ကျွန်မနာမည် အချိုမှုန့်ပါ...

Posted by Black Magic | Posted in | Posted on 1:28 PM



မင်္ဂလာပါ။ ကျွန်မ နာမည် အချိုမှုန့် လို့ ခေါ်ပါတယ်။ ဒီနာမည်ကို ဘယ်သူက စပြီး ကင်ပွန်းတပ်လိုက်တယ် ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မသိတာ ကျွန်မရဲ့ နာမည်ဟာ အချိုမှုန့်…။ ကျွန်မကို လေးစားသမှုနဲ့ မ အချိုမှုန့်၊ ဒေါ် အချိုမှုန့် ဆိုပြီး အရှေ့က မ တွေ ဒေါ် တွေ တပ်ခေါ်နေစရာလည်း မလိုပါဘူး။
ဒါလဲ ရှင်တို့ သိတဲ့အတိုင်းပဲလေ။ အခုနောက်ပိုင်းထုတ်တဲ့ နိုင်ငံကူးလက်မှတ်တွေမှာ မ တွေ ၊ ဒေါ် တွေ ဘယ်မှာ ပါတော့လို့လဲ။ ကျွန်မရဲ့ ဇာတိက ဘယ်ကလာမှန်း သေသေချာချာ မသိပါဘူး ကျွန်မမှာ မိဘတွေလည်း မရှိပါဘူး ညီအစ်ကို မောင်နှမတွေလည်း တစ်ယောက်မှ မရှိပါဘူး။ ကျွန်မ အသက်ကိုလည်း ကျွန်မ မသိပါဘူး။ ကျွန်မကို ဘယ်သူတွေက ဘယ်အချိန်တုန်းက မွေးဖွားပြီး ဘယ်လိုလုပ် ဒီ အမှုန့်လောကထဲ ရောက်လာတယ် ဆိုတာလည်း တကယ် မသိခဲ့ပါဘူး။ မွေးနေ့မသိတော့ သူများတွေလို မွေးနေ့ပွဲတွေ ဘာတွေလည်း အကြီးအကျယ် မကျင်းပနိုင်ခဲ့ပါဘူး။ ကျွန်မ တကယ်တော့ တစ်ကောင်ကြွက် (သို့မဟုတ်) တစ်ကောင်မှုန့်ပါ။ ရယ်စရာများ ကောင်းနေမလားပဲ…။


တချို့ကတော့ ပြောကြတယ်။ ကျွန်မဟာ ပလောပီနံ ဆိုတဲ့ ဥ တစ်မျိုးက ဆင်းသက်လာသတဲ့။ မဖြစ်နိုင်တာရှင်… ကျွန်မလို သေးကွေးဖြူနုတဲ့ အမှုန့်ကြည်ကြည်လေးကို အဲဒီ မြေကြီးထဲက တွန်းထိုးပြီး ထွက်လာတဲ့ ပလောပီနံဆိုတဲ့ ညိုညစ်ညစ် ၀တုတ်တုတ် ဥတစ်မျိုးနဲ့  ဘယ်လိုများ ဇွတ် အတင်း ဆက်စပ် ပတ်သက်ပစ်လိုက်ကြတာပါလိမ့်။ ကျွန်မမှာ ရယ်ချင်စိတ်တစ်ဝက်နဲ့ အော်… လူတွေ… လူတွေ… လို့သာ မကြာခဏ ရေရွတ်နေမိတာပါပဲ။ တချို့ကလည်း ပြောကြသေးတယ်။ ကျွန်မက ဂျပန်သူလေး တဲ့…။ ကျွန်မရဲ့ ဇာတိက ဂျပန်ပြည် တဲ့။ ကျွန်မ နာမည်ရင်းက အာဂျီနိုမိုတို တဲ့။ အင်း… ဒါတော့လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မက ဂျပန်မလေးတွေလိုပဲ သေသေးသွယ်သွယ်နဲ့ အသားအရည်က ကြည်စင်စင် ဖြူလွလွလေး မဟုတ်လား။ ဒီလိုဆိုတော့ ကျွန်မရဲ့ ကိုယ်ရေးရာဇ၀င်မှာ အမည် - အာဂျီနိုမိုတို၊ မွေးဖွားရာဇာတိ - ဂျပန် လို့ ဖြည့်ရမှာပေါ့နော်…။ သဘောကျစိတ်နဲ့ ကျွန်မ ပြုံးမိတယ်။ ကျွန်မကို သိပ်မနှစ်မြို့ကြသူ တချို့ကတော့ဖြင့် ဒိုက်ဦးသူ တဲ့။ ခက်လိုက်တာရှင်။ ကျွန်မကို သူတို့ပါးစပ်ထဲ ပြောချင်သလိုကို ပြောနေကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပရိတ်သတ် အများစု တွင်တွင်ကျယ်ကျယ် သိကြ ခေါ်ကြတဲ့နာမည် အချိုမှုန့် ဆိုတာကိုပဲ စွဲလမ်းနှစ်သက်ပါတယ်လေ။

တကယ်တော့လေ ဒီလို အမှုန့်ဘ၀မှာ ကျွန်မ ပျော်ပါတယ်။ ဘာလို့ဆို ကျွန်မနာမည်နောက်မှာ မှုန့် ဆိုတာ ပါတယ် မဟုတ်လား။ ကျွန်မမှာ ဆွေရင်းမျိုးချာရယ်လို့ မရှိပေမဲ့ ကျွန်မနဲ့ နာမည် နောက်ဆုံးစာလုံးချင်း တူတဲ့ အဖေါ်အပေါင်းတွေ အများကြီး ရှိတာလေ။ ကော်မှုန့် ၊ ဂျုံမှုန့် ၊ ဆန်မှုန့် ၊ ပဲမှုန့် ၊ ကောက်ညှင်းမှုန့်၊  ရွှေကြည်မှုန့် အစရှိသည်ဖြင်ပေါ့။ သူတို့အားလုံးက ကျွန်မနဲ့ မနီးမဝေးမှာ ရှိနေကြသူတွေချည်းပဲဆိုတော့ ကျွန်မလို တစ်ကောင်မှုန့်မှာ အားတက်ရပါတယ်လေ။

ဒါတွေ ထားပါ… တကယ်တမ်း ကျွန်မ ပြောချင်တာက ဒီလိုရှင့်။ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ် အလလထဲက လူတိုင်းရဲ့ရင်ထဲမှာ - အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ကျွန်မရှိနေခဲ့တာလေ။ ကျွန်မ မပါရင် ဘယ်ဟင်းခွက်မှ မပြီး၊ ဟင်းတကာဟင်းရဲ့ အရသာဟာ ကျွန်မ အပေါ်မှာပဲ မူတည်နေတာ။ အရသာ ခြောက်ပါး ဆားမပါဘိ ပျက်သိသိ ဆိုတာ ဟိုးရှေးပဝေသဏီက စကားပါ။ အမှန်ကတော့ အရသာဟာ ကျွန်မ ဆိုတဲ့ အချိုမှုန့် မပါမှ ပျက်တာ ရှင့်… သိရဲ့လား…။ ဟင်းချက် တတ်ကာစ အိမ်ရှင်မတွေရဲ့ ပျက်လုလု ဟင်းခွက်တွေမှာလည်း ကျွန်မ ပါတာပဲ။ မတတ်တတတ်နဲ့ လက်စွမ်းပြနေတဲ့ လူပျိုကြီးတွေရဲ့ ဟင်းခွက်မှာလည်း ကျွန်မ ပါတာပဲ…။ အို… ကုန်ကုန်ပြောရရင် ဘယ်ဟင်းခွက်မှာမဆို ကျွန်မ ပါတာပါပဲ…။

နောက်ပြီး ဆိုင်တကာ့ဆိုင်က အစားအစာတွေမှာလည်း ကျွန်မက အဓိကကျတာပဲ။ ရှင်တို့ပြောပြောနေကြတဲ့ နာမည်ကြီး ခေါက်ဆွဲကြော်ဆိုင်၊ နာမည်ကြီး ကြေးအိုးဆိုင်တွေဆို ကျွန်မကို ဖန်ပုလင်းအကြီးစားကြီးနဲ့ တခန်းတနား ထည့်ထားပြီး ဟင်းပွဲတွေတိုင်းမှာ ဟင်းခတ်ဇွန်း အကြီးစားနဲ့ ခပ်ထည့်ပလိုက်ကြတာရှင့်။ သူတို့ရဲ့ စီးပွားရေးဟာ ကျွန်မအပေါ်မှာ မူတည်နေတယ်လို့ကို ပြောနိုင်တာ။ သူတို့ဆိုင်က စားစရာတွေကို လူတွေက စွဲစွဲလမ်းလမ်းနဲ့ အခေါက်ခေါက် အခါခါ လာစားကြရင်း စားလို့သိပ်ကောင်းတယ် အရသာရှိလိုက်တာ…လို့ ချီးကျူးလေတိုင်း ဆိုင်ရှင်အန်တီကြီးက ကျွန်မနေတဲ့ ဖန်ပုလင်းကြီးကို လက်နဲ့ တယုတယ လာပွတ်ပေးပြီး ကျေးဇူးတင်ကြောင်းတွေ တတွတ်တွတ် ပြောသေးတာ။ ဟိုမယ်… ဆန်မှုန့် တို့ ဂျုံမှုန့်တို့ဆို ပုလင်းထဲနေရဖို့ ဝေးစွ၊ ပလတ်စတစ်အိတ် ညစ်ထပ်ထပ်ထဲကတောင် အပြင်ကို ထွက်ခွင့်ရရှာတာ မဟုတ်ဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော် တဲ့…။ ကျွန်မ အကြောင်းတွေ ဆက်ပြောနေရင် ရှင်တို့် နားညီးနေမှာ သေချာပါတယ်။

အခုများတော့ စိတ်ကို ညစ်ရရောရှင်။ ဘယ်သူက ဘယ်လိုများ စပြီး သတင်းလွှင့်လိုက်တယ် မသိပါဘူး။ ကျွန်မကိုလည်း မိုနိုဆိုဒီယမ် ဂလူတမစ် ဆိုတဲ့ ပုံတုံးတုံးနဲ့ ရှည်လျားထွေပြားတဲ့ နာမည် ပေးကြတယ်။ ပြီးတော့ ကျွန်မကို စားရင်ပဲ ချက်ချင်း ရောဂါတွေရတော့မလို၊ အသက်ဘေးပဲ ကြုံရတော့မလို အပိုတွေ ပြောပြီး ကျွန်မကို ပ ထုတ်နေကြတာ။ ဖြစ်နိုင်တာတော့ ကျွန်မကို မနာလိုဖြစ်နေတဲ့ ဟို အသားမှုန့်ဆိုတဲ့ အမှုန့်မ ပဲ ဖြစ်မယ် ထင်တယ်။ ကျန်တဲ့ ဂျုံမှုန့် ၊ ဆန်မှုန့် ၊ ပဲမှုန့် တွေကလည်း သူတို့ မျက်နှာသာ မရကြတော့ ကျွန်မကိုဆို အလိုလို မျက်မုန်းကျိုးနေကြပြီးသား။ ဟို အသားမှုန့်ကို သွေးထိုးပေးတာလည်း သူတို့ပဲ ဖြစ်မှာ ကြိမ်းသေတယ်။

ပြီးတော့ သုတေသနလုပ်တယ်ဆိုတဲ့ အဖြူရောင် ၀တ်ရုံနဲ့ လူတစ်စုက ကျွန်မကို ကြွက်တွေကို ချကျွေးပြီး စားခိုင်းသတဲ့။ ရာရာစစ… နဂိုထဲကမှ ပေတိပေတေ မြေကြီးထဲတိုးနေတဲ့ ကြွက် အစုတ်ပလုတ်တွေဟာ ကျွန်မကိုစားတော့ ရောဂါဖြစ်ကြသတဲ့။ ဆိုးကျိုးရကြသတဲ့။ မဖြစ်နိုင်တာ… ရောဂါဟာ သူတို့ကိုယ်ထဲမှာ အစထဲက ရှိနှင့်ပြီးသားပါ။

အဆိုးဆုံးကတော့ အရင်က ကျွန်မနေခဲ့တဲ့ နေရာတွေမှာ ဟို အသားမှုန့် ဆိုတဲ့ အမှုန့်မက ခေါင်းတခါခါ လည်တမော့မော့နဲ့ နေရာဝင်ယူနေတာပါပဲ။ ဘယ့်နှယ့်ရှင်… အမျိုးမသိ အဆွေမရှိ၊ ကျွန်မလိုတောင် ဂျပန်ဇာတိ ဒိုက်ဦးဇာတိ စတဲ့ ဇာတိ ဇစ်မြစ်လေး မှိန်ပြပြ မဖေါ်ပြနိုင်တဲ့ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ အဲဒီအမှုန့်မကို လူတွေက အရာပေး အရေးလုပ်နေကြတာမြင်တော့ ကျွန်မ တကယ်ကိုပဲ အသည်းနာမိပါရဲ့။ ပြောသေးတယ် သူက ကြက် က လာတာတဲ့…။ ကျွန်မဖြင့် ရယ်ချင်လိုက်တာ… ပြောပုံကိုလည်း ကြည့်အုံးလေ… အသားမှုန့်ဆိုတာ ကြက် က လာသတဲ့…။ သိပ်ရယ်စရာကောင်းတာပဲနော်…

နောက်ဆုံးကျတော့ အချိုမှုန့် ဆိုတဲ့ ကျွန်မဟာ ကောင်းကျိုးမပေး ဆိုးကျိုးကိုသာ ပေးတတ်သတဲ့။ မစားကြရင် ကောင်းမယ်တဲ့။ စာစောင်တွေ ကြော်ငြာတွေမျာဆို မမြင်ချင်မှ အဆုံး ပလူကို ပျံနေတာပဲ။ ဘာတဲ့… No MSG added တဲ့။ ခက် ခက်ရချည်ရဲ့… သူတို့ပဲ နာမည်ရှည်ကြီး ပေး… ပြီးပြန်တော့ သူတို့ပဲ နာမည်ကို အတိုချုံ့ပစ် နဲ့။ ဆိုင်တွေနဲ့ အသင့်သုံးဆောင်နိုင်တဲ့ အစားအစာတွေမှာ ကျွန်မ မပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောပြ ကြော်ငြာကြ။ ကျွန်မကို သုံးလက်စ အိမ်ရှင်မတွေကလည်း ခါးခါးသီးသီးကို ပစ်ပယ်ကြ… ပြီးတော့ ဘာမှန်းညာမှန်းမသိတဲ့ အသားမှုန့် ဆိုတာကို အစားထိုးကြ။ ကျွန်မ မပါတဲ့ အစားအစာတွေဟာ ဂုဏ်ယူ ၀ံ့ကြွားစွာ အောင်ပွဲခံကြ။ လူတွေကလည်း တစ်ခုခုစားတော့မယ်ဆို အချိုမှုန့်ပါသလား… အချိုမှုန့်ပါသလား… နဲ့ အသည်းအသန် မေးကြတာကလား…။ စားသောက်ဆိုင်တွေရဲ့ ဆိုင်းဘုတ်မှာ ကြော်ငြာမှာ အချိုမှုန့် မပါဘူး လို့ ကြော်ငြာပြီး သူတို့ရှေ့ကို ရောက်လာတဲ့ ဟင်းခွက်ထဲမှာ အချိုမှုန့် ပါ မပါ ဆိုတာ မြင်နိုင်လို့လား။ စားစရာထုတ်ပိုးထားတဲ့ အိပ်ခွံပေါ်မှာ မပါဘူး ရေးထားပြီး အထဲမှာ ပါနေတော့ရော ဘယ်သူ သိနိုင်မှာလဲရှင်။ စဉ်းစားကြည့်ကြပါအုံး…။

ပြောချင်တာကတော့ အနှစ်နှစ်အလလက သုံးစွဲလာခဲ့တဲ့ လူတွေ၊ အချိုမှုန့်စားလို့ ဒုက္ခရောက်တယ် ဆိုတာ မကြားစဖူးပါ။ အခုနောက်ပိုင်းခေတ်မှာ လူတွေ ကျန်းမာရေး ချို့ယွင်းလွယ်လာကြတာဟာ ကျွန်မ တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။ လူနေမှု စနစ်နဲ့ နေ့စဉ်ဘ၀ ဟာ အဓိက အကျဆုံးပါ။ စိတ်ထဲရှိသလို အဆီအအိမ့်တွေ စား၊ အချိန်ရှိသ၍ မလှုပ်မယှက်နဲ့ စည်းစိမ်ယစ်မူးနေပြီး ရောဂါလေးတစ်ခု ပြစရာရတော့မှ ကျွန်မနာမည်ကို ဆွဲ ဆွဲထည့်ကြတာ မတရားသဖြင့်ပါ။ ဒီတော့ သိပ်ကြီးလည်း အကဲမဆတ်ကြပါနဲ့လားရှင်။ လူကြီးတွေ ပြောနေကြတဲ့ စကားတစ်ခုလိုပေါ့… တန်ဆေး လွန်ဘေး တဲ့…။ ဘယ်အရာမဆို တန်ဆေး လွန်ဘေး လို့ သဘောထားပြီး သင့်တင့်သလို ချင့်ချိန်ပြီး သုံးစွဲ စားသောက်ဖို့ပါပဲ။ ကျွန်မ အချိုမှုန့် မှ မဟုတ်ပါဘူး… ဘယ်အရာမဆိုပါ။ များလာရင် ဒုက္ခပေးတတ်ကြတာချည်းပါပဲ။

ဒါကိုမှ မဟုတ်ဘူး… လုံးဝ ရှောင်မယ် ရှားမယ်၊ ကျွန်မကို စားရင် ရောဂါရတာ သေချာတယ်လို့ လှေနံဓါးထစ် မှတ်ထားရင်တော့လည်း ရပါတယ်။ လုပ်ကြပါ… ရှင်တို့က ရဲတွေပဲ…။ အဲလိုဆိုရင် နေ့စဉ်နေ့တိုင်း ကိုယ့်အိမ်မှာ ကိုယ့်ဟာကိုယ် စိတ်တိုင်းကျ ချက်ပြုတ် ပြင်ဆင်ပြီးသာ စားကြပါတော့။ အပြင်စာတွေမှာ ကျွန်မ မပါတာ မရှိသလောက်ပဲ၊ အနည်းနဲ့ အများတော့ ကျွန်မ ပါနေတုန်းပဲ ဆိုတာ တိုးတိုး ထပ်ပြောလိုက်ပါရစေ။ ဒါ ရှင်တို့ အတွက် စေတနာရှိလွန်းလို့ ပြောပြရတာနော်…။ ပြောရတာ မောလိုက်တာရှင်… နားအုံးမယ်…။

ဟုတ်ကဲ့… မှတ်ထားပါနော်… ကျွန်မ နာမည် အချိုမှုန့် လို့ ခေါ်ပါတယ်။

သက်ဝေ
(၂၁ မတ် ၂၀၁၄)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Powered By:

Black Magic © 2013 - All Rights Reserved.