေ ရေးပြရုံနဲ့တော့ ဒီဝတ္ထုကို တော်လှန်ဝတ္ထုအဖြစ် အမှတ်ပေးစရာ အကြောင်းမရှိဘူး။ ပြီးတော့ မတရားတဲ့ ဥပဒေအကြောင်း ပါးပါးလေး ထည့်တာမျိုးထက် အတုံးလိုက် အတစ်လိုက် ရေးသွားသလို ခံစားမိတယ်။ Anarchism အငွေ့အသက် ပါတယ် ဆိုပေမဲ့ တကယ့် anarchism တော့ မဟုတ်ဘူး။ Anarchist တွေက ဥပဒေဆိုရင် လုံးဝကို လက်မခံတာ။ အခြေခံဥပဒေဆိုတာ ဥပဒေ ဖြစ်နေတဲ့ အတွက်ကို ပယ်ချကြတာ။ ဒီထဲက ဇာတ်ကောင်ကတော့ တကယ် တရားမျှတဲ့ ဥပဒေ ဆိုတာ ရှိသင့်တယ်လို့ ဆိုထားတယ်။

 အသစ်အဆန်း ဘာတစ်ခုမှ မရလိုက်ပေမဲ့ ဒီအခန်းက ဖတ်လို့တော့ အဆင်ပြေတယ်။

မတရားတဲ့ ဥပဒေတွေလည်း ရှိတယ်

အမျိုးသားနဲ့ အမျိုးသမီး အိပ်လိုက်တဲ့အခါ အမျိုးသားက အမြတ်ထွက်ပြီးတော့ အမျိုးသမီးက နစ်နာသွားတယ် ဆိုတဲ့ အယူအဆကို ဇာတ်ကောင်က ပယ်ချထားတယ်။ ကျွန်တော်လည်း အဲလိုပဲ တွေးတယ်။ ဒါလည်း အတွေးအခေါ် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အများစုက မိန်းကလေးတွေ နစ်နာတယ်လို့ တွေးကြတာ မှန်ပေမဲ့ အပြင်လောကမှာ မိန်းကလေးတွေ အပါအဝင် တော်တော်များများက ဘယ်သူမှ မနစ်နာဘူးလို့ပဲ တွေးပြီး အိပ်နေကြတာတွေ ရှိတာပဲ။ မြန်မာနိုင်ငံမှာလည်း ရှိတယ်။ နစ်နာတယ် ထင်ရင်မိန်းကလေး တော်တော်များများက အိပ်မှာမဟုတ်ဘူး။ အိပ်ပြီး ယောကျာ်းလေးကို ပစ်သွားတဲ့ မိန်းကလေးတွေတောင် ရှိသေးတယ်။ တစ်ခုတော့ ရှိတယ်နော်။ ကိုယ်ဝန်ရသွားတဲ့ ကိစ္စမျိုးမှာ ယောကျာ်းလေးက ပစ်သွားတာမျိုးဆိုရင် မိန်းကလေးဘက်က တော်တော်နစ်နာပါတယ်။ အဲဒါမျိုး ပစ်သွားတာကိုတော့ လက်ခံပေးလို့ မရဘူး။

တရားဥပဒေတွေ မျှတမှု မရှိတာကိုလည်း ဇာတ်ကောင်က ထောက်ပြထားတယ်။ ဒါကလည်း လူတိုင်းသိနေတဲ့ ကိစ္စဆိုတော့ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

အထွေထွေ

၉၆၉ နဲ့ မဘသ ကို ဆန့်ကျင်ထားတာလည်း ပါတယ်။ အနောက်ဘက် ခြံစည်းရိုးတစ်ဝိုက်မှာ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်နေတယ် ဆိုတာ ရေးထားတယ်။ “အမှောင်ခေတ်လွန် သို့မဟုတ် အရူးခေတ်လွန် ၉၆၉ စင်တီမီတာ” တဲ့။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်းမဟုတ်ပေမဲ့ လူသားဝါဒလေး ရှိနေတာကိုတော့ အသိအမှတ်ပြုမိတယ်။ ဒါပေမဲ့ အဲလိုဟာတွေ ထည့်ထားပုံက သက်သက်၊ ဝတ္ထုက သက်သက်လို တခြားစီ ဖြစ်နေတယ်။ အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။

 ကြားထဲမှာ အိုရှိုးအယူအဆတွေ ထည့်ထားတယ်။ ဒါကလည်း အိုရှိုးဖတ်ဖူးပြီးသားသူတွေ အတွက်ဆို သိပ်အထူးအဆန်းမဟုတ်ပါဘူး။

စာမျက်နှာ ၁၁၁ မှာတော့ အသစ်အဆန်း မဟုတ်ပေမဲ့ လှပတဲ့ သဘောထားလေးကို တွေ့ရတယ်။ စံနှုန်းတွေကို ပစ်ပယ်ထားတဲ့ ဇာတ်ကောင် ရိုမန်းဘော့ထ်ရဲ့ စံနှုန်းတစ်ခုကို ဖတ်လိုက်ရတယ်။ “ဟင့်အင်း… သူတို့ကို (ယေဘုယျကျင့်ဝတ်တွေကို လိုက်နာတဲ့သူတွေကို) ကွန်ဆာဗေးတစ်တွေလို့ ကိုယ်မစွပ်စွဲချင်ပါဘူး။ သူတို့အမြင်မှာ အဲဒါကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားလို့ ယုံကြည်နေမယ်ဆိုရင် ကောင်းမှုလို့ သတ်မှတ်ထားမယ်ဆိုရင် ကောင်းတဲ့အပြုအမူကို လုပ်တာကို ကိုယ့်အနေနဲ့ အပြစ်တင်စရာမှ မလိုအပ်တာ။ သူတို့ တန်ဖိုးစံနှုန်းနဲ့ သူတို့ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံ နိုင်ပါတယ်။ အဲ…. ဒါပေမဲ့ သူတို့က သူတို့သာ ကောင်းမွန်မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားပိုင်ရှင်တွေဖြစ်တယ်။ သူတို့ ကိုင်စွဲထားတဲ့ ကိုယ်ကျင့်တန်ဖိုးစံနှုန်းတွေနဲ့ သွေဖည်နေတဲ့သူတွေကို ကိုယ်ကျင့်တရား ပျက်ယွင်းနေသူတွေလို့ စွပ်စွဲပြောဆိုလာမယ် ဆိုရင်တော့ ကိုယ်ဆန့်ကျင်ငြင်းဆန်ရလိမ့်မယ်” တဲ့။

“ကိုယ့်တန်ဖိုးစံနှုန်းကိုမှ အမှန်တရား၊ ကောင်းမှုလို့ စွဲလမ်းဆုပ်ကိုင်ထားပြီး ကိုယ်နဲ့မတူတဲ့ တခြားတန်ဖိုး စံနှုန်းတွေကို အမှား၊ မကောင်းမှုလို့ သတ်မှတ်ယူဆမယ်ဆိုရင်၊ ဥပမာ မိစ္ဆာဒိဌိလို့ ပြောမယ်ဆိုရင် အဲဒါ တရားမျှတမှု မရှိတဲ့ အပြုအမူ တစ်မျိုးပဲလေ” ဆိုပြီး ရေးထားပါတယ်။

အဲဒီနောက်မှာတော့ အိုရှိုးက စကားဝိုင်းထဲ ဝင်လာပြန်ရော။ ဒါပေမဲ့ ဒဿနတွေကို အတုံးလိုက် အတစ်လိုက် ချပြဖို့အတွက် အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။ (ဇာတ်လမ်းထဲက) အိုရှိုးက ဝင်ပြောတယ်။ “ခင်ဗျားတို့ လူ့အဖွဲ့အစည်းမှာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ အစဉ်အလာ ကိုယ်ကျင့်တရား၊ လူမှုကျင့်ဝတ်၊ အတွေးအခေါ်ဟောင်းတွေရဲ့ ဆုံးမသွန်သင်မှုတွေပဲ လွှမ်းမိုးကြီးစိုး အမြစ်တွယ်နေတာ” တဲ့။  Gay Right ကို ထောက်ခံထားပြီး ပုဒ်မ-၃၇၇ ကို ဆန့်ကျင်ထားတယ်။ သိပ်အထူးအဆန်း မဟုတ်ပေမဲ့ တိုးတက်တဲ့ အမြင်လို့တော့ ပြောရမှာပေါ့။

အခန်း (၁၁) မှာတော့ ရပ်ဆဲလ် တို့ အိုရှိုးတို့ မြသန်းတင့်တို့ရဲ့ စာအုပ်တွေအပြင် ရိုမန်းဘော့ထ်စာအုပ်ကို အမှာစာ ရေးပေးထားတဲ့ မင်းခက်ရဲ တို့ မလေး တို့ရဲ့ စာအုပ်တွေထဲမှာ ဇာတ်ကောင် ရိုမန်းဘော့ထ်က စိတ်အာရုံ နှစ်မြှုပ်ထားသတဲ့။ သြော်….ရိုမန်းဘော့ထ်က အောင်ရင်ငြိမ်းရဲ့ စာအုပ် မဖတ်လို့တော်သေး။ :D


ဇာတ်လိုက်တစ်ယောက်တည်း တစ်ကိုယ်တော် ဆန္ဒပြတဲ့အခါမှာပြောတဲ့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုတည်းကပဲ တရားမျှတမှုကို ထိခိုက်စေတာ မဟုတ်ဘူး၊ တခြား ဥပဒေ အဟောင်းအနွမ်းတွေကလည်း တရားမျှတမှုကို ထိခိုက်စေတယ် ဆိုတာတော့ သဘောကျတယ်။

ဇာတ်သိမ်းလေးလည်း မဆိုးပါဘူး။

ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။  အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက် အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့  လက်ခံနိုင်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူးလို့ ထင်တယ်။

အတွေးအခေါ် တော်လှန်ရေးလို့ ပြောရအောင်ကျတော့လည်း ဒီဝတ္ထုထဲက အတွေးတွေဟာ တစ်ချို့တွေအတွက်တော့ ခုမှ အသစ်အဆန်း ဖြစ်နေနိုင်ပေမဲ့ တကယ်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ အဆိုအမိန့်တွေ များလွန်းတော့ ကိုယ်ပိုင်အယူအဆ နည်းသလိုလည်း ဖြစ်နေတယ်။ ပါတဲ့ ကိုယ်ပိုင်အယူအဆတွေကလည်း အသစ်အဆန်းတော့ မဟုတ်လှပါဘူး။ ဒါပေမဲ့လည်း ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ပုံ၊ လူအများစုရဲ့ တွေးပုံခေါ်ပုံတွေကြောင့် ဒီလောက်လေးကပဲ တော်လှန်ရေးတစ်ရပ်လိုတောင် ဖြစ်သွားရော။

ကောင်းကင်ကို (ဇွန် ၂၇၊ ၂၀၁၄)

https://www.fb.com/notes/kaung-kin-ko/note/ရိုမန်းဘော့ထ်ဖတ်ပြီးနော်က်ဆက်တွဲအတွေးများ
---------------------------------------------------x--------------------------------------------------------


Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.